သင့်ရဲ့ကုန်ကျစရိတ်အစီရင်ခံစာက သင့်စိတ်ကိုလှစ်ဟပြနေတဲ့ ပြတင်းပေါက်ပါ

ကုန်ကျစရိတ်များနှင့်ပတ်သက်၍ ကုမ္ပဏီအချိန်အတွင်းသင်၏ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းက သင်သည်သင်၏အလုပ်တွင် ပျော်သည်၊ မပျော်သည်ကိုလည်းကောင်း၊ သင်၏ကျင့်ဝတ်နှင့်ပတ်သက်သော အသိနှင့်တရားမျတမှုတို့ကိုလည်းကောင်း အရိပ်အခြည်ပြနေသည်။

သင်၏ကုန်ကျစရိတ်အစီရင်ခံစာက သင့်အကြောင်းဘာပြောသနည်း။ လုပ်ငန်းနှင့်ပတ်သက်သောကုန်ကျစရိတ်များအား အစီရင်ခံစာတင်ခြင်းက အလုပ်ကိစ္စဖြင့် ခရီးသွားနေရသူများက ခရီးသွားစဉ်လုပ်ရသော အလုပ်တစ်ခု၊ သို့မဟုတ် လက်ထောက်များအား ခိုင်းရသောအလုပ်တစ်ခုဖြစ်သည်။ သို့သော်လည်း ကုန်ကျစရိတ်များကို တစ်နှစ်လျင်အကြိမ်အနည်းငယ်သာတင်ရသူ လူနည်းစုအတွက်မှာကား အဆိုးရွားဆုံးအလုပ်များထဲမှ တစ်ခုပင်ဖြစ်သည်။

ကုန်ကျစရိတ်အစီရင်ခံစာများကို တင်ပုံတင်နည်းက အစီရင်စာတင်သူ၏အလုပ်ရှင်အပေါ်ထားသည့် သဘောထားနှင့် ငွေကြေးနှင့်ပတ်သက်သည့် စိတ်ခံစားချက်များကို ပြနေသည်။ လူအများစုပြုစုရသော ကုန်ကျစရိတ်အစီရင်ခံစာပုံစံအချို့ကို ကုမ္ပဏီများ၏သုတေသနများနှင့် စိတ်ပညာရှင်များ၏ သိမြင်မှုများအပေါ် အခြေခံလျက် အောက်တွင်ဖော်ပြလိုက်ပါသည်။

၁။ ရှောင်တတ်သူ (The Sidestepper)

တချို့လူများက ကုန်စရိတ်အစီရင်ခံစာများပြုစုရခြင်းကို အလွန်ရှုပ်ထွေးသည်၊ ငြီးငွေ့စရာကောင်းသည် သို့မ ဟုတ် စိတ်ပူပန်စရာဖြစ်စေသည်ဟု ရှုမြင်ကြသည်။ အင်္ဂလန်နိုင်ငံမှ ကြွေးဝယ်ကတ်ကုမ္ပဏီတစ်ခုဖြစ်သည့် All-star Business Solution က ဗြိတိသျအလုပ်သမားများအား ၂၀၁၈ ခုနှစ်တွင် စစ်တမ်းသုတေသနတစ်ခုပြုလုပ်ခဲ့ရာထိုအလုပ်သမားများထဲမှ ၁၀ ရာခိုင်နှုန်းက သူတို့အားပြန်အမ်းရမည့်ငွေ၊ သူတို့ရသင့်သည့်ငွေကို စာရင်းမသွင်းကြ။ တချို့ကပြေစာများကို ပြန်စစ်ရခြင်း ဆက်သွယ်ရမည့် လူများကို စာရင်းပြုစုရခြင်းနှင့် ကျသင့်ငွေများ၊ အခွန်များကို စိစစ်ခွဲခြားရခြင်းအလုပ်များကို လုပ်ရန်စိတ်မရှည်ကြ။

တချို့ကလည်း ''အဲဒီကော်ဖီကို ဘာကြောင့်ဒေါ်လာ ၁.၅၀ ဆိုပြီး စာရင်းသွင်းထားရတာလဲ'' ဟူသော မေးခွန်းများမေးတတ်သည့် မန်နေဂျာများနှင့် ခပ်ကြောင်ကြောင်စကားပြောရမည်ကို ကြောက်ကြကြောင်း ဝန်ထမ်းရှာဖွေရေးကုမ္ပဏီ Robert Half မှ အမှုဆောင်ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သည့် Tim Hird က ဆိုလေသည်။

