မင်းဗထူး
လာဘ်ပေးလာဘ်ယူခြင်း
အဂတိလိုက်စားမှုတွင် အခြေခံကျသောအလေ့အကျင့်တစ်ခုဖြစ်သည့် လာဘ်ပေးလာဘ်ယူခြင်းအကြောင်းနှင့် သူ့ကြောင့်ဖြစ်ရတဲ့ အကျိုးသက်ရောက်မှုများက မည်မျှအထိရှိနိုင်သလဲဆိုသည်ကို အဂတိလိုက်စားမှုကို တိုက်ဖျက်လိုသူတိုင်း ကောင်းစွာနားလည်ထားသင့်ပါသည်။ ဤနေရာတွင် ဝီကီပီးဒီးယား၏ ရှင်းလင်းချက်ကိုအခြားအကျဉ်း ချုံးဖော်ပြချက်များထက် ပို၍ နှစ်သက်မိပါသည်။
"လက်ခံသူဘက်ကသာမန်အားဖြင့် ပြောင်းလဲဖွယ်မရှိသော အခြေအနေတစ်ရပ်ကို အပြန်အလှန်အားဖြင့် တစ်စုံတစ်ရာလွှမ်းမိုးနိုင်ရန်၊ သို့မဟုတ် လုပ်ဆောင်နိုင်ရန်၊ တစ်စုံတစ်ရာတန်ဖိုးရှိသောအရာကိုပေးခြင်း၊ သို့မဟုတ် ယူခြင်း" ဟု သူကအဓိပ္ပာယ်ဖွင့်ထားပါသည်။ ကင်းဘရစ် အဘိဓာန်တွင် "တစ်ဦးတစ်ယောက်အား သင်၏ လိုအပ်ချက်တစ်စုံတစ်ရာကို လုပ်ပေးနိုင်ရေး၊ ဆွဲဆောင်နိုင်ရန်အတွက် ငွေကြေး၊ သို့မဟုတ် တန်ဖိုးရှိသောပစ္စည်းကို တရားမဝင်သောနည်းလမ်းဖြင့်ပေးသောပြုလုပ်မှု" ဟုဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍မူ လာဘ်ပေးလာဘ်ယူခြင်းဆိုသည်မှာ "မရိုးဖြောင့်သော နည်းလမ်းကိုသုံးစွဲလျက် တစ်ဦးတစ်ယောက်အား ငွေကြေး၊ သို့မဟုတ် လက်ဆောင်၊ သို့မဟုတ် သူ့အတွက် လိုအပ်ချက်ကို ပေးခြင်းဖြင့် မိမိအတွက် ထိုသူကတစ်စုံတစ်ရာ ပြန်လည်ပြုလုပ်ပေးရန်အားထုတ်ခြင်း" ဟု ဖော်ပြထားပါသည်။
အနှစ်သာရကို ရွေးနုတ်တင်ပြရမည်ဆိုလျှင် လာဘ်ပေးလာဘ်ယူခြင်းဆိုသည်မှာ တစ်ဦးတစ်ယောက်အား မိမိအတွက် တစ်စုံတစ်ရာပြုလုပ်ပေးလျှင် အပြန်အလှန်အားဖြင့် တစ်စုံတစ်ရာပြန်လည်ရရှိစေမည်ဟု တစ်နည်းနည်းဖြင့် ကမ်းလှမ်းခြင်းပင်ဖြစ်ပါသည်။ လက်ဆောင်၊ ငွေကြေး၊ တန်ဖိုးရှိသောပစ္စည်းကို မရိုးဖြောင့်သောအခြေခံဖြင့်ပေးခြင်း၊ သို့မဟုတ် ယူခြင်းဖြစ်၏။ ဝယ်ယူသူအား အခြားသူများကိုပေးသည့်အတိုင်း ဈေးလျှော့ပေးခြင်းသည် လာဘ်ပေးလာဘ်ယူခြင်းမဟုတ်သော်လည်း ရပ်ရွာလူကြီးအရွေးခံရန်၊ သို့မဟုတ် သူ့အတွက်မမှန်သက်သေခံပေးရန်၊ သို့မဟုတ် ထောက်ခံချက်ပေးရန် သို့မဟုတ် ပါမစ်တစ်ခုချပေးရေးတွင် မကန့်ကွက်စေရန် အစရှိသည့် အခွင့်အရေးတစ်စုံတစ်ရာရရှိရန်ရည်ရွယ်၍ ဈေးလျှော့ပေးခြင်းဖြစ်ပါမူ လာဘ်ပေးလာဘ်ယူခြင်းဖြစ်ပါသည်။ ထို့ကြောင့် လာဘ်ဆိုသည်မှာ လက်ခံသူ၏လုပ်ဆောင်မှု၊ သို့မဟုတ် စီမံခန့်ခွဲမှုကို လွှမ်းမိုးရန်ပေးအပ်သော လက်ဆောင်ဟုလည်းဆိုနိုင်ပါသည်။ ဤနေရာတွင် ငွေကြေး၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ အခွင့်အရေး၊ ဂါရဝလက်ဆောင်၊ ဦးစားပေးမှု၊ အကျိုးကျေးဇူး၊ အခ ကြေးငွေ၊ လျှော့ဈေး၊ နားလည်မှုဖြင့် လက်ခံခြင်းစသည် ဖြင့် ပုံစံအမျိုးမျိုးပါဝင်နိုင်ပါသည်။
