ကျွန်ုပ်တို့ဟာ လုပ်ငန်းခွင်မှာ ပင်ပန်းတဲ့နေ့ရက်တွေ ရှိပြီး အားလုံးပြီးအောင် လုပ်နိုင်ပုံမရပါဘူး။ သင်ဟာ အပန်းဖြေခရီးထွက်ရာက ပြန်လာလို့ အလုပ်ကိုပုံမှန်အတိုင်း လုပ်ရခက်ချင်ခက်နေလိမ့်မယ်။ ဒါမှမဟုတ် သင့်အထက်အရာရှိက သင့်ကို တာဝန်ပိုယူရဖို့ သင်ပေးနေမယ်။ အဲဒါက သင့်ကို လွှမ်းမိုးထားမယ်၊ ဒါမှမဟုတ် နေမကောင်းလို့ ခွင့်ယူသွားတဲ့ သင့်လုပ်ဖော်ကိုင်ဖက်ရဲ့ အလုပ်တွေပါ သင်တွဲလုပ်ချင်လုပ်ပေးနေရမယ် ဆိုပါစို့။
တစ်ချိန်လုံး သင်ဒီလိုပဲ ခံစားနေရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ လိုရင်းပြောပါရစေ၊ ကျွန်ုပ်တို့ဟာ အလုပ်ရဲ့ လွှမ်းမိုးပိုင်စိုးခြင်းခံနေရတယ်လို့ သဘောမထားဘဲ အလုပ်ပြီးစီးအောင်လုပ်ဖို့ပဲ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် သင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လိမ့်မယ်။ သင့်အလုပ်တာဝန်တွေကို ပိုပြီးထိန်းချုပ်နိုင်တယ်လို့ အောက်မေ့စေဖို့ ဒီအကြံဉာဏ်နည်းလမ်းတွေက သင့်ကို အထောက်အကူပြုပါလိမ့်မယ်။
၁။ အချိန်ပိတ်ဆို့နည်းကိုသုံးပါ။
ထုတ်လုပ်နိုင်စွမ်းဟာ နေ့တိုင်းအချိန်ပို မလုပ်ဘဲနဲ့ အသိဉာဏ်ရှိတဲ့ စီမံမှုရဲ့ရလဒ်ဖြစ်ပါတယ်။ ဒီမှာ စည်းရုံးမှုနဲ့ ဦးစားပေးမှုက အရေးပါလာတယ်။ သင့်အလုပ်တွေကို ရက်သတ္တပတ်ချင်းစီ ဦးစားပေးပါ။ ပြီးတော့ နေ့ရက်အလိုက် ဦးစားပေးပါ။ တနင်္လာနေ့မှာ နာရီဝက်အချိန်ယူပြီး တစ်ပတ်စာ သင့်တာဝန်တွေနဲ့ စီမံကိန်းတွေကို ဦးစားပေးပါ။ ဖောက်သည်တွေရဲ့ နောက်ဆုံးအခြေအနေကို သိအောင်ကြိုးစားခြင်း၊ ဒါမှမဟုတ် အီးမေးလ်စစ်ဆေးခြင်းကို နေ့တိုင်းမလုပ်ဘဲ၊ ပိုကြီးမားတဲ့ကိစ္စတွေကို အာရုံစိုက်ပါ။ အချိန်ပိတ်ဆို့နည်းကို သုံးပါ။ သင်လက်စသတ်ဖို့လိုတဲ့ စီမံကိန်းတွေအတွက် သင့်ပြက္ခဒိန်ပေါ်က အချိန်ကို ဖျောက်လိုက်ပါ။ အဲဒီအချိန်အတွင်း အစည်းအဝေးလုပ်လို့ မရအောင် သင့်ပြက္ခဒိန်ပေါ်က အချိန်ကိုမှတ်သားပါ။ ပြီးရင် သီတင်းပတ် တစ်ပတ်လုံး ပြင်လွယ်ပြောင်းလွယ် လုပ်နိုင်ပါစေ။ နေ့ခင်းမှာ မိနစ်အနည်းငယ်အချိန်ပေးပြီး နောက်နေ့မှာလုပ်မယ့် သင့်တာဝန်တွေအတွက် ဦးစားပေးမှုတွေကိုလုပ်ပါ။ လုပ်စရာတွေကို စာရင်းပြုစုပြီး နောက်နေ့မှာ သင့်ရဲ့ အချိန်ပိတ်ဆို့မှုကို ညှိနှိုင်းပါ။ သင့်ရဲ့ အချိန်ပိတ်ဆို့မှုဟာ အပတ်စဉ်နဲ့နေ့စဉ် စီမံကိန်းတာဝန် ဖြစ်သင့်ပါတယ်။ နောက်ဆုံးမှာ သင့်တာဝန်တစ်ခုပြီးတိုင်း အမှန်ခြစ် သင်္ကေတလေးခြစ်ပစ်ပါ။
လုပ်ဆောင်မှုအတွက် အကြံပေးချက် . . .