ငွေကြေးနှင့်ပတ်သက်၍ အသေးစိတ်များကိုင်တွယ်ရခြင်းသည် စိတ်ပူပန်ရ၊ စိတ်မရှည်ခြင်းဖြစ်ရခြင်းတို့ကြောင့် သူတို့ရမည့် ပိုက်ဆံကို စွန့်လွှတ်ကြသည်ဟု ငွေကြေးကြောင့်ဖြစ်ရသည့် ခံစားရမှုများနှင့်ပတ်သက်သည့် Emotional Currency စာအုပ်ကိုရေးသူ Kate Levinson ကဆိုသည်။ တချို့ကအပြစ်ရှိသည်ဟု ခံစားရသည့်အတွက် ဇနီးသည်ကိုပင်မပြောဘဲ ဖုံးကွယ်တတ်ကြသည်။

၂။ အနစ်နာခံတတ်သူ (The Martyr)

ဤကဲ့သို့သော ဝန်ထမ်းများသည် သူ့အလုပ်ရှင်၏ရည်မှန်းချက်ကြောင့်အားတက်ပြီး သူ၏ကုမ္ပဏီအား အလှူခံဌာနတစ်ခုကဲ့သို့ သဘောထားသည်။ သူပြန်ရမည့်ငွေ၊ ကုမ္ပဏီက သူ့အားပြန်အမ်းရမည့်ငွေများကို ကုန်ကျစရိတ် စာရင်းတွင်မထည့်ဘဲ ကုမ္ပဏီအား တစ်နည်းတစ်ဖုံအားဖြင့် အထောက်အပံ့ပေးနေရသည်ဟု ယူဆကြကြောင်းလုပ်ငန်းခွင်တွင်ဖြစ်တတ်သည့် စိတ်ခံစားမှုများအကြောင်းနှင့် ပတ်သက်သည့် No Hard Feelings စာအုပ်ကို တွဲဖက်ရေး သူ Liz Fosslien က ဖွင့်ဆိုသည်။ ထိုကဲ့သို့ ပုံစံရှိသော ဝန်ထမ်းများကို ဆီလီကွန်တောင်ကြားရှိကုမ္ပဏီအသစ်များနှင့် နည်းပညာကုမ္ပဏီများတွင်တွေ့မြင်ရကြောင်း သူမကပြောသည်။

တခြားလူများအသုံးအဖြုန်းရက်ရောသည်ဆိုသည်မှာ သူတို့၏ကိုယ်တိုင်အတွက်ပဲဖြစ်ကြောင်း MsFosslienက ဆိုသည်။ အထက်တန်းအမှုဆောင်အရာရှိတစ်ဦးအား ရက်ရောသော ထမင်းစားပွဲများနှင့် ဈေး ကြီးသောလေယာဉ်ခရီးများအတွက် ကုမ္ပဏီတစ်ခုတွင် အလုပ်ခန့်ထားပြီး မကြာမီတွင် သူသည်နာမည်ကြီးလာလေသည်။ MsFosslien က ထိုကုမ္ပဏီတွင် တစ်ချိန်က အလုပ်လုပ်ခဲ့ဖူးသည်။ ''သူကအထိန်းအကွပ်မဲ့ကို သုံးဖြုန်းနေတာပဲ။ သူကအဲဒီရာထူးမှာ မှန်ကန်တဲ့ရည်ရွယ် ချက်အတွက် ရောက်နေတာမဟုတ်ဘူးဆိုတာကို တခြားလူတွေလည်း သိလာတယ်'' MsFosslien က ပြောပြသည်။ ထိုအမှုဆောင်အရာရှိမှာ မကြာမီတွင်အလုပ်မှထွက်သွားရသည်။

၃။ အမြတ်အစွန်းတွက်တတ်သူ (The Payback Artist)

ဤဝန်ထမ်းများသည် တရားမျတမှုကို ထူးထူးခြားခြားသိကြပြီး ပိုက်ဆံကို စွမ်းအင်အတွက်ကိရိယာတစ်ခုဖြစ် သည်ဟုမြင်ကြသည်။ ထိုသူများသည် ငွေကမိသားစုဝင်များအား ထိန်းချုပ်ထားသည့် အိမ်ထောင်စုတစ်စုအတွင်း ကြီးပြင်းလာခဲ့ကြပုံရသည်။ ထို့အတွက် သူတို့မှာကုန်ကျစရိတ်များအား အထူးဂရုစိုက်ကြသည်ဟု Dr. Levinson က ဆိုသည်။

