အဂတိပယ်ခွာ ပြည်သာယာ (၃)

1

နိုင်ငံတစ်နိုင်ငံတွင် အဂတိလိုက်စားမှုသည်အချိန်ကာလ ကြာမြင့်စွာအထိန်းအချုပ်မဲ့ကြီးထွားလာခဲ့လျှင် ထိုနိုင်ငံ၏စီးပွားရေးသည် မွဲပြာကျသည့်အခြေအနေ၊ အုပ်ချုပ်ရေးသည်အစွမ်းအစမရှိ ရိုးဖြောင့်မှုမရှိ ပြည်သူလူထု၏ ယုံကြည်မှုမရှိတော့သည့် ဆိုးရွားသောအုပ်ချုပ်ရေးအခြေအနေ၊ နိုင်ငံရေးသည်ပဋိပက္ခများ နာကျင်မှုများ လက်စားချေမှုများနှင့် အဆိုးကျော့သံသရာလည်နေသောအခြေအနေ၊ လူမှုရေးယဉ်ကျေးမှုသည် ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် ဒုစရိုက်မှုများဖုံးလွှမ်းနေသည့်အခြေအနေသို့ မလွဲမသွေကျရောက်နိုင်ကြောင်း တင်ပြထားခဲ့ပြီးဖြစ်ပါသည်။

အဂတိလိုက်စားမှုဟူသည်

ကျွနု်ပ်တို့သည် ဤမျှအဖျက်စွမ်းအားကြီးမားသော အဂတိလိုက်စားမှုဟူသည်ကား အဘယ်နည်းဟု ရှေးဦးစွာ စစ်ကြောဝေဖန် သုံးသပ်ကြည့်သင့်ပါသည်။ ယင်းသည် အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက် အများအပြားရှိသောဝေါဟာရဖြစ်ပါသည်။ တိုတောင်းရှင်းလင်းသော အဓိပ္ပာယ်ဖော်ပြချက်တစ်ခုမှာ “အများပြည်သူဆိုင်ရာ အခွင့်အာဏာကို ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာအလွဲအသုံးပြု ခြင်း” ဟူ၍ ဖြစ်၏။ ဤသည်မှာ ရွေးကောက်ခံနိုင်ငံရေးအရ တာဝန်ရှိသူကဖြစ်စေ ခန့်အပ်ထားခြင်းခံရသော နိုင်ငံ့ဝန်ထမ်းကဖြစ်စေ အဂတိလိုက်စားမှုကျူးလွန်ခြင်းအပေါ်တွင် မဏ္ဍိုင်ထား၍ အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်ပါသည်။ သို့သော် ပိုမိုကျယ်ပြန့်သောအဓိပ္ပာယ်ဖွင့်ဆိုချက်များတွင်မူ ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိချုပ်၊ ဒါမှမဟုတ် ငွေကိုင်အရာရှိချုပ်၊ ဒါမှမဟုတ် စာချုပ်စာတမ်းများမှတ်တမ်းတင်၍ မှန်ကန်ကြောင်းသက်သေခံပိုင်ခွင့်ရှိသူ၊ ဒါမှမဟုတ် ပုဂ္ဂလိကကျောင်းအုပ်၊ ဒါမှမဟုတ် ပုဂ္ဂလိက ဆေးရုံအုပ်၊ ဒါမှမဟုတ် ကြေးစားဘောလုံးအသင်းမန်နေဂျာ၊ ဒါမှမဟုတ် အစိုးရမဟုတ်သော အသင်းအဖွဲ့တာဝန်ခံ စသည်ဖြင့် လူအမျိုးမျိုးနှင့် သက်ဆိုင်နိုင်ပါသည်။ စိတ်ထဲတွင် မှတ်သားထားရန် ပိုမိုခက်ခဲသော်လည်း ပိုမို၍တိကျသေချာသော အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ်မှာ ပါမောက္ခပီထရပ်ဗင်ဒူရင် (Petrus van Duyne) ၏ ဖွင့်ဆိုချက်ဖြစ်သည်။ ၎င်းက “အဂတိလိုက်စားမှုဆိုသည်မှာ ဆုံးဖြတ်ချက်တစ်ရပ်သည် မှန်ကန်ကြောင်းထင်ရှားသည့်အချက် ဖြစ်မလာနိုင်သည့်တိုင် ဆုလာဘ်၊ ဒါမှမဟုတ် ဆုလာဘ်ရရှိလိမ့်မည်ဟူသော ကတိစကား၊ ဒါမှမဟုတ် ဆုလာဘ်ရရှိရန် မျှော်လင့်ချက်တစ်ခုခုအတွက် ဆုံးဖြတ်ချက်ချမှတ်သူသည် မိမိ၏ဆုံးဖြတ်ချက်တစ်ကို ပြုလုပ်ရာတွင် ထားရှိရမည့်မူ၊ ဒါမှမဟုတ် စံမှသွေဖယ်လိုခြင်း၊ ဒါမှမဟုတ် သွေဖယ်ခွင့်ပြုခြင်းဖြင့် ဆုံးဖြတ်ချက်ပြုလုပ်သည့် လုပ်ငန်းအပေါ် မရိုးမဖြောင့်ပြုခြင်း၊ ဒါမှမဟုတ် ယိုယွင်းပျက်စီးမှုဖြစ်စေခြင်းကိုဆိုသည်” ဟု ဖွင့်ဆိုခဲ့ပါသည်။

