သင်ဟာ Networking ဧည့်ခံပွဲတစ်ပွဲ၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ပွဲရောက်သွားတဲ့အခါ လူတွေက သင့်ကို အလိုအလျောက် ချဉ်းကပ်ကြသလား၊ ဒါမှမဟုတ် သင်က သူတို့ကို အဝေးရောက်စေသလား။ သင့်ရဲ့ ချဉ်းကပ်နိုင်စွမ်းကို အကောင်းဆုံးဖြစ်စေဖို့ ခြားနားတဲ့နည်းလမ်းဆယ်မျိုးကို စာရေးဆရာ Scott Ginsberg ရေးတဲ့ The Power to Approachability စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
၁။ အာရုံစိုက်ဖို့အသင့်ရှိပါစေ။
ချဉ်းကပ်နိုင်စွမ်းဆိုတာ လက်တင်ဘာသာ ကြိယာပုဒ်တစ်ခုက ဆင်းသက်ပြီး 'ပို၍နီးကပ်အောင်လာခြင်း' လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ချဉ်းကပ်ခံရသူ၊ ဒါမှမဟုတ် ချဉ်းကပ်သူနဲ့ပတ်သက်လို့တော့ ဘာမှ မပြောထားပါဘူး။ ဒါကြောင့် ချဉ်းကပ်နိုင်စွမ်းဟာ နှစ်လမ်းသွားဖြစ်တယ်ဆိုတာ အရင်ဆုံးမှတ်ထားပါ။ သူများအိမ်ရှေ့ပေါက်ကို သင်ရောက်ရှိခြင်းရော၊ သင့်အိမ်ရှေ့ပေါက်လာဖို့ သူများကို သင်ဖိတ်ခေါ်ခြင်းပါ အကျုံးဝင်ပါတယ်။ အစည်းအဝေးတစ်ခု၊ အခမ်းအနားတစ်ခု ၊ ဧည့်ခံပွဲ၊ ဒါမှမဟုတ် စကားစမြည်ပြောဆိုမှု များပြားမယ့် ဘယ်နေရာမဆို သင်ရောက်သွားတဲ့အခါ သင့်ဘက်က ကြိုတင်ပြင်ဆင်ထားပါ။ စကားပြောစရာ အကြောင်းအရာတွေ၊ မေးခွန်းတွေနဲ့ ဇာတ်လမ်းတွေကို သင့်ခေါင်းထဲမှာ အဆင်သင့်စီထားပြီး တစ်စုံတစ်ယောက်နဲ့ တွေ့တွေ့ချင်းပြောဆိုဖို့ ပြင်ထားပါ။ 'ရာသီဥတုကောင်းရဲ့လား' ဆိုတဲ့ ခွကျကျဆွေးနွေးမှုမျိုးကို သင်ရှောင်ရှားဖို့ဒီဟာက အထောက်အကူပြုနိုင်ပါတယ်။
၂။ CPI (Common Point of Interest) ရှာပါ။
CPI ဆိုတာ 'တူညီတဲ့ စိတ်ဝင်စားစရာအချက်' ဆိုတဲ့ စကားရပ်ရဲ့အတိုကောက်ဖြစ်ပါတယ်။ စကားပြောဆိုမှုနဲ့ တုံ့ပြန်လှုပ်ရှားမှုတိုင်းမှာ မပါမဖြစ်တဲ့လက္ခဏာပါ။ သင်သိပြီးသားလူတွေ၊ ဒါမှမဟုတ် လူသစ်တွေနဲ့ သင်တွေ့ဆုံတဲ့အခါ သင့်တာဝန်က တတ်နိုင်သမျှ CPI ကို တွေ့အောင်ရှာဖို့ပါ။ အဲဒါက သင့်ကို လူတွေနဲ့ ဆက်သွယ်ပေးပါတယ်။ သင်နဲ့စကားပြောနေစဉ် သူတို့ကို သက်သောင့်သက်သာပိုရှိစေတယ်။ သင်နဲ့ဘုံတူညီမှုကြောင့် လူတွေက သင့်ကို သံလိုက်လိုကပ်ပြီး သင့်ရဲ့ချဉ်းကပ်နိုင်စွမ်းလည်း