ထိုင်းနိုင်ငံ Krabi ပြည်နယ်က ဈေးတွေထဲမှာ ရောင်းချနေတဲ့ ငါးပိတွေဟာ ကျန်းမာရေးနဲ့မညီညွှတ်တာကို ပြည်နယ်ကျန်းမာရေးဌာနက စစ်ဆေးတွေ့ရှိပြီးတဲ့နောက်မှာ ငါးပိထုတ်လုပ်သူတွေကို ဈေးကွက်ထဲကနေ သူတို့ပစ္စည်းတွေကို ပြန်လည်သိမ်းယူခိုင်းတဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ပြည်နယ်ကျန်းမာရေးဌာနက ဒေါက်တာ Panut Sophonpong က ပြောပြခဲ့တာပါ။ ဈေးကွက်ထဲ လက်တွေ့စမ်းသပ်ပြီးတဲ့နောက်မှာ ငါးပိခုနစ်မျိုးလောက်က ဆိုးဆေးတွေပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ သူတို့က ပြည်တွင်းဈေးကွက်ထဲက ငါးပိနမူနာတွေကို Sura Thani ပြည်နယ်က ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ကြတာဖြစ်ပြီး စုစုပေါင်းငါးပိနမူနာဘယ်နှခုကို စမ်းသပ်ခဲ့တယ်ဆိုတာကိုတော့ မပြောပြပါဘူး။ အရောင်ဆိုးထားတဲ့ စားသောက်ကုန်ပစ္စည်းတွေက လူတွေရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်တယ်လို့ ဒေါက်တာ Panut က ပြောပါတယ်။
ဆိုးဆေးပါဝင်တယ်ဆိုတဲ့ ငါးပိတွေရဲ့တံဆိပ်တွေကတော့ Chok Nittya Krabi ကထုတ်တဲ့ Kapi Ku Krau (ပုလင်း၊ အထုပ်) Kapi Nittaya (ပုလင်း၊ အထုပ်) တို့အပြင် Kapi Namprik Jasea (ပုလင်း) နဲ့ Kapi Ku Krau Jaad (ပုလင်း) တို့ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတွေ့ရတဲ့ One Tambon One Product (Otop) ငါးပိလေးမျိုးကလည်း ဒီလိုအရောင်ဆိုးထားတာကို တွေ့ရတယ်လို့ ဒေါက်တာ Panut က ပြောပါတယ်။ Kapi Nittaya ထုတ်ကုန်တွေက ၂၀၁၀ခုနှစ်အတွက် Otop က ရွေးချယ်ထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အရင်အစိုးရရဲ့ Otop စည်းမျဉ်းတွေအရ ကျေးလက်ထုတ်ကုန်တွေဟာလည်း မြို့ပြနဲ့နိုင်ငံခြားဈေးကွက်ကို တင်ပို့ရောင်းချခွင့်ရှိပါတယ်။
ဒေါက်တာ Panut က ငါးပိထုတ်လုပ်သူတွေကို သူတို့ထုတ်ကုန်တွေမှာ ဆိုးဆေးတွေဆက်လက်မသုံးစွဲဖို့နဲ့ တရားရေးအရ အရေးယူခံရနိုင်ကြောင်းကို သတိပေးခဲ့ပြီး ငါးပိထဲမှာ အရောင်ဆိုးဆေးတွေ သုံးစွဲခွင့်မပြုထားဘူးဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။ အစားအသောက်ထုတ်ကုန်တွေထဲမှာ အန္တရာယ်ဖြစ်စေတဲ့အရာတွေကို ထည့်သွင်းပြုလုပ်တဲ့ ထုတ်လုပ်သူတွေနဲ့ အဲဒီပစ္စည်းတွေကို ရောင်းချသူတွေဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၂၀,၀၀၀ သို့မဟုတ် နှစ်ရပ်စလုံးကို ကျသင့်ခံရနိုင်တာဖြစ်ပါတယ်။ ဒေါက်တာ Panut က ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဒီလိုအန္တရာယ်ရှိတဲ့ထုတ်ကုန်တွေကို အထောက်အထားရှာဖွေစစ်ဆေးလျက်ရှိပြီး ဖောက်ဖျက်သူတွေကို တရားရေးအရစီရင်သွားဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
Ref : BKK Post