လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ Marketing Manager ကောင်းတစ်ယောက်ကို ဘယ်လိုရွေးချယ် ခန့်အပ်သင့်ပါသလဲ . . .

marketingmanager1

Nature of Job ကိုကြည့်ရပါမယ်။ ကုမ္ပဏီအနေနဲ့ ကိုယ်လုပ်တဲ့အလုပ်ကို သေချာသိရမယ်။ ပြီးတော့ လိုတဲ့လူတွေကိုသိရမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တွေ့ရတဲ့ ကုမ္ပဏီတော်တော်များများက ဝန်ထမ်းခန့်တဲ့ပုံစံ အမှားကိုလည်း ပြောပြချင်ပါတယ်။ ကုမ္ပဏီအများစုမှာ ကုမ္ပဏီထောင်ပြီဆိုတာနဲ့ Chairman ထားတယ်၊ GM ထားတယ်၊ ပြီးတော့ Sales Manager ၊ Marketing Manager ဆိုပြီး ထားကြတယ်။ ပြီးတော့မှ အောက်ကနေ Sales Team တွေကို ထည့်တယ်။

တကယ်တမ်းဖြစ်ရမှာက ပစ္စည်းတစ်ခုရောင်းဖို့ ကုမ္ပဏီတစ်ခုထောင်တယ်ဆိုပါစို့။ ဒီတော့ ကိုယ်ဘာရောင်းမှာလဲ၊ ဘယ်သူတွေကိုရောင်းမှာလဲ၊ ဘယ်လိုရောင်းမှာလဲဆိုတာတွေကို အရင်စဉ်းစားရမယ်။ ဥပမာ- ဘီစကွတ်မုန့်ရောင်းမယ်ဆိုပါစို့။ ဆိုင်ပေါ်တင်ရောင်းမယ်ဆိုရင် ဈေးကွက်ထဲက ဘီစကွတ်ရောင်းတဲ့ ဆိုင်အရေအတွက်ကိုသိရမယ်။ ပြီးတော့ ဒီဆိုင်တွေမှာ လာဝယ်တဲ့စားသုံးသူ Volume ကိုသိရမယ်။ ဘာလို့ လာဝယ်သလဲဆိုတဲ့ အကြောင်းရင်းကိုသိရမယ်။ နောက်ဆုံး ကိုယ့် Competitor ကိုသိရမယ်။

ဘီစကွတ်ရောင်းတဲ့ဆိုင်က မြန်မာနိုင်ငံမှာ ဆိုင်ပေါင်းတစ်သိန်းရှိတယ်ဆိုပါစို့။ Sales ဘက်ကပဲ အရင်ပြောရရင် ဆိုင်တစ်သိန်းကို ကိုယ့်ပစ္စည်းလိုက်စပ်ဖို့၊ ဖြန့်ချိရေးလုပ်ဖို့ဆိုရင် လူဘယ်နှယောက်လိုမလဲ စစဉ်းစားရမယ်။ ဒီတော့ လူတစ်ယောက်က တစ်နေ့ ဆိုင်ဘယ်နှဆိုင်ရောက်မလဲဆိုတာ စဉ်းစားရမယ်။ လူတစ်ယောက်က တကယ်တမ်း ထိထိရောက်ရောက်သွားရင် တစ်ရက်မှာ ဆိုင် ၂၀ က နေ ၃၀ ကြားပဲ သွားနိုင်မယ်။ ဒီတော့ ဆိုင်တစ်သိန်းသွားမယ်ဆိုရင် ဝန်ထမ်းဘယ်လောက်လိုမလဲ စဉ်းစားရမယ်။ ဒီအချိန်မှာ ကိုယ့်ပစ္စည်းရဲ့သက်တမ်းကို ပြန်စဉ်းစားရမယ်။ တစ်ပတ်တစ်ခေါက် သွားလဲရမှာလား၊ နှစ်ပတ်တစ်ခေါက် သွားလဲရမှာလား စဉ်းစားရမယ်။ ဒါတွေအပေါ်အခြေခံပြီး Salesman တွေရှိလာမယ်။ အဲဒီအပေါ်မှာမှ သူတို့ကို အုပ်ချုပ်ဖို့ Supervisors ဘယ်နှယောက်လိုမလဲ တွက်ပြီးခန့်ရမယ်။ Supervisors ဘယ်နှယောက်မှာ Manager ဘယ်လောက်လိုမလဲဆိုတာ တွက်ရမယ်။  ဒီလိုပုံစံ ဆင့်ကဲဆင့်ကဲ သွားသင့်ပါတယ်။ ဒါကို Consumer Journey Mapping လို့ခေါ်ပါတယ်။ ဒီလို Strategy မျိုးကို မဖြစ်မနေ ချမှတ်ရမှာဖြစ်ပါတယ်။ Marketing ပိုင်းကို ပြောရမယ်ဆိုရင် Marketing က Needs and Want ကို တာဝန်ယူတာပေါ့။ ကုန်ပစ္စည်းရဲ့ Target Consumer က ဘယ်သူတွေလဲ။ ဒီ Consumer တွေကို ဘာလုပ်ပေးရမလဲဆိုတာရှိမယ်။ ပြီးရင် ကိုယ့်မှာရှိတဲ့ Budget ပေါ် မူတည်ပြီး Marketing ကို Above The Line (ATL) ဝင်မှာလား၊ Below the Line (BTL) ဝင်မှာလားဆိုတာ စဉ်းစားရမယ်။ အခုဆိုရင် Digital Marketing လည်း လာပြီ။ ဘယ်အရာက အထိရောက်ဆုံးနဲ့ ဈေးအသက်သာဆုံး ဖြစ်မလဲဆိုတာတွေကို အရင်ဆုံးစဉ်းစားပြီးမှ ဘယ်လိုလူမျိုးကို Marketing Manager ခန့်မလဲဆိုတာ စဉ်းစားရပါမယ်။

