ရှေ့တန်းဟာ နောက်တန်းနဲ့ အတူတူပါပဲ

[caption id="attachment_25952" align="alignnone" width="370"]Julia Cleverdon
CEO
Business in the Community[/caption]

ကျွန်မပထမဆုံးအလုပ်လုပ်တဲ့နေရာကတော့ British Leyland's Swindon စက်ပစ္စည်းတပ်ဆင်ရေး ကုမ္ပဏီမှာဖြစ်ပြီး အဲဒီကတည်းက နားလည်ရတာက ရှေ့တန်းကလူတွေနဲ့ နောက်တန်းကလူတွေ အရေးပါတာ အတူတူပါပဲဆိုတာကိုပါ။ ရှေ့တန်းကလူတွေ နားလည်ထားတဲ့ စိန်ခေါ်မှု၊ တိကျမှု၊ ထိရောက်မှု၊ ညှိနှိုင်းရမှု၊ ကတိပေးထားတဲ့အတိုင်း သတ်မှတ်ထားတဲ့အချိန်မှာ ထုတ်ရမယ့်ပစ္စည်းတွေကို ထုတ်ပေးမှု စတာတွေဟာ အရေးပါဆုံးလို့ ဆိုလို့မရသလို ကျွန်မရဲ့ ဝန်ထမ်းသက်နဲ့ ကုမ္ပဏီတွေမှာ လုပ်ခဲ့တဲ့အတွေ့အကြုံတွေအရ ရှေ့တန်းနဲ့ နောက်တန်း အတူတူပဲဆိုတာပါ။

ဝန်ထမ်း ၂၇,၀၀၀ ကျော်ရှိပြီး အလုပ်သမားသမဂ္ဂ ၃၂ ခုပါတဲ့ Swindon ကားတပ်ဆင်ရေးစက်ရုံမှာ ဝန်ထမ်းရေးရာ ဆက်ဆံရေးအရာရှိငယ်အနေနဲ့ အလုပ်စလုပ်တဲ့ ကျွန်မဟာ တကယ်တော့ ရာထူးအငယ်ဆုံး ဝန်ထမ်းတစ်ယောက်ပါပဲ။ ပြောရရင်တော့ ကျွန်မထက် ရာထူးငယ်တာဆိုလို့ အဲဒီဌာနမှာရှိတဲ့ ကြောင်ပဲရှိတာ။

လုပ်ရတဲ့အလုပ်တွေက မနက်ဆို ဌာနအသီးသီးက ပို့လာတဲ့အမှာစာတွေ၊ ညှိနှိုင်းရမယ့် အမှာလွှာတွေကို အစည်းအဝေးခန်းတွေဆီ အရောက်ပို့ပေးရတယ်။ နေ့လယ်ဘက်ရောက်ရင် ဝန်ထမ်းအားလုံးရဲ့ အချိန်မှတ်တမ်း ဇယားကတ်ပြားတွေ ရိုက်ပေးရတယ်။ အဲဒီကတ်တွေ ရိုက်ရတဲ့ခြောက်လလောက်မှာ နားလည်လာတာက ဝန်ထမ်းအချို့ဟာ ဖျားနာခွင့်ကို အခွင့်အရေးအဖြစ် အသုံးချပြီး ခွင့်ပျက်ကြတယ်။ တချို့ကိစ္စတွေမှာဆိုရင် အဲဒီဌာနစိတ်က ခေါင်းဆောင်မန်နေဂျာတွေက သိသိကြီးနဲ့ ဒီအတိုင်း ကြည့်နေကြတယ်။ နားလည်လာရတာက ရှေ့တန်းကလူတွေရဲ့ သမာဓိနဲ့ဂုဏ်သိက္ခာဟာ အဖွဲ့အစည်းအတွက် အရေးပါတယ်ဆိုတာပါပဲ။ တကယ်တော့ အဖွဲ့အစည်းတိုင်းမှာ ရှေ့တန်းက ဝန်ထမ်းဖြစ်ဖြစ် နောက်တန်းက ဝန်ထမ်းဖြစ်ဖြစ် အားလုံးအရေးပါတာ အတူတူပဲဆိုတာပါပဲ။

