၂၀၃၀ ပြည့်နှစ်ကျရင် ကမ္ဘာ့အချမ်းသာဆုံးနှင့် ပမာဏအများဆုံးလူတွေဘယ်မှာရှိမလဲ

Baby Boomers ခေါ် ဒု-ကမ္ဘာစစ်ပြီးခေတ် မွေးဖွားခဲ့သူတွေဟာ အမေရိကန်နိုင်ငံတွင်းမှာ အဓိကကျတဲ့လေ့လာမှုအညွှန်းကိန်းမဟုတ်တော့ပါဘူး။ သူတို့ဟာ သူတို့မိဘ၊ ဘိုးဘွားတွေထက် သူတို့ရဲ့ကျန်းမာရေးနဲ့တက်ကြွလှုပ်ရှားတဲ့ ဘဝနေမှုဟန်တွေကို ပိုပြီးဂရုစိုက်ကြကြောင်း လူတိုင်းသိပြီးသားဖြစ်ပါတယ်။ အမေရိကန်မှာချမ်းသာသူဦးရေရဲ့ ၈၂ ရာခိုင်နှုန်းဟာ သူတို့တွေဖြစ်ပါတယ်။

ဇရာကိုဆန့်ကျင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ကုန်ပစ္စည်းတွေအပေါ် သူတို့ကအဓိကလွှမ်းမိုးထားကြပါတယ်။ အဲဒီဈေးကွက်ဟာ ယခုအခါ ဒေါ်လာငွေတစ်ထရီလီယံကျော်တန်ဖိုးရှိပါတယ်။ သက်ကြီးပိုင်းစားသုံးသူတွေဟာ အသက်ရှည်ပြီး ပိုကောင်းမွန်စွာနေထိုင်ရေးကို စိတ်ဝင်စားရုံမကဘဲ သူတို့ရည်မှန်းချက်ပြည့်ဝဖို့အတွက် ငွေသုံးဖို့လည်း စိတ်ပါကြပါတယ်။

ဒု-ကမ္ဘာစစ်ပြီး ခေတ်မွေးသူဦးရေဟာအမေရိကန်နိုင်ငံမှာ (၇၁)သန်းရှိပြီး တစ်ဖြည်းဖြည်း လျော့ကျလာလျက်ရှိစဉ် နောက်ဆယ်နှစ်အတွင်း သိသာစွာတိုးပွားလာတဲ့ သက်ကြီးပိုင်းလူဦးရေရှိမယ့် ဒေသတစ်ခုကို စွန့်ဦးထွင်သူတွေနဲ့ ဈေးကွက်ရှာသူတွေ အာရုံစိုက်သင့်ပါတယ်။ အဲဒါကတော့ အာရှတိုက်ဖြစ်ပါတယ်။ အာရှတိုက်ဟာ ဥရောပရဲ့ အရှေ့ဘက်ပိစိဖိတ်သမုဒ္ဒရာရဲ့ နောက်ဘက်နဲ့ အိန္ဒိယသမုဒ္ဒရာရဲ့မြောက်ဘက်တို့မှာတည်ရှိပါတယ်။

အာရှတိုက်မှာနိုင်ငံပေါင်း ၄၈ နိုင်ငံကျော်ရှိပြီး တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့လို ဝင်ငွေများတဲ့ ဒါမှမဟုတ် အရှိန်မြန်စွာတိုးပွားလျက်ရှိတဲ့သက်ကြီးပိုင်းတွေရှိရာနိုင်ငံတွေကို အထူးအာရုံစိုက်သင့်ပါတယ်။