တိုးပွားလာမှာပါ။ အကောင်းဆုံးအကြံပေးချက်က သင့်လျော်မှန်ကန်တဲ့ မေးခွန်းတွေကို သင်မေးဖို့ပါပဲ။ ပထမဥပမာလိုပဲ ရာသီဥတုအကြောင်းထက် ပိုကောင်းတာကိုမေးပါ။ ''ခင်ဗျား အကြိုက်ဆုံးက ဘာလဲ'' ''ဘာကအကောင်းဆုံးလဲ''၊ ဒါမှမဟုတ် ''ခင်ဗျား အရင်တစ်ခေါက်တုန်းက...'' စကားလုံးနဲ့စတဲ့ မေးခွန်းတွေမေးပါ။ CPI ကို သင်ကျိန်းသေ ရှာတွေ့ပါလိမ့်မယ်။
၃။ အကောင်းဆုံးပြန်ဖြေပါ။
''နေကောင်းလား။'' ''အခြေအနေဘယ်လိုလဲ'' ''ဘာထူးလဲ''ဆိုတဲ့ အနှစ်မဲ့တဲ့မေးခွန်းမျိုးပေါ်လာရင် ''ကောင်းပါတယ်''လို့ ပြန်မဖြေပါနဲ့။ အဲဒီဝေါဟာရ ကောင်းပါတယ် (Fine) ကို အဘိဓာန် ၂၃ အုပ်ထဲမှာ ကျွန်တော်ရှာမတွေ့ဘူး။ Fine ဆိုတာ 'ကျွန်တော်/ကျွန်မဖွင့်မပြောချင်တဲ့ ခံစားချက်တွေ' ဆိုတဲ့ စကားရပ်ရဲ့ အတိုကောက်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ ဒါကြောင့် ''ကောင်းပါတယ်'' (Fine) အစား ''သိပ်ကောင်းတယ်ဗျာ'' ''အံ့သြစရာပဲ။ အစစအရာရာ သာယာနေတယ်''၊ ဒါမှမဟုတ် ''ဒီထက်ပိုကောင်းရင် ကျွန်တော့်အမြွှာညီအစ်ကို ဖြစ်လိမ့်မယ်''ဆိုတာမျိုးဖြေပါ။ သင့်စကားပြောဖော်က သင်ပြုံးရင် သူ့ရဲ့ဟန်ပန်အမူအရာကို ချက်ချင်းပြောင်းလိမ့်မယ်။ သင့်ခံစားချက်အတိုင်း မှန်ကန်စွာ တုံ့ပြန်မှုဟာ တခြားသူတွေနဲ့ သင်အတူတကွ မျှဝေခံစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၄။ လက်မပိုက်ပါနဲ့။
သင်နွမ်းနယ်နေတဲ့အခါ၊ သင်ပျင်းရိနေတဲ့အခါ၊ သင်ချမ်းနေတဲ့အခါမှာတောင် လက်မပိုက်ပါနဲ့။ အဲဒါဟာ နှုတ်နဲ့မပြောဘဲ မသိစိတ်နဲ့ပြုလုပ်တဲ့ ရိုးရိုးစင်းစင်း အမူအရာဖြစ်တယ်။ လူသုံးများပြီး သူတို့ရဲ့ ချဉ်းကပ်စွမ်းကို နှောင့်နှေးစေတယ်။ လူတွေက သင့်နားမကပ်ချင်တာ ရလဒ်ပဲ။ သင်ဟာ ခုခံကာကွယ်သူ၊ စိတ်လှုပ်ရှားသူ၊ ဝေဖန်တတ်သူ၊ အမြင်ကျဉ်းသူ၊ ဒါမှမဟုတ် ယုံကြည်မှုနည်းသူလို့ သူများတွေက ထင်လိမ့်မယ်။ အဲဒီလိုလူမျိုးကို သင်ဆိုရင်ကော ချဉ်းကပ်ချင်ပါ့မလား။ ကျွန်တော်ကတော့ ရှောင်မှာပါ။
၅။ ယူဆခြင်းမပြုပါနဲ့။