Dr. Levinson က ထိုသူများသည် တခြားလူများက မိမိတို့၏တန်ဖိုးများကို လျော့တွက်ကြသည်ဟူ၍လည်းကောင်း၊ အမှုဆောင်အရာရှိချုပ်ရသည့် လစာသည်အလွန်အမင်းများလွန်းသည်ဟူ၍လည်းကောင်း ခံစားကြလျက် သူတို့သုံးစွဲခဲ့သမျတစ်ပြားမကျန်အောင် ကုန်ကျစရိတ်စာရင်းထဲ ထည့်သွင်းကြသည်ဟုဆိုသည်။ ''ဒါကကိုယ်မကျေနပ်တာကို အလုပ်မပြုတ်စေဘဲဖော်ပြဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုပါပဲ'' ဟု သူမကဆက်ပြောလေသည်။

ထိုသူများမှာ အပြင်သို့ထွက်ကြပြီး ''ကဲ၊ ဒါကို အသုံးစရိတ်ထဲထည့်ရအောင်။ အခုငါတို့သောက်တာတွေကို ကုမ္ပဏီငွေစာရင်းမှာ ထည့်ရမယ်'' ဟု ပြောတတ်ကြကြောင်း MsFosslien ကဆိုသည်။ ''ငါကဒီထက်ပိုရသင့်တယ်'' ဟု သူတို့တွေးနေလေ့ရှိကြသည်။

တချို့က ကုန်ကျစရိတ်အစီရင်ခံစာတင်ရာမှ စိတ်ချဉ်ပေါက်လာတတ်ကြသည်။ ချီကာဂိုမြို့မှ လူသားအရင်းအမြစ်မှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူ Eileen Timmins က သူ၏ယခင်အလုပ်ရှင်တစ်ဦးနှင့်ပတ်သက်၍ ကြုံတွေ့ခဲ့ရမှုတစ်ခုကို ပြန်ပြောပြသည်။ ထိုကုမ္ပဏီ၏ဝန်ထမ်းတစ်ဦးက ညီလာခံ Sponsor တစ်ဦးအားပေးရန် သစ်သီးနှင့်ဒိန်ခဲခြင်းတစ်ခြင်းအတွက် ဒေါ်လာ ၁၅၀ တောင်းခံသည်ကို ထိုအလုပ်ရှင်ကပြန်အမ်းမပေးခဲ့။ ထို့အတွက် ထိုဝန်ထမ်းမှာ စိတ်ထိခိုက်မှုခံစားခဲ့ရသည်။ထို ဝန်ထမ်းက ''ကောင်းပြီလေ၊ ငါဘယ်လိုလုပ်ရမယ်ဆိုတာသိပါတယ်'' ဟု တုံ့ပြန်လေတော့သည်။ နောင်အခါများတွင် အသေးအဖွဲပစ္စည်းလေးများပင် မကျန်ကုန်ကျစရိတ်အားလုံးကို ကုန်ကျစရိတ်စာရင်းတွင်ထည့်လေတော့သည်။

၄။ လူသစ် (The Rookie)

အသက် ၂၀ ကျော်၊ ၃၀ ကျော်ဝန်ထမ်းများသည် အလုပ်ရှင်၏ကုန်ကျစရိတ်မူဝါဒကို ဖတ်လေ့မရှိကြ။ သို့သော်လည်း သူတို့သည် ပိုမိုသုံးစွဲလိုက်ခြင်းကြောင့် ဒုက္ခရောက်မည်ကို စိုးရိမ်တတ်ကြကြောင်းကုန်ကျစရိတ်၊ ခရီးသွားနှင့်ကျသင့်ငွေစာရင်းများ စီမံခန့်ခွဲမှုကုမ္ပဏီ SAP Concur ၏သုတေသနတစ်ခုအရသိရသည်။ လုပ်သက်ရင့်သော ဝန်ထမ်းများတွင် တွေ့ရလေ့ရှိသည့် ဆုံးဖြတ်ချက်များသည် ငယ်ရွယ်သူဝန်ထမ်းများအတွက် အလွန်အမင်း စိုးရိမ်ပူပန်စရာဖြစ်တတ်သည်။ ခရီးသွားစီမံခန့်ခွဲမှု Platform တစ်ခုဖြစ်သည့် Lola.com မှ အမှုဆောင်အရာရှိချုပ် Mike Volpe က ''သူတို့ကဘာကပုံမှန်ဖြစ်တယ်ဆိုတာကို မသိဘူး'' ဟုဆိုသည်။

