လူတွေဟာ သူတို့ခင်မင်နှစ်သက်တဲ့လူနဲ့တွေ့ရင် ပိုပြီး လိုလိုလားလား ပြုမူတုံ့ပြန်တတ်ကြပါတယ်။ ဈေးဝယ်တာပဲကြည့်ပါ (စေ့စပ်ညှိနှိုင်းခြင်း သဘောပါပဲ)။ လူ ၇၀ ရာခိုင်နှုန်းလောက်က တခြားအချက်အလက်တွေ တူညီသလောက်ရှိတယ်ဆိုရင် ကိုယ်ခင်မင်နှစ်သက်သူဆီကပဲ ဈေးဝယ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့နဲ့ ခင်မင်နှစ်သက်မှုရှိတယ်၊ သိကျွမ်းမှုရှိတယ်ဆိုရင် ကျွန်တော်တို့ ဘာကြောင့် ခေါင်းညိတ်မိတတ်တာလဲ။
လူတွေမှာ ခင်မင်နှစ်သက်ခြင်း သဘောတရားကို လိုက်နာမှုရှိနေကြတယ်။ ဒီသဘောတရားရဲ့ အရေးကြီးဆုံးအချက်တစ်ခုက သူများတွေရဲ့ ခင်မင်နှစ်သက်မှုမရခင် သူတို့ကိုခင်မင်နှစ်သက်နိုင်တဲ့ အကြောင်းအချက်တွေကို ကိုယ်ကအရင်ဆုံးရှာဖွေဖို့ပါပဲ။ ကျွန်တော်တို့က ခင်မင်နှစ်သက်မှု ဖြစ်လာပြီဆိုရင် သူတို့ကလည်း အလိုအလျောက် ခင်မင်နှစ်သက်လာနိုင်ပါတယ်။ ဒီနည်းလမ်းက သူတို့ရဲ့ ခင်မင်နှစ်သက်မှုကို အတင်းမရအရ လိုက်လုပ်နေရတာနဲ့စာရင် ပိုမိုလွယ်ကူပါတယ်။
တခြားလူတွေကို ခင်မင်နှစ်သက်နိုင်အောင် ကျွန်တော်တို့ ဘာတွေကို ရှာဖွေကြရမလဲ။ သူတို့ဟာ ကျွန်တော်တို့နဲ့ အခြေခံတူညီမှု ဘာတွေရှိသလဲ။ သူတို့အပေါ် အပြုသဘောဖြည့်ဆည်းပေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဒီအချက်သုံးချက်ကိုပဲ အလေးအနက်ထားပြီး ရှာဖွေရမှာပါ။
အခြေခံတူညီမှုဆိုတာ တူညီတဲ့ကျောထောက်နောက်ခံ အကြောင်းအချက်တွေ၊ အတွေ့အကြုံတွေ၊ ရပ်တည်ချက်တွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှု၊ ဇာတိမျိုးရိုး စတာတွေဖြစ်ပါတယ်။ အဲဒါတွေအားလုံးမှာ ချိတ်ဆက်လို့ရတဲ့ နေရာလေးတွေပါကြတယ်။ စကားပြောတဲ့အခါ လူတို့ရဲ့ အပြုအမူပုံစံတွေအလိုက် ပြောဆိုဆက်ဆံရပေမယ့် အခြေခံတူညီမှုကို ရှာဖွေရတဲ့ သဘောထားကတော့ အတူတူပါပဲ။ အခြေခံတူညီမှုမှာ တစ်ယောက်နဲ့တစ်ယောက် စည်းနှောင်မှုအားကလေးတွေရှိတယ်။ စေ့စပ်ညှိနှိုင်းသူတွေမှာ စည်းနှောင်အားနဲ့ ပေါင်းစည်းအားရှိနေပြီဆိုရင် အောင်မြင်တဲ့ စေ့စပ်ညှိနှိုင်းပွဲဖြစ်မှာ သေချာပါတယ်။