သင်ယူဆခြင်းပြုလိုက်တိုင်း နောက်ဆုံးမှာတော့ ''ဟုတ်ပါပြီ၊ဟုတ်ပါပြီ၊ ကျွန်တော်/ ကျွန်မ သဘောပေါက်သွားပြီ'' ဆိုတဲ့ စကားမျိုးနဲ့ အဆုံးသတ်တယ်။ အောက်ဖော်ပြပါစကားရပ်တွေထဲက တစ်ခုခုကို ကျွန်တော်တို့ ပြောမိပြီးမှ စကားကျွံသွားမှန်းသိတဲ့ အကြိမ်ပေါင်း ဘယ်နှကြိမ်ရှိပြီလဲ။
- မင်းက လူသစ်ထင်တယ်နော်
- မင်းအလုပ်အကိုင်အခြေအနေ ဘယ်လိုလဲ
- ငါ့ကို မင်းမှတ်မိရဲ့လား
အခန်းထဲကို သင်မမြင်ဖူးသေးတဲ့ လူတစ်ယောက်လာရုံနဲ့ သူ့ကို လူသစ်လို့ သင်မထင်လိုက်ပါနဲ့၊ ဒါမှမဟုတ် သင်ဟာ Networking အစည်းအဝေးသွားတက်ရုံနဲ့ လာတက်တဲ့ လူတိုင်းမှာ အလုပ်အကိုင်ရှိတယ်လို့လည်း မယူဆပါနဲ့။ သင်မှတ်မိတဲ့လူတိုင်းက သင့်ကို မမှတ်မိဘူးဆိုတာတော့ ယုံပါ။ ချဉ်းကပ်နိုင်စွမ်းဟာ သက်သောင့်သက်သာဖြစ်မှုဆိုင်ရာ ပြုလုပ်ချက်တစ်ခု ဖြစ်တာကြောင့် အဲဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ အခိုက်အတန့်တွေကို အောင်မြင်မှုဝါကျတွေ သုံးပြီးရှောင်ဖို့ အရေးကြီးပါတယ်။ အောက်ပါစကားစုတွေဟာ သင်သိဖို့လိုအပ်တဲ့ သတင်းအချက်အလက်တွေ တခြားလူက သင့်ထံပေးဖြစ်စေပါလိမ့်မယ်။
- ''ကျွန်တာ်တို့ အရင်က ဆုံဖူးသလား မသိဘူး။''
- ''ဒီအပတ်ထဲမှာ ခင်ဗျားဘာလုပ်စရာရှိသလဲ''
- ''ကျွန်တော် စကော့ပါ။ အရင်လက ကုန်သည်အသင်း အစည်းအဝေးမှာ ကျွန်တော်တို့ တွေ့ဆုံခဲ့တယ်လေ''
၆။ ပြောဆိုဆက်သွယ်မှုဆိုင်ရာ နည်းလမ်းမျိုးစုံရှိပါတယ်။
သင့်မိတ်ဆွေအပေါင်းအသင်း၊ သင့်ဝယ်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သင်နဲ့ပြောဆိုဆက်သွယ်ဖို့ နည်းလမ်းမျိုးစုံ ရွေးချယ်ပါလိမ့်မယ်။ တချို့က လူချင်းတွေ့ဖို့ ရွေးချယ်ပြီး တချို့က အီးမေးလ်ပို့မယ်။ တချို့က ဖုန်းဆက်ပြီး၊ တချို့က အဲဒါတွေကို နည်းနည်းစီအကုန်လုပ်မယ်။ အရေးကြီးဆုံးက သူတို့အားလုံးနဲ့ ဆက်သွယ်လို့ရအောင် သင်လုပ်ထားဖို့ပါ။ သင့်ရဲ့လိပ်စာကတ်ပြား၊ အမြဲသုံးတဲ့ အီးမေးလ်၊ ဝက်ဘ်ဆိုက်တွေ၊ ဒါမှမဟုတ် ဈေးကွက်တင်ပစ္စည်းတွေအားလုံးပေါ်မှာ သူတို့ကြိုက်တဲ့နည်းနဲ့ သင့်ကို ဆက်သွယ်လို့ရနိုင်ကြောင်း အသိပေးထားပါ။
သင်ဟာ အီးမေးလ်ကို ပိုနှစ်သက်မှာ သေချာပေမယ့် သူများအတွက် သက်သောင့်သက်သာရှိမှုနဲ့ သူတို့ထိရောက်စွာ ပြောဆိုဆက်သွယ်နိုင်စွမ်းရှိခြင်းတို့က အဓိကကျဆုံးပါ။ တတ်နိုင်သမျှ သင့်ကို ဆက်သွယ်ဖို့ ရွေးချယ်စရာအခွင့်အလမ်း များများပေးတာ ကောင်းတဲ့စိတ်ကူးပါပဲ။ လူတစ်ဦးအတွက် သင့်ဆီ အီးမေးလ် ပို့ရုံမှအပ တခြားဘယ်နည်းနဲ့မှ ဆက်သွယ်လို့ မရနိုင်မှန်းသိရတာလောက် စိတ်ရှုပ်စရာကောင်းတာ မရှိပါဘူး။
၇။ သင့်အီးမေးလ်ထဲမှာ သင့်အကြောင်းအချက်အလက်တွေ ပါဝင်ပါစေ။
Outlook ၊ Yahoo ၊ Hotmail စသဖြင့် သင်ဘယ်လို အီးမေးလ်မျိုးပဲသုံးသုံး သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ကိုယ်ပိုင်သီးသန့်ပုံစံဖြစ်အောင် လုပ်ထားပါ။
ပေးပို့သူရဲ့ ကိုယ်ရေးကိုယ်တာအချက် တစ်ခုမှမပါတဲ့ အီးမေးလ်မျိုးကို သင်လက်ခံရရှိတာလောက် စိတ်စနိုးစနောင့် ဖြစ်စရာကောင်းတာမရှိဘူး။ အီးမေးလ်ရဲ့အဆုံးမှာ အောက်ဖော်ပြပါ အချက်အလက်တွေ သုံးပြီး အပြန်အလှန်ရည်ညွှန်းနိုင်ပါစေ။
- နာမည်
- သင့်ရာထူး
- ကုမ္ပဏီ/အဖွဲ့အစည်း
- စာပို့ရန်လိပ်စာ
- ဖုန်းနံပါတ်နှစ်ခု (အနည်းဆုံး)
- ဖက်စ်နံပါတ်
- အီးမေးလ်လိပ်စာ
- ဝက်ဘ်ဆိုက်
- သင့်အကြောင်း၊ သင့်ကုမ္ပဏီအကြောင်း၊ ဒါမှမဟုတ် သင့်အလုပ်အကိုင်အကြောင်း ဖော်ပြတဲ့ ဝါကျနှစ်ကြောင်းခန့်။
ချောစာအိတ်ပေါ်မှာ ပေးပို့သူရဲ့လိပ်စာလုံးဝမပါတဲ့ လက်ရေးချောစာတစ်စောင်ကို သင်လက်ခံရရှိဖူးသလားဆိုတာ သင်ပြန်စဉ်းစားကြည့်လိုက်ပါ။
၈။ သင့်လိပ်စာကတ်ပြားတွေ အမြဲဆောင်ထားပါ။
''အဲဒီနေ့က ကျွန်တော့်မှာ လိပ်စာကတ်ပြားတစ်ချပ်ပါသွားလို့ တော်သေးတာပေါ့'' လို့ အောင်မြင်တဲ့ စီးပွားရေးကိစ္စ တွေ့ဆုံမှုတစ်ခုနဲ့ပတ်သက်တဲ့ ဇာတ်လမ်းမျိုး သင်ပြောပြခဲ့ဖူးပါသလား။ အဲဒါဆိုရင် သိပ်ကောင်းပါတယ်။ သင်ဟာ ဆက်သွယ်ရလွယ်ကူအောင်နေပြီး ချဉ်းကပ်နိုင်စွမ်းကို လေ့ကျင့်နေတာပါ။ ဒါမှမဟုတ်ရင်တော့ သင်ဟာတန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေနဲ့ အခွင့်အလမ်းတွေကို လက်လွတ်သွားပြီမှတ်ပါ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ တချို့လူတွက လိပ်စာကတ် မေ့ကျန်တယ်။ တချို့က ကုန်နေလို့ အသစ်ထပ်ရိုက်ခိုင်းထားတယ်။ တချို့က အလုပ်အကိုင်အသစ် ပြောင်းသွားတယ်။ အဓိကအချက်က Networking လုပ်ဖို့ အချိန်နဲ့နေရာ ရှိပါတယ်။ အချိန်မရွေး၊ နေရာမရွေးပဲ။ ဘယ်သူနဲ့ သင်တွေ့မလဲဆိုတာ သင်လုံးဝကြိုမသိနိုင်ပါဘူး။