အလုပ်ရှင်များက ကုမ္ပဏီပိုက်ဆံအား မိမိ၏ပိုက်ဆံကဲ့သို့ အသုံးပြုကြရန် သူတို့၏ဝန်ထမ်းများကို မကြာခဏပြောလေ့ရှိကြသည်။ ထိုစကားသည် ဟိုတယ်ခန်းတစ်ခန်းတည်းတွင် လုပ်ဖော်ကိုင်ဖက်နှင့်အတူတည်းခိုခြင်း၊ သို့မဟုတ် အချိန်ကြာသော်လည်း ဈေးနည်းသောလေကြောင်းခရီးကို အသုံးပြုခြင်းတို့ဖြစ်လိမ့်မည်ဟု ငယ်ရွယ်သူအလုပ်သမားများက ထင်ကောင်းထင်ကြမည်ဟု Flywheel ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာဒုတိယဥက္ကဋ္ဌ XSteve Isom သာကဆိုသည်။ Flywheel ကုမ္ပဏီသည် ဝက်ဘ်ဆိုက်များအား ဆောက်လုပ်၊ စီမံခန့်ခွဲသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

တခြားလူများက ဆန့်ကျင်ဘက်ဦးတည်ဖက်အတိုင်းမှားယွင်းကြသည်။ Brett Hicks က လုပ်ငန်းနှင့်ပတ်သက်၍ ဈေးကြီးသည့် ထမင်းအနပ်များ၊ စပ်အရက်မျိုးစုံကိုများကို မှာယူတတ်သည့်အကျင့်ရှိသူ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးအား လမ်းညွှန်ချက်များ (Guideline) ကို ဖော်ပြသည့်အခါ ''ငါကကုမ္ပဏီပိုက်ဆံကို ငါ့ပိုက်ဆံလို သဘောထားပြီးသုံးနေတာ'' ဟု ပြန်ဖြေလေသည်။ Ms. Hicks သည် Omaha မြို့၊ နီဘရာစကာပြည်နယ်ရှိ Jack Sellwood ၏လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးမှုမန်နေဂျာဖြစ်သည်။

စိတ်ဖိစီးမှုကြားမှ ဆုံးဖြတ်ချက်ချရခြင်းမှာ အလွန်ခက်ခဲသည်။ Omaha မြို့မှပဲ ထုတ်ကုန်မန်နေဂျာ Jack Sellwood သည် သူ၏ပထမဦးဆုံးသော နိုင်ငံတကာခရီးစဉ်အဖြစ် ဘာလင်မြို့ရှိ ညီလာခံတစ်ခုသို့ ရက်ပေါင်းများစွာတက်ရောက်ခဲ့ပြီးနောက် မောပန်းနွမ်းနယ်နေလေသည်။ ဝန်ထမ်းများသည် နောက်တစ်နေ့တွင်ရုံးတက်ကြမည်ဟု မိတ်ဆွေတစ်ဦးက လေဆိပ်တွင်ပြောသည့်အတွက် သူကလေယာဉ်ပျံလက်မှတ်အား Business Class သို့ ပြောင်းလိုက်ခြင်းဖြင့် အိပ်ရေးအနည်းငယ်ရနိုင်သည်ဟု နောက်ဆုံးအချိန်မှကပ်၍ ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း သူ၏အလုပ်ရှင်က သဘောမတူ၊ နောက်ထပ်ကုန်ကျစရိတ်ပါထည့်သွင်းထားသည့် ချက်လက်မှတ်ကို ဆိုင်းထားလေသည်။ MrSellwood က ''အိပ်ရတာတော့ တန်ပါသေးတယ်။ ဒါပေမဲ့ နောက်တစ်ခါဆိုရင်လည်း ဒီလိုပဲလုပ်ဦးမှာပဲ'' ဆိုလေသည်။

၅။ အသေးအဖွဲလိမ်တတ်သူ (The Grifter)