အဲဒီမှာ မှားတတ်တာက နိုင်ငံခြားကုမ္ပဏီတွေမှာလုပ်ဖူးတဲ့ အတွေ့အကြုံအများကြီးရှိတဲ့ Marketing Manager ကို ခန့်လိုက်တယ်။ တကယ်တမ်း ကုမ္ပဏီက ဒါမျိုးလိုအပ်တာ မဟုတ်ဘူး။ အင်္ဂလိပ်စာတွေ တအားကောင်းတဲ့သူကို ခန့်လိုက်ပေမယ့် ကိုယ့် Client ထဲမှာ အင်္ဂလိပ်လိုပြောရမယ့်သူ မရှိရင်လည်းအလကားပဲ။ လှတဲ့ချောတဲ့ သူရွေးရမယ်ဆိုတာလည်း တကယ်တမ်းမှာ မလိုအပ်ပါဘူး။ အလုပ်အနေနဲ့ကြည့်ရင် Marketing ထဲမှာလည်း Strategic Marketing Specialize ၊ Brand and Communication Marketing Specialize ၊ Trade Marketing Specialize ၊ Retail Marketing Specialize ၊ Research Marketing Specialize ဆိုပြီး အများကြီးရှိတယ်။ ဒါကြောင့် Marketing Manger အနေနဲ့ ခန့်မယ်ဆိုရင် ကိုယ့်လုပ်ငန်းလိုအပ်ချက်ကို အရင်ဆုံးကြည့်ပြီး စဉ်းစားရပါမယ်။

အခုဆိုရင်တော့ နိုင်ငံတကာကုမ္ပဏီတွေလည်း ဝင်လာတဲ့အခါ သူတို့ကစနစ်တကျ အစီအစဉ် ချထားပြီးသားဖြစ်တယ်။ ဒါကြောင့် Marketing Manger တွေဟာ ဖြစ်ပေါ်လာတဲ့ ဈေးကွက်အနေအထားနဲ့ ဖြစ်ပေါ်လာတဲ့ Challenge အရ အရင်ကသိသင့်တာထက် ပိုပြီးသိရတော့မယ်။ အရင်တုန်းက Marketing Manger ဟာ Event Management နဲ့ Sponsorship လောက်ကျွမ်းရင် တော်တော်အဆင်ပြေပါတယ်။ အခုဆိုရင်တော့ Marketing Manager က Brand ကို တည်ဆောက်နိုင်ရမယ်။ Brand Architecture ကို ဆွဲကိုဆွဲတတ်ရမယ်။ နောက်ပြီး Promotion ဆိုရင်လည်း Planning ကောင်းကောင်းချတတ်ဖို့လိုပါတယ်။

ဒါကြောင့် အချုပ်အနေနဲ့ပြောရမယ်ဆိုရင် Marketing Manager ခန့်တဲ့အခါမှာ နံပါတ်တစ်အနေနဲ့ ဘယ်လိုလူမျိုးကို ခန့်မှာလဲ။ သူ့ကိုဘယ်လိုတာဝန်တွေ ပေးမှာလဲဆိုတာ စဉ်းစားရမယ်။ ဒုတိယတစ်ချက်က သူလုပ်ရမယ့်အလုပ်က တစ်ရက်ရှစ်နာရီစာ ရှိလားဆိုတာကြည့်ပါ။ နောက်ပြီး Marketing နဲ့ Sales က လုံးလုံးလျားလျား ကွဲပြားတာကိုလည်း သိထားရမယ်။ တချို့ကုမ္ပဏီမှာတွေ့ရတာက Marketing လို့ ပြောပြီး Sales အလုပ်တွေခိုင်းတာတွေ့ရသလို တချို့မှာတော့ Head of Marketing ခန့်ထားပြီး သူ့အောက်မှာ Saleman တွေရှိနေတာကို တွေ့ရတယ်။ Marketing Manager တစ်ယောက်ရဲ့ Soft Skill တွေကို အတိုချုပ်ပြောရမယ်ဆိုရင်တော့ Creativity ရှိရမယ်။ Innovative ဖြစ်ရမယ်။ Business Concept ကို နားလည်ရမယ်။ Product Concept နားလည်ရမယ်။ Consumer နဲ့ Research ကို နားလည်တဲ့သူဆိုရင်တော့ ပိုသင့်တော်ပါတယ်။

ဦးမြင့်ဇော် - CEO , Ground Solution Co Ltd