တကယ်လို့ အဖွဲ့အစည်းရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဦးက ''အဖွဲ့အစည်းတစ်ခုရဲ့လားရာဟာ ထိပ်ဆုံးက  တာဝန်ယူတဲ့သူရဲ့ တာဝန်ပါ'' လို့ ပြောရင် ကျွန်မ အမြဲစဉ်းစားမိတာက ''တကယ်တမ်းအရေးပါဆုံး ပုဂ္ဂိုလ်ကတော့ ရှေ့တန်းရဲ့အရေးပါမှုကို နားလည်တဲ့ ရာထူးအကြီးဆုံးတာဝန်ဖြစ်ပါတယ်'' လို့ ဖြည့်စွက်ချင်ပါတယ်။ အဲဒီကနေတစ်ဆင့် ဖြစ်ပျက်ကြမှာလေ။

The Industrial Society မှာ လုပ်တုန်းက နားလည်လိုက်တာက ရှေ့တန်းဟာ နောက်တန်းလို အရေးပါပြီး နောက်တန်းဟာလည်း ရှေ့တန်းလို အရေးပါတယ် ဆိုတာပါပဲ။ အဲဒီလိုနားလည်သိရှိလိုက်တဲ့ အတွေ့အကြုံကိုတော့ ဘယ်သူမှယုံကြမှာမဟုတ်ပါဘူး။ လန်ဒန်ကိုပြန်လာရတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ညဘက်စီးရမယ့် ရထားအချိန်လွဲသွားတယ်။ အဲဒီမှာ ကုန်စီးရထားတွဲအလာကို တစ်နာရီလောက်ကြာ စောင့်နေမိတယ်။ အဲဒီအချိန်မှာ ပြဇာတ်လေးတစ်ခု ကြည့်နေရသလို သတိထားမိတာကတော့ ဗြိတိန်ရထားနဲ့ တော်ဝင်စာတိုက်တို့ ဖြစ်ပျက်နေတာလေးကိုပါပဲ။

[caption id="attachment_25953" align="alignnone" width="720"]မန်နေဂျာတစ်ယောက်ရဲ့ အရေးကြီးဆုံးတာဝန်တစ်ခုက ရှေ့တန်းကနေ ဦးဆောင်ခြင်းပါ။[/caption]

ဘူတာတစ်ခုရောက်တိုင်း ဗြိတိန်ရထားက ရပ်တယ်။ ရထားဘူတာရုံ ပလက်ဖောင်းပေါ်ကနေ တော်ဝင်စာတိုက်က ဗြိတိန်ရထားပေါ်က ပစ်ချလိုက်တဲ့ စာအိတ်ထုပ်ကြီးတွေကို သူတို့ကားပေါ် ထပ်ပစ်တင်ကြတယ်။ တော်ဝင်စာတိုက်က သက်ဆိုင်တဲ့ကားနဲ့ဆိုင်တဲ့ စာအိတ်ထုပ်ကြီးတွေကို ရွေးပြီးတင်ရတယ်။ ကျွန်မအရင်ဆုံးစိတ်ဝင်စားတာကတော့ ထိပ်ဆုံးက ဘုတ်ဒါရိုက်တာတွေမပါဘဲ အောက်ခြေမှာရှိတဲ့၊ အလုပ်နဲ့ တိုက်ရိုက်ထိတွေ့သူတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့ပုံစံနဲ့ လုပ်ရိုးလုပ်စဉ်ကို လေ့လာသင်ယူချင်တာပါ။