အဲဒီနိုင်ငံတွေမှာ လူတွေဟာအိုမင်းလာကြတယ်။ ပိုချမ်းသာလာတယ်။ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်နဲ့အခွင့်အလမ်းတွေမှာ နည်းပညာအသစ်တွေ သုံးရမယ်။ ပြည်သူပိုင်စီးပွားရေးကဏ္ဍအသုံးစရိတ်တွေအပေါ် ဖိအားပေးမှုပိုများလာမယ်။ နာတာရှည်ရောဂါဖြင့် နေထိုင်ရမယ့်လူဦးရေပိုများလာမယ်။ အဲဒီလို အလားအလာတွေ ပေါင်းစပ်မှုကြောင့် စက်မှုလုပ်ငန်းကဏ္ဍအများအပြားဟာ ယခုထက်အနာဂတ်မှာ ပိုကြီးမားလာလိမ့်မယ်။ ၂၀၃၀ ပြည့်လွန်နှစ်တွေအတွင်းမှာ အသက် ၆၅ နှစ်အထက် ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းခန့် အာရှမှာ ရှိလိမ့်မယ်။ အဲဒါဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးနဲ့အများဆုံး တိုးပွားလာမဲ့ဈေးကွက်ဖြစ်ကြောင်း သုတေသနပြုချက်အရသိရပါတယ်။ အဲဒီ လူဦးရေဟာ ၂၀၁၇ ခုနှစ်မှာ ၃၆၅ သန်းရှိရာမှ ၂၀၂၇ ခုနှစ်ကျရင် သန်း ၅၂၀ ရှိလာမှာပါ။

သင်ဟာ အမေရိကန်နိုင်ငံရှိ ဒုကမ္ဘာစစ်ပြီးခေတ်မွေးတဲ့ လူတွေအတွက် ဝန်ဆောင်မှုပေးနေသူဖြစ်ခဲ့ရင် အာရှမှာ ဘယ်လိုနေရာမှာ စီးပွားရေးလုပ်မယ်ဆိုတာ စဉ်းစားဖို့လိုပါတယ်။

အခုကတည်းက အသက် ၆၅ နှစ်အထက်ဦးရေဟာ အမေရိကန်နဲ့ကနေဒါတို့ထက် အာရှမှာပိုများနေပါပြီ။ ၂၁ ရာစုအလယ်ပိုင်းလောက်ဆို အဲဒီလူဦးရေဟာတစ်ဘီလီယံကျော်မယ်။ ၂၀၄၂ မှာ အာရှမှာ ၆၅ နှစ် အထက်လူဦးရေက ဥရောပနဲ့မြောက်အမေရိကတိုက်နှစ်ခုပေါင်းထက် ပိုများမယ်။

အဲဒါဟာ နောက် ၂၅ နှစ်အကြာမှာဖြစ်လိမ့်မယ်။ ဂျပန်ပြည်သူတွေ အိုမင်းလာလို့ ဝန်ဆောင်မှုတွေ ပိုလိုအပ်ကြမယ်။ ဒီဒေသတွေက ဇရာပိုင်းလူဦးရေအပေါ်ကြီးမားတဲ့ အလားအလာတွေအပေါ် ဖြစ်နိုင်ခြေရှိတဲ့ သက် ရောက်မှုနဲ့ ကုန်စည်သစ်နဲ့ဝန်ဆောင်မှုအသစ်တွေအတွက် ဖြည့်ဆည်းမဲ့အခွင့်အလမ်းတွေကို သုံးသပ်ကြည့်ကြရအောင်။

- လာမဲ့ဆယ်စုနှစ်နဲ့ နောက်ပိုင်းနှစ်တွေကျရင် အာရှတစ်လွှားမှာ ကျန်းမာရေးနဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ မှိုလိုပေါက်လာတာမြင်ရမယ်။ ဒီစီးပွားရေးအခွင့်အလမ်းတွေဟာ တိုးပွားလာတဲ့ အသက်ရှည်ခွင့်မြင့်တက်လာတဲ့ ဆေးကုသစရိတ်နဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အသုံးစရိတ်စိစစ်ချွေတာမှုစတဲ့ အလားအလာတွေ ထိပ်တိုက်တွေ့မှုရဲ့ကြားမှာ ရောက်နေလိမ့်မယ်။