သင့်ရဲ့တစ်ပတ်စာအလုပ်အစီအစဉ်ဆွဲဖို့ အပတ်စဉ် သီတင်းပတ်အစမှာ ၁၅/၂၀ မိနစ် အချိန်ယူပါ။ ပြီးရင် နောက်နေ့စနစ်တကျဖြစ်စေဖို့ နေ့လယ်တိုင်း ငါးမိနစ် အချိန်ယူပါ။ အလုပ်တစ်ခုအတွက် ကြာမယ့်အချိန်နဲ့ ထိပ်တန်းဦးစားပေးတာဝန်သုံးခုကို သတ်မှတ်ပါ။ သင်လိုအပ်မယ့် အချိန်ကာလကို သင့်ပြက္ခဒိန်မှာ ပိတ်ဆို့ပါ။ (ဖျောက်ထားပါ။)
၂။ ပုံမှန်လုပ်ရပ်အစီအစဉ်တစ်ခု ဖန်တီးပြီး အဲဒီအတိုင်းကို စွဲမြဲစွာလုပ်ပါ။
လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ အကျင့်စွဲတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဦးနှောက်တွေကလည်း အဲဒီအတိုင်းပါပဲ။ ပုံမှန်အစီအစဉ်တွေ ချမှတ်ထားတဲ့အခါ ကျွန်ုပ်တို့ဟာ တာဝန်အတွက်စဉ်းစားခြင်း၊ ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ခြင်းကို စဉ်းစားဖို့မလိုတဲ့အတွက် တာဝန်တွေကို ပိုပြီးမြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ပါတယ်။ ဒါဟာ ရုံးခန်းထဲက နေ့စဉ်ထပ်တလဲလဲ လုပ်ရတဲ့၊ သိပ်အရေးမပါတဲ့ တာဝန်တွေအတွက် အသုံးတည့်ပါတယ်။ သင့်လုပ်ငန်းမှာ သင့်အတွက် အဆင်ပြေ အသုံးတည့်မဲ့ ပုံမှန်အစီအစဉ်တစ်ခုကို ဆုံးဖြတ်ရွေးချယ်ပါ။ ဥပမာ - သင်ဟာ နံနက်ပိုင်းမှာ စနစ်တကျစီစဉ်ပြီးရင် သင့်အီးမေးလ်တွေ အားလုံးကိုစစ်ဆေးပြီး အကြောင်းပြန်ဖို့ ဆုံးဖြတ်ချင်ပါလိမ့်မယ်။ ပြီးရင် တစ်နေ့တာအတွက် ချိန်းဆိုမှုတွေနဲ့ အစည်းအဝေးမှန်သမျှအတွက် သင်ကြိုတင်ပြင်ဆင်ရမယ်။ အဲဒီနောက် သင့်စီမံကိန်းတွေရဲ့ စာရင်းအတိုင်း စတင်လုပ်ကိုင်နိုင်ပြီ။ ပိုသေးငယ်တဲ့ တာဝန်တွေကို သင်စုစည်းတဲ့အခါ သင့်ဦးနှောက်က အဲဒီအကျင့်ကို ရရှိစေပြီး သင်ဟာတစ်နေ့တာအတွင်း အဲဒီတာဝန်တွေကို ရှေ့ဆက်လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
လုပ်ဆောင်မှုအတွက် အကြံပေးချက် . . .
