Will Whitehorn
ဥက္ကဋ္ဌ
Virgin အာကာသယာဉ်စီမံကိန်း
Virgin အုပ်စုနဲ့လက်တွဲအလုပ်လုပ်ခဲ့တဲ့ ၁၈ နှစ်မှာ ကျွန်တော်ရခဲ့တဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုကတော့ ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုမှာ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တစ်ယောက်ရှိဖို့ဟာ မလွဲမသွေအရေးပါတဲ့ ကိစ္စတစ်ရပ်ဆိုတာပါပဲ။ အဲဒီခေါင်းဆောင်မျိုးဟာ အခက်အခဲစိန်ခေါ်မှုတွေကို ပြတ်ပြတ်သားသား ခေါင်းမရှောင်ဘဲရင်ဆိုင်ရဲဖို့နဲ့ ဆုံးဖြတ်လုပ်ကိုင်ရဲဖို့ လိုပါတယ်။
ဗြိတိန်နိုင်ငံက ဘီဘီစီရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ Radio Five အင်တာဗျူးတစ်ခုမှာ Virgin အုပ်စုရဲ့ ခေါင်းဆောင် Richard Branson ဖြေကြားပြောဆိုတာကို သတိရနေမိပါတယ်။ အဲဒီအင်တာဗျူးမှာ Richard Branson က Virgin ရထား (Virgin Train) ကြုံရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။ တကယ်လည်း ကျွန်တော်တို့ရဲ့ Virgin ရထားတွေဟာ သွားနေရင်း ရပ်ရပ်သွားတဲ့ပြဿနာဖြစ်နေပြီး ကျွန်တော်တို့လည်း ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မဖြေရှင်းမိတဲ့ အခြေအနေပဲ။ အဲဒီအကြောင်းကို Richard Branson က ''ကျွန်တော်တို့ အသုံးမကျလို့ ဒီလိုဖြစ်နေရတာ။ ကျွန်တော်တို့ရဲ့တာဝန်က အဓိကပါပဲ။ နောင်အဲဒီလိုမဖြစ်ဖို့ လုံးဝတာဝန်ယူပါတယ်။ ပြင်ဆင်လည်း ပြင်ဆင်နေပါတယ်။ တကယ်တော့ စီးပွားဖြစ်ချင်တယ်ဆိုရင် အဲဒါကို ကောင်းကောင်းပြင်ကိုပြင်ရမယ်ဆိုတာ ကျွန်တော်လက်ခံထားပါတယ်'' လို့ ပြောပါတယ်။
အခုခေတ်မှာဆိုရင် တော်ရုံတန်ရုံစီးပွားရေးခေါင်းဆောင်တွေက ဒီလိုဝန်ခံတာဝန်ယူဖြေကြားမှာ မဟုတ်ဘူးလေ။ ရေဒီယိုဖြစ်ဖြစ်၊ တယ်လီဗေးရှင်းမှာဖြစ်ဖြစ် အင်တာဗျူးဖြေရင် ဒီလိုပြဿနာမျိုးကို ကိုယ့်အဖွဲ့အစည်းထဲက တစ်ယောက်ယောက်ကို ထိုးကြွေးအပြစ်တင်တာမျိုး၊ ဒါမှမဟုတ် ကိုယ့်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့အဖွဲ့အစည်းကို အပြစ်ဖို့တာမျိုး လုပ်ဆောင်တတ်ကြတယ်။ ကျွန်တော့်ယုံကြည်ချက်က ခိုင်မာပြတ်သားတဲ့ခေါင်းဆောင်မျိုး ရှိစေချင်တယ်။ အဓိကအချက်ကတော့ ဒီလိုခေါင်းဆောင်မျိုးက ဆုံးဖြတ်ချက်ကို တာဝန်ယူတယ်၊ အဖြေထွက်တယ်။ အဲဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုချမယ်၊ မှားချင်မှားမယ်။ ပြန်ပြင်ပြီးလုပ်ဆောင်တာဟာ ဆုံးဖြတ်ချက်မချဘဲ မျောနေတာထက်စာရင် ပိုကောင်းတယ်ဆိုတာပါပဲ။