အဲဒီပလက်ဖောင်းပေါ်က အဖြစ်အပျက်ကို ထပ်လေ့လာနေမိပါတယ်။ စာအိတ်ထုပ်တွေမှာပါတဲ့ လိပ်စာတွေပေါ် မူတည်ပြီး အရပ်ဒေသကို ခွဲဝေနေကြပါတယ်။ တစ်ယောက်က အထုပ်ပေါ်ပါတဲ့ လိပ်စာကို အော်ပြီး နောက်တစ်ယောက်ကတော့ သက်ဆိုင်တဲ့ကားတွေပေါ် တင်ပေးနေတယ်။ အဲဒီမှာ လိပ်စာတစ်ခုနဲ့ အထုပ်ကို မသက်ဆိုင်တဲ့ကားပေါ် ပစ်တင်လိုက်တာကို ကျွန်မ သတိထားမိလိုက်တော့ ''မိတ်ဆွေတို့ အဲဒီလိပ်စာဟာ ကျွန်မသိတဲ့နေရာနဲ့ လွဲနေတော့ မှားနေပြီနဲ့တူတယ်'' လို့ လှမ်းပြောမိလိုက်ပါတယ်။ အဲဒီမှာ အဲဒီလူနှစ်ယောက်ဟာ ရုတ်တရက် ကြောင်သွားပြီး ကျွန်မကို စူးစိုက်ကြည့်လိုက်ပြီး ''ဒီမယ် ကျွန်တော်တို့အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာလုပ်လိုက်တာလား'' လို့ ပြန်မေးကြတယ်။ ကျွန်မကလည်း ချက်ချင်း ''မဟုတ်ပါဘူးရှင်။ လိပ်စာမှားတော့ ဒီနေ့ ဥပမာ - မွေးနေ့ကျတဲ့သူအတွက် ပို့လိုက်တဲ့ကတ် မရောက်တာမျိုး၊ အရေးပါတဲ့စာပါသွားရင် နစ်နာမှာစိုးလို့ အကြံပြုတာပါ။ ရှင်တို့ တာဝန်ယူရတဲ့အလုပ်က တိကျမှု၊ ထိရောက်မှု အဲဒါတွေကို သရုပ်ဖော်နေတာလေ'' လို့ ပြောလိုက်မိပါတယ်။ အဲဒီအခိုက်အတန့်မှာတော့ သူတို့နှစ်ယောက်က ကျွန်မကို သနားစရာသတ္တဝါလို ကြည့်နေမိပါတယ်။

အဲဒီအဖြစ်အပျက်လေးကနေတစ်ဆင့် ကျွန်မ သင်ယူလိုက်တာက အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ရှေ့တန်းက လူတွေအားလုံးဟာ ကိုယ့်တာဝန်နဲ့ပတ်သက်ပြီး သာမန်ကာလျှံကာလုပ်တာမျိုး မဟုတ်ဘဲ တိတိကျကျ သိသင့်တယ်။ ဂရုတစိုက်ရှိသင့်တယ်။ မြတ်မြတ်နိုးနိုး လုပ်သင့်တယ်။ အဲဒါဟာ အရေးပါတဲ့ အပြန်အလှန်ဆက်ဆံမှု (Communication) နဲ့ အကြံပြုမှု (Consultation) တို့ရဲ့ ရလဒ်ဖြစ်ပါတယ်။ အဖွဲ့အစည်းမှာ ဘယ်သူမဆို ဘာမှ ညွှန်ကြားသင်ပြစရာ မလိုဘဲ လုပ်ကိုင်နေဖို့ လိုပါတယ်။

ဒီလိုလက်တွေ့ပြဿနာကြုံရပြီဆိုရင် နောက်တန်းရုံးခန်းမှာထိုင်ပြီး သက်မဲ့စာရွက်စာတမ်းတွေ ကြည့်ရှုပြီး စောင့်နေတာထက် ရှေ့တန်းကကိုယ့်လူတွေနဲ့ ရအောင်ဆုံတွေ့ပြီး အဲဒီလူတွေရဲ့ ပြဿနာဖြေရှင်းချက်နဲ့ အဖွဲ့အစည်းရဲ့ခံယူချက်တစ်ထပ်တည်းဖြစ်အောင် အဆင့်လိုက် ညှိနှိုင်းပြုစုပျိုးထောင်ထားမှသာ မနေ့က အဆုံးအရှုံးကို နောင်တရနေမယ့်အစား မနက်ဖြန်မှာ ကြုံရမယ့်အခွင့်အရေးတွေအတွက် အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မအနေနဲ့ ရှေ့တန်းနဲ့ နောက်တန်းအတူတူပါပဲ။ ရှေ့တန်းခေါင်းဆောင်မှုနဲ့ အဲဒီခေါင်းဆောင်မှုကို အထောက်အကူပြုတဲ့ အထောက်အပံ့ဟာ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ မန်နေဂျာပဲဖြစ်ဖြစ် အလိုအပ်ဆုံး အရေးကြီးဆုံးကိစ္စပါလို့ နိဂုံးချုပ်ချင်ပါတယ်။

မှတ်သားဖို့ရာ . . .