နေ့စဉ်စုစည်းဖို့ တာဝန်လေးတွေကို သင်ဆုံးဖြတ်ရွေးချယ်ပြီး လုပ်ဆောင်ဖို့ပါဆုံးဖြတ်ပါ။ သင့်အတွက် အကောင်းဆုံးအစီအစဉ် အချိန်ဇယားရေးဆွဲရာမှာ တိကျတဲ့နေ့ရက်တွေနဲ့ အချိန်နာရီတွေကို သီးခြားတာဝန်တွေအတွက် ဖြစ်ပါစေ။ ပိုခက်ခဲတဲ့ တာဝန်တွေအတွက် သင်ဘယ်အချိန်မှာ ပိုပြီးလုပ်နိုင်စွမ်းရှိမလဲ စဉ်းစားပါ။
၃။ သင့်အချိန်ကို တောက်လျှောက်မှတ်သားထားပါ။
သင်ဟာ အလုပ်ထဲမှာ စည်းစနစ်ကျနေတယ်မှတ်ပေမဲ့ တစ်နေ့တာ လုပ်ဆောင်ဖို့ ကိစ္စအားလုံးအတွက် အချိန်မလုံလောက်ဘူးလို့ အောက်မေ့မှာပါ။ အလုပ်တစ်ခုစီအတွက် သင်ဘယ်လောက်အချိန်ကုန်သလဲ၊ အလုပ်မှာ ဘာတွေလုပ်ရသလဲဆိုတာ ရက်သတ္တပတ် နှစ်ပတ်စာ စာရင်းသွင်းမှတ်သားပါ။ အီးမေးလ်တွေကအစ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာတွေ၊ အလုပ်စီမံကိန်းတွေနဲ့ အနားယူချိန်တွေအထိ အားလုံး အဆက်မပြတ်မှတ်ပါ။ ဒီလိုမှတ်သားတာကြောင့် သင့်အချိန်အများစုကို ဘယ်အတွက် သုံးမိသလဲတွေ့ရမှာပါ။ ပြီးတော့ လိုအပ်တဲ့ချိန်ညှိမှုတွေ လုပ်ပါ။ ရလဒ်တွေကို သင်အံ့အားသင့်ဖွယ်ရှိပါတယ်။ လိုအပ်ရင်တော့ ဘယ်ကိစ္စအတွက် အချိန်ကုန်ခံရကြောင်း ကဏ္ဍတစ်ခုစီအတွက် အချိန်ရာခိုင်နှုန်းနဲ့ အချိန်လက်ကျန် မှန်ကန်ရဲ့လားဆိုတာ သင့်အထက်အရာရှိကို ပြောပြပါ။
လုပ်ဆောင်မှုအတွက် အကြံပြုချက် . . .
မနက်ဖြန် သင့်အလုပ်မှာ အချိန်မှတ်သားမှု စတင်ဖို့အတွက် ဒီနေ့သုံးလို့ရမယ့် အက်ပလီကေးရှင်းတစ်ခုကို ရှာပါ။ ဒါမှမဟုတ် မှတ်စုစာအုပ်တစ်အုပ် ဝယ်ယူပါ။ နာရီက မလိမ်တတ်ဘူး။ ဒါကြောင့် သင့်အချိန်ကို ရိုးသားစွာမှတ်သားပါ။ သီတင်းပတ်ကုန်တဲ့အခါ လုပ်ဆောင်မှုတစ်ခုစီအတွက် အချိန်ဘယ်လောက်စီ ပေးလိုက်ရသလဲ မှတ်သားပါ။ အရေးမကြီးတဲ့ အီးမေးလ်တွေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောဆိုမှုအတွက် အချိန်တွေ ဘယ်လောက်ပေးလိုက်ရသလဲ တွေ့ရပါလိမ့်မယ်။ အဲဒီအချိန်တွေကို ပိုအရေးကြီးတဲ့ တာဝန်တွေအတွက် လွှဲပြောင်းအသုံးပြုခြင်းအားဖြင့် တစ်နေ့တာအတွင်း အားလုံးပြီးအောင် လုပ်နိုင်မလား သင်ဆုံးဖြတ်ပါ။