အဂတိလိုက်စားမှုတွင် လာဘ်ပေးလာဘ်ယူခြင်းနှင့်အတူ မကြာခဏယှဉ်တွဲတွေ့ရှိရသော အခြားအလေ့အကျင့်တစ်မျိုးမှာ အလွဲသုံးစားမှုပြုခြင်းဖြစ်သည်။ အစိုးရဌာန၊ သို့မဟုတ် အများပြည်သူဆိုင်ရာအဖွဲ့အစည်းတစ်ခုမှ အဂတိလိုက်စားမှုကျူးလွန်လေ့ရှိသော ဝန်ထမ်းတစ်ဦးသည် မိမိ၏ရာထူးဌာနန္ထရ၊ သို့မဟုတ် အလုပ်ဌာနကိုအသုံးပြု၍ ကြီးပွားချမ်းသာအောင်နည်းလမ်းနှစ်သွယ်ဖြင့်သာပြုလုပ်နိုင်ပါသည်။ မိမိတို့ကိုထိန်းသိမ်းပေးရန်အတွက် ယုံကြည်အပ်နှံထားသော ပြည်သူ့ဘဏ္ဍာရန်ပုံငွေနှင့် မြေယာအဆောက်အအုံပစ္စည်းစသည်တို့ကို အလွဲသုံးစားပြုခြင်း၊ သို့မဟုတ် မလိုအပ်ဘဲလွဲမှားအသုံးပြုခြင်းဖြင့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေမှ နှိုက်ယူသောနည်းလမ်းနှင့် နိုင်ငံတော်အစိုးရကိုယ်စား လုပ်ပိုင်ခွင့်အာဏာရှိသူများကအများပြည်သူအတွက် လုပ်ဆောင်ပေးရမည့် ဝန်ဆောင်မှုများအတွက် ပြည်သူလူထုထံမှ အပိုငွေကြေးတောင်းခံခြင်း၊ သို့မဟုတ် လာဘ်ယူမှုကျူးလွန်ခြင်း နည်းလမ်းတို့ဖြစ်ပါသည်။
ဤသို့ အလွဲသုံးစားပြုခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းတို့မှာ သက်ဆိုင်ရာအဂတိလိုက်စားသူများ ရှုထောင့်မှကြည့်လျှင် မိမိအတွက်လိုအပ်ချက်များရှိနေ၍အစားထိုးရယူရခြင်း၊ သို့မဟုတ် လူနေမှုအဆင့်အတန်းနှင့်အညီ နေထိုင်လုပ်ကိုင်နိုင်ရန် ဖြည့်ဆည်းရခြင်းတို့သည် မိမိ၏လုပ်ပိုင်ခွင့်အတွင်းမှသာ မိမိတို့၏ကျွမ်းကျင်မှုဖြင့် လုပ်ယူခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ပြည်သူလူထုဘက်မှကြည့်လျှင်မူ ပြည်သူ့ဘဏ္ဍာရန်ပုံငွေကိုအသုံးပြု၍ ကုန်ကျဆုံးရှုံးမှုနှင့် ပြည်သူလူထုအိပ်ကပ်ထဲမှ တိုက်ရိုက်ကုန်ကျငွေများဖြစ်သည်ဟု ခံယူကြသည်။ အ မှန်စင်စစ် သူတို့၌လုပ်ပိုင်ခွင့်အာဏာရှိနေကြခြင်းသည် အများပြည်သူလူထု၏ ဘဏ္ဍာရန်ပုံငွေမှအများပြည်သူ ဆိုင်ရာရုံးဌာနတစ်ခုခုတွင် ရာထူးတာဝန်တစ်ခုခုကို အများပြည်သူက ယုံကြည်အပ်နှံထားခြင်းကြောင့်သာဖြစ်ပါသည်။ သူတို့အတွက်လိုအပ်ချက်များ၊ မပြည်စုံမှုများကို အစားထိုးရယူရန်၊ သို့မဟုတ် ြွကယ်ဝချမ်းသာလာစေရန်အတွက် ထိုသို့ခန့်ထားခြင်းမဟုတ်ဘဲ အများပြည်သူကို ဝန်ဆောင်မှုပေးရန်အတွက်သာဖြစ်၍ ယင်းတို့၏အကြောင်းပြချက်သည် ယုတ္တိမတန်ကြောင်း လူတိုင်းနားလည်နိုင်ပါသည်။ အရက်သမားတွင် အမှားတစ်ထောင်ရှိသည်ဆိုသော်လည်း သူတို့အရက်သောက်ရသည့်အကြောင်းဆင်ခြေက ထိုထက်မကပိုမိုများပြားနိုင်သကဲ့သို့ ပင်ဖြစ်ပါသည်။
ကမ္ဘာ့ဘဏ်၏ခန့်မှန်းခြေအရ ကမ္ဘာ့နိုင်ငံများတွင် နှစ်စဉ်လာဘ်ပေးမှုသည် အမေရိကန်ဒေါ်လာတစ်ထရီလီယံရှိသည်ဟု ဆိုပါသည်။ ယင်းသည် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးလုပ်ငန်းများ လုပ်ရကိုင်ရကျပ်တည်းမှု၊ ကုန်ကျစရိတ်များ ပိုမိုကုန်ကျနေရမှုနှင့် နိုင်ငံသူနိုင်ငံသားအများစု၏ ဆင်းရဲနွမ်းပါးမှုကိုဖြစ်ပေါ်စေသည်ဟုလည်း ဖော်ပြထားပါသည်။ ထို့ကြောင့် လာဘ်ပေးလာဘ်ယူသော ယဉ်ကျေးမှုသာမကအင်စတီကျူးရှင်းများကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်ပါမှသာ နိုင်ငံတစ်ခုချင်းသိသိသာ သာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အဆင်ပြေချောမွေ့မှုရှိမည်ဟုဆိုပါသည်။
လူတစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခု သည် အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်နေပါက မည်မျှအထိဆိုးဝါးသော သက်ရောက်မှုများဖြစ်ပေါ်လာနိုင်ပါသနည်း။ ဤမေးခွန်း၏အဖြေကို လူတိုင်းသိထားသင့်သည်။ သို့မှသာ အဂတိလိုက်စားမှုကို လုံးဝသည်းမခံ၊ ခွင့်မလွှတ်ရဟူသောအယူအဆကို လက်ခံနိုင်ကြပါမည်။
"ပထမသက်ရောက်မှု" မှာ မိမိ၊ သို့မဟုတ် မိမိအဖွဲ့အစည်း၏ ကိုယ်ကျင့်သိက္ခာအဆင့်အတန်းနိမ့်ကျနေကြောင်း ကို ဖော်ပြရာကျပါသည်။ ပြည်တွင်းမှာဖြစ်စေ၊ အပြည် ပြည်ဆိုင်ရာမှာဖြစ်စေ၊ အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်သိက္ခာပျက်ယွင်းခြင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့် ပြန့်လက်ခံထားကြပါသည်။ ထို့ကြောင့် လုပ်ပိုင်ခွင့်အာဏာရှိသူ၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလာ ဘ်ပေးလာဘ်ယူမှုရှိခဲ့လျှင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းမဖြစ်နိုင်တော့ချေ။ ပြည်သူလူထုအတွက် လိုအပ်သောကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား စသည်တို့အတွက် ခွဲဝေသုံးစွဲရမည့်ငွေများမှာ အဂတိလိုက်စားသူများ၏ ပုဂ္ဂလိကအကျိုးစီးပွားအတွက်ဖြစ်ကုန်ကြရ၏။ လူသားဘဝလုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ထုံးလုပ်နည်းများသည် လျစ်လျူရှုခံကြရ၏။တရားမျှတမှုမရှိသော၊ အကျင့်စာရိတ္တချို့ယွင်းသော လူနေမှုပတ်ဝန်းကျင်အဖြစ်သို့ တစ်စတစ်စရွှေ့ပြောင်းရောက် ရှိလာပြီး လူနေမှုအဆင့်အတန်းနှင့် ဘေးကင်းလုံခြုံမှုအဆင့်အတန်းနိမ့်ကျလာသည့်အပြင် နိစ္စဓူဝကြုံတွေ့နေရသည့် သာမာန်လူမှုရေးပြဿနာအခက်အခဲအတွက်ပင်လျှင် ငွေထုပ်ပိုက်၍ လိုက်လံဖြေရှင်းနေကြရသည်။
"ဒုတိယသက်ရောက်မှု" မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ကြရခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေအရလည်းကောင်း၊ ပြည်တွင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ လည်းကောင်း၊ လာဘ်ပေးလာဘ်ယူ မှုဖြစ်ပွားလာပါက ယူသူရော၊ ပေးသူပါပြစ်မှုကြောင်းအရ အရေးယူခြင်းခံရမည့်အပြင် ပြစ်ဒဏ်ကလည်းကြီးပါသည်။ အားပေးကူညီသူသည်လည်း ပြစ်မှုကျူးလွန်သူအတိုင်းပင် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပါသည်။ ထို့အပြင် OECD အဖွဲ့ဝင်နိုင်ငံအားလုံးတွင် လူတစ်ယောက်၊ သို့မ ဟုတ် အဖွဲ့အစည်းတစ်ခုသည် လာဘ်ပေးလာဘ်ယူမှုကို ပြည်တွင်း၌ဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံတစ်ခု၌ဖြစ်စေကျူးလွန်လျှင် တန်းတူပြစ်မှုမြောက်ကြောင်း သတ်မှတ်ထားပြီးလည်း ဖြစ်ပါသည်။
"တတိယသက်ရောက်မှု" မှာ ဘေးကင်းလုံခြုံမှုနှင့်အရည်အသွေးကျဆင်းနိုင်ခြင်းဖြစ်ပါသည်။ လာဘ်ပေးသောကုမ္ပဏီတစ်ခုသည် အစိုးရဌာနတစ်ခု၏ ဝယ်ယူရေးတာဝန်ရှိသူတစ်ဦးအား လာဘ်ပေး၍သူ၏ပစ္စည်းများကို ရောင်းချပေးခဲ့လျှင် ထိုပစ္စည်းများ၏ အရည်အသွေးသည် လိုအပ်ချက်အတိုင်း အစစ်အမှန်မဖြစ်နိုင်ပါ။ ဘေးကင်းမှုမရှိခြင်း၊ မကြာခဏပျက်စီး၍ ပြင်မရမှုဖြစ်ခြင်း၊ သတ်မှတ်ထားသော စွမ်းဆောင်ရည်မပြည့်မီမှုတို့ ဖြစ်နိုင်ပါသည်။
"စတုတ္ထသက်ရောက်မှု"မှာ ငွေကြေးအကုန်အကျ ပို၍များခြင်းဖြစ်သည်။ လာဘ်ပေးလာဘ်ယူမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို လျော်ကြေးပေးရခြင်း၊ တရားရုံးများတွင် ဒဏ်ကြေးပေးရခြင်း၊ စားပွဲတစ်ခုမှ နောက်တစ်ခုသို့ စာတွဲရွှေ့ပြောင်းရန်အတွက် ငွေပေးရခြင်း၊ လာဘ်ပေးပြီး လုပ်ပိုင်ခွင့်ရခြင်းသည် တရားဝင်မှုမရှိ၍ စောင့်ကြည့်စစ်ဆေးခြင်းခံရလျှင် အလုပ်ဆက်လုပ်၍ မရတော့ခြင်းတို့အထိ ဖြစ်နိုင်ပါသည်။
