ကျွန်တော်သည် အလုပ်ပိုင်ရှင်တစ်ယောက်အနေနှင့် မနေဘဲ Humanitarianism ကို ကျင့်သုံးသူဖြစ်ပါသည်။ ယခုဝန်ထမ်းအသစ်နှင့် အဟောင်းအား Salery သတ်မှတ်ဖို့ ခက်နေပါသဖြင့် ဖြေရှင်းပေးပါရန်။ ။
အမှန်တော့ မေးခွန်းရှင်ရဲ့အမေးက A-4 စာရွက်တစ်ရွက်ရဲ့တစ်ဝက်နီးပါးရှိနေလို့ ဆရာကပဲ မေးခွန်းရှင်ရဲ့ အမေးကို လိုရင်းအဓိပ္ပာယ်မပျောက်စေဘဲ ချုံ့ပေးလိုက်ပါတယ်။
ပထမဦးစွာ မေးခွန်းရှင်ဟာ Humanitarianism ကို ကျင့်သုံးတယ်ဆိုတာသိရလို့ ဆရာချီးကျူးပါတယ်။ လုပ်ငန်းပိုင်ရှင်၊ ဒါမှမဟုတ် အကြီးအကဲတစ်ဦးအနေနဲ့ ဒီစနစ်ကိုကျင့်သုံးရင် ဘယ်တော့မှကျရှုံးမှာ မဟုတ်ဘူး။ အောင်မြင်မှုအမြဲထာဝရရနေမယ်ဆိုတာ ဆရာ့အတွေ့အကြုံအရ ခိုင်ခိုင်မာမာဆိုပါရစေ။
နောက်တစ်ချက် ချီးကျူးချင်တာက ဝန်ထမ်းအသစ်နဲ့အဟောင်း လစာပေးတဲ့အခါ မညီမမျှ မတရားဖြစ်မှာစိုးလို့ စိုးရိမ်မှုဖြစ်နေရတာကို ဝန်ထမ်းတွေအပေါ် ငဲ့ညှာတတ်တဲ့ စိတ်သဘောထားကောင်းမှုကိုလည်း ဆရာ လေးစားပါတယ်။ ဒီလိုမေးခွန်းရှင်ရဲ့။ အစကတည်းက ကိုယ့်ကုမ္ပဏီမှာ လစာပေးရေးပေါ်လစီ(မူဝါဒ)၊ Salary Policy ဆိုတာ ရေးဆွဲအတည်ပြုပြီး ဝန်ထမ်းတွေရဲ့လက်စွဲစာအုပ် (Employees' Handbook) ထဲမှာ ဖော်ပြထားရပါမယ်။ ဒီပေါ်လစီနဲ့ ဒီစာအုပ်ကို HR နဲ့ Admin ဌာနကို ညှိနှိုင်းရေးဆွဲထားရပါတယ်။ ကောင်းတဲ့အောင်မြင်နေတဲ့ ကုမ္ပဏီတွေက နမူနာယူပြီး Adaptation လုပ်ထားလို့ ရပါတယ်။
အခုဖြစ်နေတဲ့ကိစ္စကိုတော့ ပေါ်လစီမဆွဲရသေးရင် အဟောင်းတွေကိုလည်း နားလည်အောင်ပြောပြပါ။ အသစ်တွေကိုလည်း သဘောပေါက်အောင်ရှင်းပြပြီး လစာသတ်မှတ်ပေးလိုက်ပါ။ Humanitarianism စိတ်ဓာတ်ရှိတဲ့မေးခွန်းရှင်ကို အားလုံးကကျေနပ်ကြမှာပါ။ ဆရာ ယုံကြည်ပါတယ်။