၉။ မကြောက်ပါနဲ့။
ကျွန်တော့်ကို သူတို့က ပြန်မနှုတ်ဆက်ဘူး။ ကျွန်တော့်ကို သူတို့က စိတ်ဝင်စားမှာမဟုတ်ဘူး။ ကျွန်တော်တော့ ငပေါကြီးဖြစ်တော့မှာပဲ စတဲ့ စကားမျိုးဟာ လူတွေ စကားစမြည်စတင်မပြောဖြစ်တဲ့ အကြောင်းရင်း နံပါတ်တစ်ပဲ။ သို့တစေ အလေ့အကျင့်က ဒီကြောက်စိတ်ကို ပျက်ပြယ်သွားစေလိမ့်မယ်။ မကြာခဏ သင်စကား စပြောလေ သင်ဟာ စကားပြောပိုကောင်းသူ ဖြစ်လာလေပဲ။ ဒါကြောင့် သင့်ဘာသာသင် ပထမဆုံး မိတ်ဆက်ပါ။ 'အပြုခံသူ' အစား ပြုလုပ်ရာနေရာယူတဲ့အခါ သင့်ရဲ့ ကျွမ်းကျင်မှုတွေက တိုးတက်ပြီး ငြင်းပယ်ခံရဖို့ အလားအလာ ပိုနည်းလိမ့်မယ်။ အရှုံးနဲ့အနိုင်ကို နားလည်ပါ။ သင်လုံးဝမသိတဲ့ လူစိမ်းတစ်ဦးက သင့်ကို ငြင်းပယ်ခြင်းဟာ ဘာဝမ်းနည်းစရာရှိသလဲ။
၁၀။ သင့်နာမည်ပါတဲ့ ရင်ထိုးကို အမြဲတပ်ဆင်ထားပါ။
နာမည်ရင်ထိုးတပ်ဆင်တာနဲ့ ပတ်သက်လို့ ညည်းတွားသံမျိုးစုံ ကျွန်တော်ကြားဖူးပါတယ်။ အဲဒါအားလုံးကို ထောက်ခံပါတယ်။
- နာမည်ရင်ထိုးတပ်ထားရင် အူကြောင်ကြောင်ဖြစ်တယ်။
မှန်ပါတယ်။ ဒါပေမဲ့ သင့်လုပ်ဖော်ကိုင်ဖက် အားလုံးလည်း တပ်ထားတာမမေ့နဲ့။
- နာမည်ရင်ထိုးတွေက ကျွန်တော့်အဝတ်အစားကို ပျက်စီးစေတယ်။
သင့်ရဲ့ကုတ်အင်္ကျီ ရင်ဘတ်ကော်လာမှာ တပ်ပါ။ ဒါမှမဟုတ် ခရာကြိုးတို့၊ ပလတ်စတစ်ညှပ်တို့ သုံးပါ။
- ရင်ထိုးတပ်ဖို့ မလိုပါဘူး။ လူတိုင်းကို ကျွန်တော် သိပြီးသား။
သင် တကယ်မသိပါဘူး။ စီးပွားရေးဌာနတွေနဲ့ အဖွဲ့အစည်းတွေမှာ လူသစ်တွေ အမြဲဝင်ထွက်နေတာပါ။
- ဒါပေမဲ့ လူတိုင်းက ကျွန်တော့်ကို သိပါတယ်။
သင့်ရင်ထိုးဟာ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သင့်ပါတယ်။
၁။ လူတွေအမေ့တတ်ဆုံးအရာဟာ လူနာမည်ဖြစ်တယ်။ နောက်ပြီး သင့်နာမည်ကို မသိရင်၊ ဒါမှမဟုတ် မေ့နေရင် သင့်ကို သူများတွေချဉ်းကပ်ဖို့ အလားအလာ နည်းပါတယ်။
၂။ သင့်ရင်ထိုးလေးဟာ သင်နဲ့သင့်ကုမ္ပဏီကို အခမဲ့ 'ကြော်ငြာ' ပေးတာဖြစ်တယ်။
၃။ ရင်ထိုးတွေဟာ လူတွေကို ပိုခင်မင်ရင်းနှီးဖို့ ချဉ်းကပ်လွယ်အောင် အားပေးပါတယ်။ အဲဒါကိုတော့ စိတ်ချပြီး ယုံလိုက်ပါ။
Ref: http://www.businessknowhow.com
စိုးညွန့်ဇော်