၁။ မန်နေဂျာတစ်ယောက်ရဲ့ အရေးကြီးဆုံးတာဝန်တစ်ခုကတော့ ရှေ့တန်းကနေ ဦးဆောင်ခြင်းဖြစ်ပါတယ်။ ရှေ့တန်းမှာ တာဝန်ယူတဲ့သူတွေသာ ဘာလုပ်ရမလဲဆိုတာ သိပေမယ့် ဘယ်သူမှ ရေးကြီးခွင်ကျယ်  မေးမြန်းခြင်းမရှိကြပါဘူး။

၂။ ခေါင်းဆောင်တိုင်းဟာ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့အရာမှန်သမျှ သိထားသင့်ပါတယ်။

၃။ ခေါင်းဆောင်နဲ့မန်နေဂျာတို့အနေနဲ့ ခံယူချက် စိတ်ဓာတ် (Attitudes) ဟာ အလွန်ပဲ အရေးကြီးပါတယ်။ မိမိရဲ့ဝန်ထမ်းတွေကို နားလည်ဖို့ လိုပါတယ်။ သူတို့နဲ့အတူ ခံစရာရှိရင် အတူတူခံ၊ စံစရာရှိရင် အတူတူစံဖို့ ဖြစ်ပါတယ်။

Leader2

Business in the Community (BITC) ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တဲ့ လူမှုအကျိုးပြုလုပ်ငန်း CSR ကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ဝေလမင်းသားချားစ် (Charles) ရဲ့ ပရဟိတလုပ်ငန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ သူက ဥက္ကဋ္ဌတာဝန် ယူထားပါတယ်။

BITC ဟာ အင်္ဂလန်ကုမ္ပဏီပေါင်း ရှစ်ထောင်ကျော်နဲ့ပူးပေါင်းပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဒီလုပ်ငန်းရဲ့ အဓိကဦးတည်ချက်ကလည်း နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူမှုပတ်ဝန်းကျင်နဲ့ အလုပ်ခွင်အလုပ်သမားတွေအပေါ် အပြုသဘောဆောင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ BITC ကနေ လုပ်ငန်းအမျိုးအစားအလိုက် နည်းလမ်းနဲ့ အကြံဉာဏ်တွေပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပေးနေပါတယ်။

BITC ကို ၁၉၈၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ CEO ကတော့ Stephen Howard ဖြစ်ပါတယ်။ Stephen ဟာ ၂၀၀၅ ခုနှစ်မှာ ဒီလုပ်ငန်းထဲကို ဝင်ရောက်လာတာဖြစ်ပြီး CEO တာဝန်ကို ၂၀၀၈ ခုနှစ်ကနေ စတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

BITC ရဲ့ လုပ်ငန်းတွေကို အဖွဲ့ခေါင်းဆောင်တွေက စီမံဆုံးဖြတ်ချက်ချရတာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက အကောင်အထည်ဖော်လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူတွေကတော့ Natioanl Grid Plc ရဲ့ Chief Executive ဖြစ်တဲ့ Steven Holliday ၊ Dairy Crest Group ရဲ့ Chief Executive ဖြစ်တဲ့ Mark Allen ၊ Wates Group ရဲ့ Chairman ၊ Paul Drechsler ၊ Chief Executive ရဲ့ Chief Executive ဖြစ်တဲ့ Richard Howson နဲ့ Kingfisher plc ရဲ့ Chief Executive ဖြစ်တဲ့ Ian Cheshire တို့ဖြစ်ပါတယ်။

The Responsible Business Awards

BITC ဟာ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလမှစပြီး စီးပွားရေးလုပ်ငန်းတွေကို Awards တွေ ချီးမြှင့်မယ့်အကြောင်း စတင်မိတ်ဆက်ခဲ့ပါတယ်။ BITC ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့အညီ လုပ်ဆောင်နိုင်တဲ့လုပ်ငန်းတွေကို ဒီဂုဏ်ပြုဆုတွေ နှစ်စဉ်ပေးအပ်ချီးမြှင့်သွားဖို့ဖြစ်ပါတယ်။

ဒေါက်တာသာထွန်းဦး