စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က အပြန်အလှန် အပေးအယူ သဘောတရား

MinBaHtoo(May)

စေ့စပ်ညှိနှိုင်းရေးစားပွဲကိုရောက်ရင် ကျွန်တော်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် အယူအဆတစ်ခုကို သဘောတူနိုင်အောင် ဆွဲဆောင်ခြင်းနဲ့ သြဇာသက်ရောက်စေခြင်းတို့ကို လုပ်ဆောင်ကြရတာဟာ ဓမ္မတာပါပဲ။ ဆွဲဆောင်တယ်ဆိုတာ အယူအဆတစ်ရပ်ကို မှန်ကန်ကြောင်း၊ သေချာကြောင်း အာမခံချက်ပြည့်ပြည့်စုံစုံနဲ့ တင်ပြတာ ဖြစ်ပါတယ်။ သြဇာသက်ရောက်တယ်ဆိုတာကတော့ သိသာထင်ရှားတဲ့ အင်အားအသုံးပြုခြင်း၊ ဒါမှမဟုတ် တိုက်ရိုက်အမိန့်ပေး ကျင့်သုံးခြင်းမရှိဘဲ အကျိုးသက်ရောက်မှုတစ်ခု ထွက်ပေါ်လာစေတဲ့ စွမ်းအားကို ခေါ်တာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ ဒီနှစ်ခုရှိရင် ကောင်းစွာအလုပ်ဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရာမှာ ကျွန်တော်တို့ဘာတွေပေးနိုင်သလဲ၊ ဘာရချင်သလဲ စိတ်ထဲမှာရှိကြမှာပါ။ တစ်ခါတစ်ရံမှာတော့ ဘယ်လိုနည်းနဲ့ ရချင်သလဲဆိုတာကိုတောင် ခိုင်မာတဲ့ အယူအဆရှိနေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့အလုပ်က တစ်ဖက်အဖွဲ့အပေါ်မှာ ကျွန်တော်တို့မြင်သလိုမျိုး မြင်လာရအောင်၊ ကျွန်တော်တို့ လိုချင်တာလုပ်ရအောင် ဆွဲဆောင်နိုင်ဖို့၊ သြဇာသက်ရောက်စေဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုဆွဲဆောင်နိုင်ဖို့၊ သြဇာသက်ရောက်စေဖို့အတွက်ဆိုရင် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ လိုက်နာကျင့်သုံးရတဲ့ လူ့ကျင့်ဝတ်နဲ့အညီ သြဇာသက်ရောက်မှု အခြေခံသဘောတရားတွေကို နားလည်ထားရမှာဖြစ်ပါတယ်။ အခုဆွေးနွေးမယ့် အပြန်အလှန် အပေးအယူသဘောတရားက စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတိုင်းမှာ အမြဲတမ်းရှိနေပါတယ်။ ဘာတွေအပြန်အလှန် အပေးအယူလုပ်ကြရသလဲဆိုတော့ စိတ်အာရုံ၊ စိတ်ခံစားမှု၊ ရုပ်ပိုင်း၊ လူမှုရေးနဲ့ ယုံကြည်မှုဆိုင်ရာ အစိတ်အပိုင်းတွေအထိ အပေးအယူ လုပ်ကြရပါတယ်။