"ပဉ္စမသက်ရောက်မှု" မှာ ဂုဏ်သိက္ခာကျဆင်းခြင်းဖြစ်သည်။ လာဘ်ပေးလာဘ်ယူခြင်းရှိသည်ဆိုပါကအစိုးရဌာနများနှင့် ဝန်ထမ်းများ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် ဝန်ထမ်းများသာမက အခြားမည်သည့်ပုဂ္ဂလိက ပုဂ္ဂိုလ်မဆိုဂုဏ်သိက္ခာကျဆင်းခြင်း ဖြစ်စေပါသည်။ အကယ်၍ အရေးယူခြင်းခံရလျှင် သတင်းမီဒီယာများ၌ အကျယ်တဝင့်ရေးသားဖော်ပြကြမည်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကျန်ဘဝတစ်လျှောက်လုံး အလုပ်လုပ်၍အဆင်မပြေနိုင်တော့ပါ။ နိုင်ငံသားများကလည်း ဤပြစ် မှုကျူးလွန်ထားသောဌာနများ၊ အဖွဲ့အစည်းများသို့ မသွားမလာလို၊ မဆက်ဆံလိုတော့ပါ။ ထို့ကြောင့် ယင်းကဲ့ သို့သော အလုပ်ဌာနတွင် လုပ်ကိုင်နေသူသည် လူကြားထဲ မတိုးနိုင်တော့သည်အထိ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ကျွနု်ပ်တို့သည် လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်သောမူဝါဒနှင့် စီမံခန့်ခွဲမှုနည်းလမ်းများကို ကျင့်သုံးသင့်ပါသည်။ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီးက ISO37001ဟူသော စီမံခန့်ခွဲမှုစနစ်ကိုထုတ်ပြန်ထားပါသည်။ ယင်းစနစ်အရလာဘ်ပေးလာဘ် ယူတိုက်ဖျက်ရာတွင်အဖွဲ့အစည်း၏ ထိပ်ပိုင်းစီမံခန့်ခွဲမှုကတာဝန်ခံမှုရှိရန်၊ လာဘ်ပေးလာဘ်ယူမှုမဖြစ်အောင်စောင့်ကြည့်ရေး၊ လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးမူဝါဒနှင့် စီမံခန့်ခွဲမှုစနစ်တို့ကို အတိအကျလိုက်နာစေရန်၊ မလိုက်နာသူကို စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာ ရေးကြပ်မတ်ရန်၊ အခါအားလျော်စွာ စည်းမျဉ်းစည်းကမ်း များတွင် လာဘ်ပေးလာဘ်ယူဖြစ်နိုင်ခြေရှိသည့်အခြေအနေကို အကဲဖြတ်ဆန်းစစ်ရန်၊ လာဘ်ပေးလာဘ်ယူလျှော့ချစေရန် သင့်လျော်သောဘဏ္ဍာရေးထိန်းချုပ်မှုများပြုလုပ် သွားရန်၊ လက်ဆောင်၊ အလှူအတန်း၊ ဧည့်ခံပြုစုမှုနှင့် အလားတူအကျိုးခံစားခွင့်များကို ထိန်းချုပ်ရန်နှင့် နောက်ဆုံးတွင် အထက်ပါလာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးစီမံခန့်ခွဲမှုစနစ်၏ ထိရောက်မှုကို စောင့်ကြည့်၊ မှတ်သား၊ စိစစ်၊ တိုင်းတာသွားရန်တို့ဖြစ်ပါသည်။