၄။ သင်ဟာ အသက်မွေးဝမ်းကျောင်း ပညာသည်တစ်ဦးဆိုတာ မမေ့ပါနဲ့။
နေ့ခင်းဘက် ကော်ဖီသောက်ထားသလို သင်နိုးကြားဖျတ်လတ်နေတဲ့အခါမှာ ပိုခက်ခဲတဲ့တာဝန်တွေ လုပ်ဖို့စီစဉ်တာကာ ပိုအကျိုးရှိပါတယ်။ သင့်တာဝန်တွေ လက်စသတ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ယူဆနိုင်တဲ့အထိ စောင့်ဆိုင်းရမယ့် ဆင်ခြေမျိုးမဖြစ်ပါစေနဲ့။ သင့်ကိုယ်သင် မလိမ်ညာပါနဲ့။ သင်ဆောင်ရွက်ရမယ့် အလုပ်ကို စတင်လုပ်ပါ။ အလုပ်ပြီးဖို့ လိုအပ်သမျှ ကိရိယာတွေကို စုစည်းပြီးတော့ သင်အောင်မြင်ဖို့ ပြင်ဆင်ထားပါ။ သင့် မိုဘိုင်းဖုန်းနဲ့ အီးမေးလ်နှိုးဆော်မှုတွေကို မလိုလားအပ်တဲ့ အာရုံပျက်မှုတွေလို ဥပက္ခာပြုထားကာ သင့်အလုပ်ထဲမှာ သီချင်းဖွင့်ရင်း၊ ဒါမှမဟုတ် Audio Book ဖွင့်နားထောင်ရင်း အားကြိုးမာန်တက်လုပ်ကိုင်ပါ။
လုပ်ဆောင်ချက်အတွက် အကြံပေးချက် . . .
သင့်အလုပ်မှာ သီချင်းနားထောင်ခွင့်ရှိရင်၊ ဒါမှမဟုတ် အလုပ်လက်စသတ်ဖို့အတွက် လှုံ့ဆော်မှု လျော့နည်းနေတယ်ဆိုရင် တက်ကြွဖျတ်လတ်တဲ့သီချင်းတွေကို သင့်ဘာသာ ရွေးချယ်စုစည်းပါ။ သင့်အလုပ်အပေါ် တောက်လျှောက်အာရုံစိုက်ဖို့ စီမံကိန်းတွေကို ဇောင်းပေးလုပ်နေစဉ် ဖုန်း SMS အဝင်ကို ပိတ်ထားကြည့်ပါ။
၅။ Pareto နိယာမကို လိုက်နာပါ။
ဒါကို '၈၀/၂၀' နိယာမလမ်းလို့ သိကြပါတယ်။ သင် ၂၀ ဖိုးလုပ်ပြီး ၈၀ ဖိုး ရလဒ်ထွက်တဲ့သဘောပါ။ ဒီနိယာမကို ခေါင်းထဲမှတ်ထားရင် အရေးကြီးဆုံးတာဝန်တွေကို သင်အာရုံစိုက်ပြီး ပိုကောင်းတဲ့ရလဒ်တွေ ရရှိဖို့ အထောက်အကူပြုလိမ့်မယ်။ အသေးအဖွဲတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ သင့်အချိန်အများကြီး အကုန်ခံမယ့်အစား အရေးကြီးဆုံးကိစ္စတွေကိုသာ သင်လုပ်တဲ့အခါ တချို့တာဝန်တွေဟာ အလားတူကောင်းမွန်ပုံ တွေ့ရမှာပါ။ ဥပမာ - အစည်းအဝေးတစ်ခုနဲ့ပတ်သက်လို့ လုပ်ဖော်ကိုင်ဖက်တွေဆီပို့မယ့် အီးမေးလ်ကို အကောင်းဆုံးဖြစ်အောင် အချိန်အများကြီးပေးမယ့်အစား အစုအဖွဲ့လိုက် ဆွေးနွေးဖို့လိုအပ်မယ့် အဓိကအချက်တွေပဲ သင်အသုံးပြုပြီး တခြားအလုပ်တွေ ဆက်လုပ်လို့ ရပါတယ်။
လုပ်ဆောင်မှုအတွက် အကြံပြုချက် . . .