          ဆိုလိုသည်မှာ နိုင်ငံရေးအရတာဝန်ရှိသူနှင့် နိုင်ငံ့ဝန်ထမ်းလုပ်ပိုင်ခွင့်အာဏာရှိသူတို့သာမက အကြောင်းကိစ္စတစ်ခုအပေါ် ဆုံးဖြတ်ချက်ပြုလုပ်နိုင်သူမည်သူမဆို အဂတိလိုက်စားမှုဖြစ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပထမဦးစွာပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းခံရသူများမှာ လုပ်ပိုင်ခွင့်အာဏာရှိသူများဖြစ်ကြပါသည်။ ထို့ကြောင့် သူတို့သည် အဂတိလိုက်စားခဲ့လျှင် အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားစေရန်အတွက် “အစိုးရရုံးဌာန”၊ ဒါမှမဟုတ် “အများပြည်သူဆိုင်ရာရုံး” တစ်ခုတွင် တာဝန်ယူထားပြီး “အစိုးရဌာနဆိုင်ရာ”၊ ဒါမှမဟုတ် “အများပြည်သူဆိုင်ရာ” လုပ်ပိုင်ခွင့်အာဏာ၊ ဒါမှမဟုတ် အခွင့်အာဏာကို လက်ဝယ်ရရှိထားသူသည် နိုင်ငံတော်အကျိုးစီးပွား၊ ဒါမှမဟုတ် အစိုးရအလုပ်တာဝန် ဒါမှမဟုတ် အများပြည်သူဆိုင်ရာအကျိုးစီးပွားကိုသာလုပ်ရမည်၊ လုပ်ခွင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူအားနိုင်ငံတော်က၊ ဒါမှမဟုတ် အစိုးရက၊ ဒါမှမဟုတ် အများပြည်သူကလစာစရိတ်ကိုနိုင်ငံတော်ဘဏ္ဍာရံပုံငွေ၊ အများပြည်သူဆိုင်ရာဘဏ္ဍရံပုံငွေမှ ကျခံထောက်ပံ့ပေးထားခြင်းဖြစ်သည့်အပြင် လုပ်ပိုင်ခွင့်အခွင့်အာဏာကိုလည်း ရာထူးအဆင့်အလိုက် နိုင်ငံတော်က၊ ဒါမှမဟုတ် အများပြည်သူက ပေးထားသောကြောင့်ဖြစ်ပါသည်။