အပြန်အလှန်အပေးအယူ ဖြစ်စဉ်ကလေးတစ်ခုကို ဥပမာတစ်ခုအနေနဲ့ စဉ်းစားနှိုင်းချိန်ကြည့်ကြရအောင်။ ဆက်ဆံရေးအခြေအနေကောင်းမွန်ဖို့ လိုအပ်ချက်အရ ကျွန်တော်ကအလုပ်ဌာနတစ်ခုက လူပုဂ္ဂိုလ် တစ်ယောက်ကို နေ့လယ်စာကျွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။ အပြန်အလှန်အပေးအယူဆိုတာ နှစ်လမ်းသွား ဖြစ်ပါတယ်။ ပထမဦးဆုံး ကျွန်တော့်ဘက်က ပေးပုံယူပုံလေးက စကြည့်ကြပါမယ်။ ထမင်းဆိုင် မရောက်ခင်မှာပဲ ကျွန်တော့်ရဲ့စိတ်အာရုံ (အတွေး) က နေ့လယ်စာအတွက် ငါကပိုက်ဆံပေးရမယ်လို့ ရောက်လာတယ်။ ဒီလိုရိုးရှင်းတဲ့ အတွေးဟာလည်း လေဟာနယ်မှာ ထီးထီးကြီး ဖြစ်မနေပါဘူး။ ဒီလူက ဘယ်လိုလူလဲ။ နှစ်လိုဖွယ်ကောင်းသလား မကောင်းဘူးလား။ နှစ်လိုဖွယ်ကောင်းသူဖြစ်နေရင် ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ ဓာတုဗေဒပြောင်းလဲမှုတစ်မျိုး ဖြစ်ပေါ်လာပြီး သွေးကြောတွေက တစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးပျံ့နှံ့သွားတယ်။ ဒါဟာ ကောင်းသောစိတ်ခံစားမှုတစ်မျိုး ဖြစ်စေတာပေါ့။ နှစ်လိုဖွယ် မကောင်းဘူးဆိုရင်တော့ ကွဲပြားခြားနားတဲ့ ဓာတုဗေဒပြောင်းလဲမှု အခြားတစ်မျိုးဖြစ်ပေါ်လာစေပြီး ကွဲပြားခြားနားတဲ့ စိတ်ခံစားမှုကို ဖြစ်စေပါတယ်။ စိတ်အာရုံနဲ့ စိတ်ခံစားမှုထဲမှာဖြစ်ပေါ်ခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ကျွန်တော့်ရဲ့ ရုပ်ပိုင်းမှာပါ သက်ရောက်လာပါတယ်။ မျက်လုံး၊ မျက်နှာ၊ အသံအနေအထား၊ လှုပ်ရှားမှုတွေ သိသာလာပါတယ်။ ထမင်းစားရင်း စကားပြောကြတဲ့အခါ အပြန်အလှန်ဆက်ဆံမှု၊ လူမှုရေးသိတတ်မှုတွေ ကွဲပြားခြားနားလာပါတယ်။ ခြေဟန်လက်ဟန်ကစလို့ စိတ်ဝင်စားမှု၊ ယုံကြည်လုပ်ဆောင်မှု ကွာခြားလာပါတယ်။ နှစ်လိုဖွယ်ရှိသူဆိုရင် စိတ်ဓာတ်ကပေါ့ပါးပြီး မြင့်မားနေတယ်။ ကျွန်တော်ကိုယ်တိုင် သတိထားမိသည်ဖြစ်စေ သတိမထားမိသည်ဖြစ်စေ နှစ်လိုဖွယ်မရှိသူကို နေ့လယ်စာ ခေါ်ကျွေးမိတယ်ဆိုရင်တော့ စိတ်ဓာတ်ထဲမှာ မှောင်မဲနေမယ်။ စိတ်ပါဝင်စားမှုက နိမ့်ကျနေမှာပဲ ဖြစ်ပါတယ်။