သင့်ရဲ့အချိန်မှတ်ဇယားကို ပြန်သုံးသပ်စိစစ်ပါ။ 'ပါရီတို' နိယာမကို လုပ်ငန်းခွင်မှာ ဘယ်အချိန်သုံးမလဲ စဉ်းစားပါ။ သင်ဟာ စံပြဝါဒီဖြစ်ချင်လွန်းလို့၊ ဒါမှမဟုတ် တခြားကိစ္စတွေကို မလုပ်ချင်တာကြောင့် ဘယ်တာဝန်တွေ ဘယ်စီမံကိန်းအတွက် သင့်အချိန်တွေ အများကြီးဖြုန်းသလဲဆိုတာ ဖော်ထုတ်ပါ။
တစ်ခါတလေ ကျွန်ုပ်တို့ဟာ တာဝန်တစ်ခုစီတိုင်းကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ဒီနိယာမက အဲဒီဆန္ဒကို ဝိုင်းကူထိန်းချုပ်ပေးပါတယ်။ လွယ်တဲ့အလုပ်တွေအတွက် အချိန်တွေလွန်တဲ့အခါ အရေးကြီးတဲ့ အလုပ်တွေအတွက် အချိန်မလောက်ပါဘူး။
၆။ ဟန်ချက်ညီမှုကို ဆက်ထိန်းထားပါ။
သင့်ရုံးက နေ့ခင်းဘက်မှာ အနားယူခွင့်ပြုရင် သင်ဟာ ၁၅ မိနစ်အစား ၅ မိနစ်ပဲရရ လက်လွတ်မခံပါနဲ့။ စားပွဲမှထပြီး လမ်းလျှောက်ပါ။ ရုံးအပြင်ထွက်ပြီး လေကောင်းလေသန့်ရှူပါ။ သင့်ရဲ့နားရက်ကို တန်ဖိုးထားပါ။ စနေ၊ တနင်္ဂနွေရက်မှာ သင်နားရင် လုံးဝမလိုအပ်ဘူးဆိုရင် သင်အလုပ်မလုပ်ပါနဲ့။ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုနဲ့အတူ အလုပ်နဲ့လုံးဝမဆိုင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်ပြီး သင့်နားချိန်ကို အရသာခံပါ။ ဒီလိုလုပ်ခြင်းက သီတင်းပတ်အသစ်တစ်ခုကို စတင်ဖို့ သင်လန်းဆန်းပျော်ရွှင်ပြီး အသင့်ရှိနေပြီလို့ အောက်မေ့လျက် အလုပ်ပြန်ဝင်နိုင်ပါလိမ့်မယ်။ သင့်ဦးနှောက်ကို အနားပေးပြီး အလုပ်ထဲမှာ ပြောဆိုဖို့လိုအပ်မယ့် ပြဿနာတွေကို မသိစိတ်ဖြင့် စဉ်းစားဖို့ အချိန်စတင်ရရှိစေမှာပါ။ သင်ရုံးပြန်တက်တဲ့အခါ အဖြေအသစ်တစ်ခု သင်ရရှိထားပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လုပ်ဆောင်မှုအတွက်အကြံပေးချက် . . .
သင့်အလုပ်ပမာဏကို ဦးစားပေး စည်းစနစ်တကျ စီမံပြီးပြီဆိုရင် ဘယ်နေ့တွေမှာ သင်နားနိုင်မလဲဆိုတာ ရွေးချယ်ပါ။ အလုပ်တွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ အိမ်ယူသွားဖို့ မကြိုးစားပါနဲ့။ အပြည့်အဝအာရုံစိုက်ဖို့ လိုအပ်တဲ့ စီမံကိန်းတစ်ခုကို လုပ်ဆောင်နေတဲ့အခါ တတ်နိုင်သမျှ သင့်ဖုန်းနဲ့ အီးမေးလ် အကြောင်းကြားချက်တွေကို မကြာခဏပြန်ပိတ်ထားလိုက်ပါ။
Ref: 6 Ways to Be More Productive at Work
စိုးသိဏ်း