          နိုင်ငံတော်၊ ဒါမှမဟုတ် အများပြည်သူကပေးသော ရာထူးဌာနန္တရနှင့် လစာငွေကိုခံစားပြီး နိုင်ငံတော်အကျိုးစီးပွား၊ အများပြည်သူအကျိုးစီးပွားမလုပ်ဘဲ ပုဂ္ဂလိကအကျိုးစီးပွားကိုလုပ်ခဲ့လျှင် ထိုသူသည် ရရှိထားသောရာထူးအာဏာလုပ်ပိုင်ခွင့်ကို အလွဲအသုံးပြုခြင်းဖြစ်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ကြရသော အေဂျင်စီ၊ ဒါမှမဟုတ် ကော်မရှင်အများစုက အထက်တွင်တင်ပြခဲ့သည့်အတိုင်း အဂတိလိုက်စားမှုကို အများနားလည်လွယ်ရန် “အများပြည်သူဆိုင်ရာ အခွင့်အာဏာကို ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ အလွဲအသုံးပြုခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ဤနေရာတွင် ကျွနု်ပ်တို့နားလည်ထားသင့်သည့် နောက်ထပ်အရေးကြီးသော အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ခုမှာ “ပုဂ္ဂလိကအကျိုးစီးပွား” ဟူသော စကားလုံးဖြစ်၏။ ဤစကားလုံး၏ အဓိပ္ပာယ်အကောက်အယူလွဲပြီး ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားကို ခွဲခြားနိုင်စွမ်းမရှိဘဲဖြစ်နေကြသည်ကို တွေ့နေရပါသည်။ ပုဂ္ဂလိကအကျိုးစီးပွားသည် မိမိတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားမျှသာမကပါ။ မိမိ၏ ဆရာသမားများ၏ အကျိုးစီးပွား၊ အပေါင်းအသင်းမိတ်ဆွေများ၏ အကျိုးစီးပွား၊ လက်အောက်ငယ်သားများ၏ အကျိုးစီးပွား၊ အလုပ်ဌာန အဖွဲ့အစည်းအသိုက်အဝန်းတစ်ခု၏ အကျိုးစီးပွားများလည်း အပါအဝင်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိထားရန် လိုပါသည်။ ဤအချက်ကို နားမလည်လျှင် လူအများအတွက် လုပ်တိုင်းအများပြည်သူအကျိုးစီးပွားအတွက်လုပ်သည်ဟူသော အယူအဆဖြစ်သွားနိုင်ပါသည်။ နိုင်ငံတော်နှင့် အများပြည်သူဆိုင်ရာဘဏ္ဍာရံပုံငွေမှ မိမိကိုကျခံထောက်ပံ့ပေးထားခြင်းသည် မိမိနှင့်ပတ်သက်ရာပတ်သက်ကြောင်း၊ ရင်းနှီးရာရင်းနှီးကြောင်းများအတွက် အလုပ်လုပ်ပေးရန်မဟုတ်ပါ။ နိုင်ငံတော်အတွက် အများပြည်သူလူထုသာဖြစ်ရပါမည်။ ဥပဒေစည်းမျဉ်း စည်းကမ်းများတွင် ပြဌာန်းသတ်မှတ်ပေးထားသည်မှာလည်း နိုင်ငံတော်အတွက် အများပြည်သူအတွက်သာဖြစ်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုအဓိပ္ပာယ်ရှင်းလင်း ဖော်ပြချက်တွင် ဤအချက်များကိုပေါ်လွင်စေရန် အထက်ပါအတိုင်း ထင်ရှားစွာထောက်ပြထားခြင်းဖြစ်ပါ သည်။

          အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ကြီး (TI) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အများပြည်သူဆိုင်ရာ လုပ်ငန်းများသာမက စီးပွားရေးလုပ်ငန်းများအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေးအသိုက်အဝန်းများအတွက်ပါ အကျုံးဝင်စေရန်အတွက် “အများပြည်သူ ဆိုင်ရာအခွင့်အာဏာ” ဆိုသည့် စကားလုံးအစား “ယုံကြည်အပ်နှံထားသော အခွင့်အာဏာ” ဟု ပြောင်းလဲအသုံးပြုကြသည်ကို တွေ့ရပါသည်။ ရည်ရွယ်ချက်မှာ အစိုးရဌာနများသာမက စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးအဖွဲ့အစည်းများအပြင် မျိုးရိုးအစဉ်အလာအမွေဆက်ခံမှု၊ လက်ထပ်ထိမ်းမြားမှု၊ ပုဂ္ဂလိကအလုပ်ဌာနများတွင် အလုပ်တာဝန်ခန့်အပ်မှု၊ ပညာရေးကျန်းမာရေးဆိုင်ရာဝန် ဆောင်မှုနှင့် အခြား ကတိကဝတ်ပြုထားမှုစသည့် အခြေအနေများအတွက်ပါ သက်ဆိုင်စေလိုသည့် သဘောဟု ယူဆပါသည်။ ゞင်းတို့၏အဆိုအရ “ယုံကြည်အပ်နှံထားသော အခွင့်အာဏာကို ပုဂ္ဂလိကအကျိုးအမြတ်အတွက်အလွဲအသုံးပြုခြင်းမရှိစေရ” ဟု ဖော်ပြထားပါသည်။

          မည်သို့ပင် အဓိပ္ပာယ်ဖွင့်ဆိုကြသည်ဖြစ်စေ အဂတိလိုက်စားခြင်းသည် သြဇာအာဏာရှိသူများက ပြုလုပ်သည့် မရိုးဖြောင့်မှု၊ ဒါမှမဟုတ် လိမ်လည်လှည့်ဖြားမှု၊ ဒါမဟုတ် ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုပင်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

မင်းဗထူး (၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလထုတ် CEO မဂ္ဂ္ဂဇင်းထဲမှ)