Virgin အုပ်စုမှာ ကျွန်တော်တို့လုပ်ဆောင်နေရတာဟာ ပြတ်သားစွာတာဝန်ယူရဲတဲ့ ခေါင်းဆောင်တွေ မွေးထုတ်ဖို့ပါပဲ။ အဲဒီခေါင်းဆောင်မျိုးတွေကို တာဝန်ယူစေမယ်။ အခက်အခဲကို ဖြေရှင်းစေမယ်။ အခက်အခဲကို ဘော်ဘီဘောပုတ်ထုတ်သလို လုပ်တာမျိုး ရှောင်ရှားစေမယ်။ လွတ်လွတ်လပ်လပ် ကိုယ်လုပ်ရမယ့် အလုပ်တွေကို လုပ်ကိုင်စေရမယ်။ အဓိကအချက်ကတော့ သတ်မှတ်ထားတဲ့ စီးပွားရေးရည်မှန်းချက်တွေ ဥပမာ- သတ်မှတ်ချက်တွေ၊ ဘတ်ဂျက်တွေ၊ အရှုံးအမြတ်တွေ ပြည့်မီရင်ပြီးတာပဲလေ။ အဲဒီလို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခြင်းကနေ သူတို့ရဲ့သမိုင်းကို သူတို့ဖန်တီးနေနိုင်မယ်။
ဥပမာတစ်ခုပြောရရင် သြစတြေးလျနိုင်ငံမှာ အဲဒီနိုင်ငံသားတော်တော်များများသိတဲ့ Brett Godfrey ဟာ Virgin Airline ကို ဦးဆောင်သူတစ်ယောက်ပါ။ သူဟာလည်း Richard Branson လိုပဲ လူသိများသူပဲ။ အဲဒါကလည်း သူရော၊ ကျွန်တော်တို့ရော၊ Richard ရော လုပ်ငန်းသမိုင်းကောင်းအောင် ဝိုင်းလုပ်ခဲ့ရတယ်။ အဲဒါမှလည်း သြစတြေးလျမှာ ကျွန်တော်တို့ကြုံနေရတဲ့ စီးပွားရေးပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးနိုင်မှာလေ။
စီးပွားရေးလောကမှာ ''သမိုင်းကောင်း'' ရှိနေမှ ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ။
မှတ်သားဖို့ရာ
၁။ စီးပွားရေးမှာ အရေးကြီးဆုံးအချက်တစ်ချက်က ခိုင်မာပြတ်သားတဲ့ခေါင်းဆောင်တွေ ရှိဖို့လိုပါတယ်။ အဲဒါမှပဲ အဖွဲ့အစည်းကို တာဝန်ယူဦးဆောင်နိုင်ပြီး ပြဿနာအခက်အခဲတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
၂။ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှုမျိုးမရှိမှာကို အဖွဲ့တိုင်းစိုးရိမ်ကြပါတယ်။ တော်ရုံခေါင်းဆောင်တွေက ခေါင်းရှောင်ဖို့ကြိုးစားချိန်မှာ ခိုင်မာပြတ်သားတဲ့ခေါင်းဆောင်က တာဝန်ယူဖြေရှင်းပေးတယ်။
၃။ စီးပွားရေးနယ်ပယ်ထဲမှာ ခေါင်းဆောင်တစ်ယောက်က ပေါ်ပေါ်ထင်ထင်ရှိနေလေလေ အများပြည်သူကို ပြဿနာကြုံလာလို့ရှိရင် ဖြေရှင်းပေးဖို့ အခွင့်အရေးများလေလေဖြစ်ပါတယ်။
Virgin Group အကြောင်း