ရသင့်သည်ဟူသောအသိ၏ လှုံ့ဆော်မှုကြောင့် ဤကဲ့သို့သောဝန်ထမ်းမျိုးသည် ကုန်ကျစရိတ်တောင်းစရာရှိသည်ကို အပြည့်အဝတောင်းသည်။ ပို၍ပင်စာရင်းတင်သည်။ Robert Half ကုမ္ပဏီက ဘဏ္ဍာရေးအရှိချုပ် (Chief Financial Officer - CFO) ပေါင်းအယောက် ၁,၀၀၀ ကို မကြာသေးမီက သုတေသနပြုမေးမြန်းခဲ့ရာ ယင်းတို့ထဲမှ ၅၆ ရာခိုင်နှုန်း
လွန်ခဲ့သောသုံးနှစ်အတွင်း ကုန်ကျစရိတ်တောင်းခံမှုများတွင် မေးမြန်းစရာကုန်ကျမှုများပါဝင်သည်ကို တွေ့ခဲ့ကြကြောင်း ဖြေဆိုခဲ့ကြသည်။ မေးမြန်းစရာ ကုန်ကျစရိတ်များဟုဆိုရာ၌ အိမ်မွေးတိရစ္ဆာန်ထိန်းသူငှားရမ်းခ၊ ကြမ်းပိုးဆေးဖိုးပေးရငွေ၊ ပိုဂိုအရုပ် (Pogo) ဝယ်ခ၊ ပုလဲပုတီးကုန်းဖိုးကုန်ကျငွေ စသည်ဖြင့်ပါဝင်လေသည်။ ''ဒါတွေကိုကြည့်ရင် ဝန်ထမ်းတွေက ကုမ္ပဏီရဲ့ အကန့်အသတ်ကိုကျော်လွန်နေပြီဆိုတာသိနိုင်တာပဲ'' ဟု Mr. Hird က ရှင်းပြသည်။

မဆင်မခြင်သုံးစွဲသူများအား အလုပ်မှထုတ်ပစ်လေ့ရှိသော်လည်း ကုမ္ပဏီအတွက် တစ်နည်းတစ်ဖုံအကျိုး ပြုနေသူများကတော့တည်မြဲနေဆဲဖြစ်သည်။ Jack Mc Cullough ယခင်က လုပ်ခဲ့ဖူးသည့်အလုပ်တစ်ခုတွင် အရောင်းဒုတိယဥက္ကဋ္ဌတစ်ဦးသည် တစ်ရက်လျင် သုံးနပ်၊ တစ်ပတ်လျင် ငါးရက်စာထမင်းစရိတ်ကို ကုန်ကျစရိတ်အဖြစ် တောင်းခံလေ့ရှိသည်။ အမှန်တကယ်တွင် ငါးရက်စာစုစုပေါင်းမှ ဒေါ်လာ ၂၅ အောက်သာရှိသည်။ ထိုပမာဏအတွက် ကုမ္ပဏီသို့ပြေစာပေးလျင်ရသည်။ ထို့အတွက် Mr. Mc Cullough က ကုမ္ပဏီစည်းမျဉ်းများကိုကျော်လွန်နေကြောင်း အရိပ်အခြည်ပြောသည့်အခါ သူကရန်လိုသည့် ပုံစံပြလေသည်။ Mr. Mc Cullough သည် ပညာရှင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် CFO Leadership Council တွင်လည်း ဥက္ကဋ္ဌဖြစ်သည်။

မက်ဆာချူးဆက်ပြည်နယ်၊ North Andover တွင် အလုပ်လုပ်သည့် MrMcCulloughသည် ပြေစာဖြင့်တောင်းခံနိုင်သည့်ပမာဏကို ၁၅ ဒေါ်လာသို့ လျော့ချလိုက်သည်။ ထိုအခါ ထိုအရောင်းဒုဥက္ကဋ္ဌသည် သူ၏ထမင်းစရိတ်ကို ၁၄.၉၉ ဒေါ်လာသို့ လျော့ချတောင်းလေသည်။ Mr. Mc Cullough က ထိုကိစ္စအား ထိုသူ၏အထက်လူကြီးသို့တိုင်သည့်အခါ ထိုလူကြီးက ''ဒီအရောင်းသမားက လူလိမ်လူကောက်ဆိုတာသိပါတယ်။ ဒါပေမဲ့ သူကပိုက်ဆံများများရှာပေးနိုင်တဲ့လူဖြစ်နေတယ်'' ဟု တုံ့ပြန်လေသည်။ ထို့အတွက် ထမင်းဖိုးတောင်းခံသည့် ထိုကိစ္စကိုလျစ်လျူရှုလိုက်ရတော့သည်။

ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)
Ref: "Yur Expense Report is a Window into Your Soul" by Sue Shellenbarger.

Issue - ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း