နိုင်ငံတကာ ကုန်ပစ္စည်းထုတ်ထုတ်ပိုးရေးဆိုင်ရာ လုပ်ငန်းတွေအတွက် Propak Myanmar 2016 ၊ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းတွေအတွက် Manufacturing Myanmar 2016 ကုန်စည်ပြပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်က ၂၄ ရက်ထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပွဲကို Singapore Exhibition Services ကုမ္ပဏီက တတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပေမဲ့ Propak နဲ့ Manufacturing Myanmar နှစ်ပွဲပေါင်းကိုတော့ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ ပွဲကိုပူးပေါင်းကျင်းပတဲ့ ကုမ္ပဏီဖြစ်တဲ့ Myanmar Trade Fair Management ရဲ့ General Manager ဖြစ်သူ Fraser Hawkes က ပြောကြားခဲ့ပါတယ်။
ပွဲမှာ စင်္ကာပူ၊ ထိုင်ဝမ်၊ တရုတ်၊ အီတလီ၊ ထိုင်း အစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက ကုမ္ပဏီပေါင်း ၂၁၁ နဲ့ မြန်မာကုမ္ပဏီတွေ ပါဝင်ပြသခဲ့ကြပါတယ်။
Propak Myanmar ဟာ ကုန်ပစ္စည်းတွေကို အရည်အသွေးမြင့် ထုတ်ပိုးနိုင်စေမယ့် နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို ပံ့ပိုးပြသပေးခဲ့ပြီး Manufacturing Myanmar ကတော့ မြင့်မားတဲ့ ကုန်ထုတ်စွမ်းရည်ရရှိစေဖို့အတွက် စက်ပစ္စည်းတွေ၊ နည်းပညာတွေကို ပံ့ပိုးပြသပေးခဲ့ပါတယ်။