လူတို့ရဲ့အပြုအမူပုံစံ ကွဲပြားခြားနားပေမဲ့ အပြုသဘောဖြည့်ဆည်းပေးမှုကိုတော့ လူတိုင်းကြိုက်ကြတာပါပဲ။ စကားပြောကြရာမှာ ကိုယ့်ဘက်က အပြုသဘောအလင်းရောင်ကလေး တစ်ချက်လင်းလက်သွားတာနဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ရှိနေကြတဲ့လူတွေအားလုံး ခံစားမှုပိုကောင်းသွားတယ်၊ ပျော့ပျောင်းသွားတယ်။ ကောင်းမွန်တဲ့ခံစားမှု၊ ပျော့ပျောင်းတဲ့ ခံစားမှုရှိနေကြတဲ့ စေ့စပ်ညှိနှိုင်းသူများဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို အပြုသဘောရလဒ် ပေါ်ထွက်လာအောင် လုပ်ပေးနိုင်ပါတယ်။ လေးစားသမှုအကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြစဉ်က နည်းလမ်းသုံးသွယ်အတိုင်းပဲ အပြုသဘောဖြည့်ဆည်းပေးမှုမှာလည်း ဒီအတိုင်းပဲ သုံးစွဲရမှာဖြစ်ပါတယ်။ ပထမအချက်က ချီးမွမ်းခြင်း ဖြစ်ပါတယ်။ တော်လိုက်တာ၊ မှန်လိုက်တာ၊ ကောင်းလိုက်တာ၊ ကျေးဇူးတင်ပါတယ် ဆိုတာကလေး ပြောရုံပါပဲ။ ဒီလိုပြောလိုက်ရလို့ ကိုယ့်ဘက်မှာ ဘာသတင်းအချက်အလက်မှ ပေးလိုက်ရတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဲဒီလို ပြောတဲ့အသံကို ကြားရတဲ့လူမှာ ခင်မင်နှစ်သက်မှုကို ဖြစ်စေပါတယ်။ ဒုတိယအချက်က အသိအမှတ်ပြုခြင်းပါပဲ။ ဒါကတော့ တစ်ဖက်လူရဲ့ အပြုအမူကို အထူးပြုဖော်ပြထားတဲ့ အပြုသဘော ဖြည့်ဆည်းမှုပါပဲ။ ''အေးဗျာ- ခင်ဗျားတို့ရဲ့ ပွင့်လင်းမြင်သာတဲ့ မေးခွန်းလေးတွေကြောင့်သာ ကျွန်တော့်ရဲ့ ဦးစားပေးမှုအစီအစဉ်ကိုလည်း ရှင်းပြခွင့်ရတာပါ''၊ ''ခင်ဗျားရဲ့ ရှင်းလင်းတင်ပြချက် အကျဉ်းချုပ်အစီအစဉ်က ကောင်းလိုက်တာ၊ ကျွန်တော်သိချင်တဲ့ လိုအပ်ချက်တွေအားလုံး အခုမှပဲ ရှင်းရှင်းလင်းလင်း ဖြစ်တော့တယ်'' စသဖြင့် ပြောကြားခြင်းဟာ အသိအမှတ်ပြုခြင်းပါပဲ။ တတိယအချက်က တစ်ဖက်သားကို တန်ဖိုးမြှင့်တင်ပေးခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အကျင့်စရိုက်လက္ခဏာကို အပြုသဘောဖြည့်ဆည်းပေးခြင်း ဖြစ်သလို သူတို့ရဲ့ အပြုအမူတွေအပေါ် တန်ဖိုးထားမှုတွေ အားပေးမြှင့်တင်ခြင်းလည်း ဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်မှု၊ ကတိသစ္စာ တည်ကြည်မှု၊ အကျင့်စရိုက်ကောင်းကို တာရှည်ထိန်းသိမ်း စောင့်ရှောက်ထားမှု၊ လမ်းကြောင်းမှန်ပေါ်မှာ တည့်မတ်စွာ လျှောက်လှမ်းနေမှု (ကလိမ်ကကျစ်မရှိခြင်း) စတာတွေဟာ အားပေးမြှင့်တင်ပေးနိုင်တဲ့ တန်ဖိုးသာဓက တချို့ပါပဲ။ ဒါပေမဲ့ တန်ဖိုးမြှင့်တင်ပေးခြင်းဟာ စေ့စပ်ညှိနှိုင်းဖော်ရဲ့ သိသာထင်ရှားတဲ့ အပြုအမူပုံစံကို ကြည့်ပြီးတော့သာ အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့စေ့စပ်ညှိနှိုင်းသူများဟာ တန်ဖိုးမြှင့်တင်ပေးခြင်းကို အထူးတလည်ကြိုဆိုပြီး နှစ်ထောင်းအားရဖြစ်ကြပေမဲ့ တချို့မှာတော့ ဒါကိုအကြောင်းပြချက်မခိုင်လုံတဲ့ ဘဝင်မကျစရာတစ်ခုလို အမြင်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တန်ဖိုးမြှင့်တင်ခြင်းဖြင့် အပြုသဘော ဖြည့်ဆည်းပေးတော့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (အီးကျူ)ကိုအသုံးပြုပြီး ဘယ်ရေချိန်လောက်အထိ တန်ဖိုးမြှင့်ပေးသင့်သလဲဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်မှုဆိုတာကတော့ တန်းတူ ညီမျမှုကိုအခြေခံတဲ့ စေ့စပ်ညှိနှိုင်းရေးရဲ့ကျောရိုးပါပဲ။ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က အောင်မြင်မှုဆိုတာ နောက်ဆုံးမှာ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ စေ့စပ်ညှိနှိုင်းရေး ရှိမှသာ ရနိုင်ပါတယ်။ တစ်ဖက်အဖွဲ့နဲ့ အတူတကွ အလုပ်လုပ်သလား၊ ဒါမှမဟုတ် တစ်ဖက်အဖွဲ့နဲ့ ဆန့်ကျင်ပြီး အလုပ်လုပ်သလား။ ဒါကိုကြည့်ရုံနဲ့ စေ့စပ်ညှိနှိုင်းရေး စားပွဲချဉ်းကပ်နည်းဟာ နှစ်ဖက်အနိုင်ရရေးလား၊ တစ်ဖက်နိုင် တစ်ဖက်ရှုံးလားဆိုတာ သိနိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်တာနဲ့ ယှဉ်ပြိုင်ဆောင်ရွက်မှုကို စေ့စပ်ညှိနှိုင်းသူများအားလုံး ခံစားမှုနဲ့သိနိုင်ပါတယ်။ သန့်ရှင်းသောယှဉ်ပြိုင်မှုမှာ ပြဿနာမရှိပါဘူး။ အရေးကြီးတာက လိုလားချက်နဲ့ လုပ်ဆောင်ချက်ပါပဲ။ အသေအကျေ ယှဉ်ပြိုင်ကြမယ်ဆိုရင်တော့ တန်းတူညီမျှတဲ့ အကျိုးကျေးဇူး ဘယ်တော့မှရောက်လာမှာ မဟုတ်ပါဘူး။ အောင်နိုင်တဲ့လူကလည်း အပျက်အစီးတွေကိုပဲ ပိုင်ဆိုင်ခွင့်ရမှာပါ။ စေ့စပ်ညှိနှိုင်းရေးစားပွဲဟာ အဲဒီလိုစစ်ပွဲတွေဆီကို ဆွဲခေါ်သွားရမယ့် နေရာမဟုတ်ပါဘူး။ ယှဉ်ပြိုင်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အကောင်းဆုံးရောစပ်ပေးရမယ့် နေရာပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ မျှတသောချိန်ဆမှုနဲ့ ချဉ်းကပ်တဲ့နည်းကိုသာ သုံးစွဲသင့်ကြကြောင်း တင်ပြလိုက်ရပါတယ်။
မင်းဗထူး