အခုကျွန်တော်က နေ့လယ်စာခေါ်ကျွေးလိုက်တဲ့ တစ်ဖက်ပုဂ္ဂိုလ်ဘက်က ပြန်လှည့်ပြီး စဉ်းစားကြည့်ကြပါမယ်။ နေ့လယ်စာစားဖို့ ကျွန်တော့်ရဲ့ ကမ်းလှမ်းမှုကိုကြားလိုက်ရတော့ စိတ်အာရုံမှာ အတွေးတွေ ထင်လာမယ်။ ကျွန်တော်ဟာ နှစ်လိုဖွယ်ရှိတယ်၊ အပြန်အလှန်လေးစားမှု ရှိတယ်ဆိုရင် သူ့အတွေးက အပြုသဘော ဖြစ်လာမယ်။ သူ့ရဲ့စိတ်ခံစားမှုကလည်း ကျွန်တော်က နှစ်လိုဖွယ်ရှိခြင်း မရှိခြင်းအရ ဖြစ်ပေါ်လာနိုင်တယ်။ ကျွန်တော်က ကမ်းလှမ်းတိုင်း သူကလက်ခံရမယ်လို့ ပုံသေမရှိပါဘူး။ သူ့မှာ ဒါမျိုးလက်မခံဖို့ ယုံကြည်မှု ရှိချင်ရှိနိုင်တယ်။ လက်ခံပြီးပြီဆိုရင်တော့ သူ့ရဲ့ခံစားမှု၊ ရုပ်ပိုင်းမှာပါ ကျွန်တော့်အတိုင်း သက်ရောက်ပါလိမ့်မယ်။ ရေချိန်တော့ ကွာခြားနိုင်ပါတယ်။ မသိသာ မထင်ရှားတဲ့ အပေးအယူ ဆက်ဆံရေးတွေကနေ သိသာထင်ရှားတဲ့ လိုက်လျောမှု ရှိလာနိုင်ပါတယ်။ လူမှုရေးအရ စကားပြောဆိုကြတဲ့အခါ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေး အချက်အလက်တွေနဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (အီးကျူ) တို့ကို လိုက်ပြီး ပြောင်းလဲမှုတွေရှိမှာဖြစ်ပေမယ့် အပြန်အလှန် အပေးအယူလုပ်တဲ့ သဘောတရားကိုတော့ အခြေခံရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့စိတ်ဆန္ဒအတက်အကျ၊ အပြုအမူနဲ့ အပျက်သဘောထား၊ ကိုယ်ရည်ကိုယ်သွေး အတက်အကျလိုပဲ သူ့ဘက်ကလည်း သူ့ကိုယ်ပိုင် အတက်အကျလှိုင်းရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်က သူ့ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ၊ သူ့ရဲ့စိတ်ဓာတ်ကို အထူးဂရုစိုက် လေ့လာခြင်းဖြင့် သူကဘာကိုလိုအပ်နေတယ်၊ ဘာကိုပေးဖို့ စိတ်တိမ်းညွတ်မှုရှိတယ်ဆိုတာ သိနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာတော့ အကောင်းဆုံးလက်ဆောင်က တစ်ဖက်သားရဲ့ လိုက်လျောမှုပါပဲ။

ဒါပေမဲ့ လိုက်လျောမှုက တစ်ဖက်သတ် တောင်းယူလို့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ပထမဆုံးလိုက်လျောမှုကို စတင်ကမ်းလှမ်းဖို့အတွက် နိုးကြားတက်ကြွမှု ရှိရပါမယ်။ ကိုယ့်ဘက်ကပေးရမယ့် လိုက်လျောမှုဟာ ကိုယ့်အတွက် တန်ဖိုးနည်းပေမဲ့ အခြားတစ်ဖက်အတွက် တန်ဖိုးကြီးရမယ်၊ အဖိုးတန်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကမျှော်လင့်မထားတဲ့၊ သူ့အတွက်အဓိပ္ပာယ်ရှိတဲ့၊ အသုံးဝင်တဲ့ လိုက်လျောမှုတွေဟာ အားအကောင်းဆုံးလက်ဆောင်တွေပါပဲ။

စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အပြန်အလှန် အပေးအယူလုပ်တဲ့ သဘောတရားနဲ့အညီ သိသာထင်ရှားတဲ့ လိုက်လျောမှုတွေကို ဖလှယ်ကြတော့မယ်ဆိုရင် ကျွန်တော်တို့ဟာ တောင်းဆိုမှုတစ်ခုကိုမရလို့ စိတ်ပျက်စရာ မလိုပါဘူး။ တစ်ဖက်က ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတစ်ခုကို ငြင်းပယ်လိုက်ပြီဆိုရင်တောင် ကျွန်တော်တို့အတွက် အခြားအခွင့်အရေးတစ်ခု ရနိုင်ပါသေးတယ်။ စောစောကတောင်းဆိုမှုထက် သေးငယ်တဲ့ ဒုတိယတောင်းဆိုမှု တစ်ခုကိုလုပ်ခဲ့ရင် နှိုင်းယှဉ်ချက်သဘောအရ ထင်းခနဲမြင်သာတဲ့အတွက် တစ်ဖက်က ခေါင်းညိတ်ရပါလိမ့်မယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ တစ်ဖက်ကို ဆွဲဆောင်ခြင်းနဲ့ သြဇာသက်ရောက်စေခြင်းတို့အတွက် အပြန်အလှန်အပေးအယူ သဘောတရားကို အောင်မြင်စွာ ကျင့်သုံးလိုတယ်ဆိုရင် ကျွန်တော်တို့ဟာ လိုက်လျောခြင်းသဘောထားနဲ့ ကျောထောက်နောက်ခံရှိတဲ့ တောင်းခံခြင်းသဘောထားတို့ကို ရည်ရွယ်ချက်ရှိရှိ အသုံးချသွားရမှာ ဖြစ်ပါတယ်။

မင်းဗထူး