- ပြည်သူပိုင် စီးပွားရေးကဏ္ဍဘတ်ဂျက်တွေဟာ အချိန်ကြာလာတာနဲ့အမျတိုးလာတဲ့ဖိအားတွေကို ခံစားရပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍအဖြစ် ပြောင်းလဲလာမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို ဖန်တီး ပေးလိမ့်မယ်။

- အာရှသားတွေဟာ အသက်ပိုကြီးလာပြီး ပိုချမ်းသာလာကြလိမ့်မယ်။ အဲဒါကြောင့် ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေ တိုးပွားလာမယ့် နည်းပညာက နေရာထိုင်ခင်းတွေ၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစတာတွေအတွက် တိုးတက်မှုတွေ တိုးပွားလာအောင် လုပ်ပေးလိမ့်မယ်။

- ကံဆိုးချင်တော့ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ နှလုံးရောဂါနဲ့ ကြွက်သား (သို့) အရေပြားနဲ့သက်ဆိုင်တဲ့ရောဂါ တွေလို နာတာရှည်ရောဂါတွေ ဖြစ်ပွားမှုကမ္ဘာကြီးမှာ တိုးလာမယ်။ အသက်ကြီးလာပြီး အဝလွန်ရောဂါက ကိုယ်အလေးချိန်တိုးလာစေမှုကြောင့် အာရှမှာ ဆီး ချိုရောဂါသည်တွေလည်း ပိုများလာဖွယ်ရှိပါတယ်။ အာရှတိုက်သားတွေ အသက်ပိုရှည်လာတာနဲ့အမျ အသက်အန္တရာယ်မရှိပေမဲ့လည်း ပိုပြီးဂရုစိုက်ဖို့ လိုအပ်တဲ့ ရောဂါဘယတွေနဲ့ ယှဉ်တွဲနေထိုင်ကြရသူ တွေ ပိုများလာလိမ့်မယ်။

သက်ကြီးပိုင်းတွေကိုထောက်ပံ့မဲ့ စီးပွားရေးအခွင့်အလမ်းတွေဟာ စီးပွားရေးကျဆင်းမှုပြဿနာကို ပိုပြီးခံနိုင်ရည်ရှိလိမ့်မယ်။ သင်စီးပွားရေးကျပ်တည်းတဲ့ အခါ သင်ဟာ စားသောက်ဆိုင်သွားစားခြင်း၊ အဝတ်အစားအသစ်ဝယ်ခြင်းပြုမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်ခါးနာတာ၊ လက်ကောက်ဝတ်ကိုက်ခဲတာ၊ သွေးတိုးတာကိုတော့ မကုဘဲနေမှာမဟုတ်ပါဘူး။ အသက်ပိုကြီးလာမဲ့ ဒီလူတွေဟာ ပိုပြီးကောင်းမွန်စွာ အသက်ရှည်စွာနေချင် ကြပြီး သူတို့ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ နည်းလမ်းတွေ ရှိလိမ့်မယ်ဆိုတာ မှတ်ထားစေချင်ပါတယ်။

အမေရိကန်နိုင်ငံရှိ စစ်ပြီးခေတ်မွေးဖွားသူတွေအတွက် ရည်ရွယ်ပြီး သင်ကုန်ထုတ်လုပ်၊ ဒါမှမဟုတ် ဝန်ဆောင်မှုပေးနေတယ်ဆိုရင် အာရှဈေးကွက်ဝင်ဖို့ နည်းဗျူဟာကျတဲ့ စီမံကိန်းတစ်ခုကို သင်စတင်ရေးဆွဲချင် ပါလိမ့်မယ်။ သက်ကြီးပိုင်းလူဦးရေ မကြာခင်တိုးပွားလာမှုကြောင့် အာရှတိုက်သားတွေရဲ့ ငွေသုံးစွဲမှုအကျင့်တွေဟာ ကြီးမားစွာပြောင်းလဲမှုဖြစ်လာပြီး စီးပွားရေးလုပ်ငန်းအခွင့် အလမ်းသစ်တွေ အတော်များများ ပေါ်လာမှာဖြစ်ပါတယ်။

Ref: Forbes

ဟိဏ်းကိုကို

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း