Virgin Group Ltd ဟာ Richard Branson နဲ့ Nik Powell ဆိုတဲ့ စွန့်ဦးတီထွင်သူနှစ်ယောက်က တည်ထောင်ခဲ့တဲ့ ဗြိတိန်အခြေစိုက် နာမည်ရ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု ဖြစ်ပါတယ်။ အဓိက စီးပွားရေးအနေနဲ့ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနဲ့ လူမှုဘဝအထောက်အကူပြုလုပ်ငန်းတွေ ပါဝင်တဲ့အပြင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ အစားအသောက်လုပ်ငန်းနဲ့ မီဒီယာလုပ်ငန်းအပြင် ဆက်သွယ်ရေးလုပ်ငန်းတွေမှာလည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်တာဖြစ်ပါတယ်။ အားလုံးခြုံပြောရရင် Virgin ရဲ့လုပ်ငန်းစုထဲမှာ နိုင်ငံတကာ ကုမ္ပဏီ ၄၀၀ ကျော် ပါဝင်ပါတယ်။
Virgin Group ဟာ ဗြိတိန်နိုင်ငံရဲ့ ကုမ္ပဏီမှတ်ပုံတင်ဌာန Companies House (United Kingdom's Registrar of Companies) မှာ ၁၉၈၉ ခုနှစ်တုန်းက Holding Company အဖြစ် မှတ်ပုံတင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ငန်းတွေကတော့ ၁၉၇၀ ပြည့်နှစ်တွေမှာ စတင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ Virgin Group ဟာ ခန့်မှန်းခြေ အသားတင်တန်ဖိုး ပေါင် ၅ ဘီလီယံကနေ ၅.၅ ဘီလီယံကြား ရှိတယ်လို့ သိရပါတယ်။
Virgin ဆိုတဲ့ နာမည်ကိုတော့ Richard Branson နဲ့ Nik Powell တို့ ဓာတ်ပြားဆိုင်ဖွင့်ခဲ့တုန်းက စသုံးခဲ့တာဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ဒီလုပ်ငန်းထဲမှာတော့ အတွေ့အကြုံမရှိ နုနယ်သေးတဲ့အရွယ်လို့သတ်မှတ် ပြီး ဒီနာမည်ပေးခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီ Logo မှာလည်း မှတ်မိလွယ်တဲ့အမှတ်အသားအဖြစ် V လို့ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။
၁၉၇၂ ခုနှစ်မှာတော့ Virgin Recording Studio ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ (၂၀၁၂ ခုနှစ်မှာ Universal Music Group ကို ရောင်းချခဲ့ပါတယ်။) ၁၉၇၂ ခုနှစ်ကနေ လက်ရှိအချိန်အထိလည်း Virgin ဟာ နယ်ပယ်အသီးသီးမှာ လုပ်ငန်းပေါင်းများစွာ ချဲ့ထွင်လုပ်ကိုင်လျက်ရှိသလို၊ တည်ထောင်ရောင်းချခဲ့တဲ့ လုပ်ငန်းတွေလည်း အများအပြားရှိပါတယ်။ ၂၀၁၅ ခုနှစ်ထဲမှာတော့ Virgin Trains East Coast ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ (ဒါက အမေရိကန်နိုင်ငံတွင်း ပြေးဆွဲလျက်ရှိတဲ့ ရထားလိုင်းတစ်ခုဖြစ်ပါတယ်။)
Virgin Group ပိုင် အောင်မြင်လူသိများတဲ့ လုပ်ငန်းစုတွေ အများကြီးရှိပြီး အဲဒီထဲမှာ Virgin America (အမေရိကန်ပြည်တွင်းလေကြောင်းလိုင်း) နဲ့ Virgin Media (အင်္ဂလန်နိုင်ငံအတွင်း Fixed/Moible Phone တွေ၊ Television နဲ့ Internet Broadband Services ပေးတဲ့ကုမ္ပဏီ)တို့ကတော့ ဥပမာကောင်းတွေပဲ ဖြစ်ပါတယ်။
ဒေါက်တာသာထွန်းဦး