လူတစ်ဦးချင်း မော်တော်ယာဉ်သွင်းကုန်ပါမစ်နှင့်ပတ်သက်သော စည်းကမ်းချက်များထုတ်ပြန်

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့စတင်ပြီး အကျုံးဝင်မယ့် လူတစ်ဦးချင်း မော်တော်ယာဉ်သွင်းကုန်ပါမစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပက မော်တော်ယာဉ်တွေကို ကုမ္ပဏီ/အသင်းအဖွဲ့တွေ၊ အစိုးရဌာနတွေ၊ နိုင်ငံတော်နှင့် လူမှုရေးအသင်းအဖွဲ့ကို လှူဒါန်းမှုတွေအတွက် ပုံမှန်အစီအစဉ်ဖြင့်လည်းကောင်း၊ ယာဉ်အို/ယာဉ်ဟောင်းအပ်နှံအစားထိုး အစီအစဉ်ဖြင့်လျှောက်ထားမှုနှင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်ဖြင့် လျှောက်ထားမှုကို အထူးအစီအစဉ်ဖြင့်လည်းကောင်း မော်တော်ယာဉ်သွင်းကုန်လိုင်စင်/ပါမစ်တွေ ခွင့်ပြုပေးနေတာဖြစ်ကြောင်း သိရပါတယ်။ မော်တော်ယာဉ်များ တင်သွင်းကြတဲ့နေရာမှာ သွင်းကုန်လိုင်စင်/ပါမစ်မရမီ တင်သွင်းခြင်း၊ လိုင်စင်/ပါမစ်ရရှိပြီးမှ တင်သွင်းပေမဲ့လည်း ဆိပ်ကမ်းရောက်ရှိပြီး အချိန်မီမထုတ်ယူခြင်း၊ ဆိပ်ကမ်းရောက်ရှိပြီးမှ လိုင်စင်/ပါမစ်ပြင်ဆင်လျှောက်ထားခြင်း၊ မော်တော်ယာဉ်များ ဆိပ်ကမ်းရောက်ရှိပြီးပေမယ့် အချိန်ကြာမြင့်စွာ ထားရှိခြင်းတွေကြောင့် ဆိပ်ကမ်းမှာ မော်တော်ယာဉ်တွေ  စုပုံနေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခြင်းများနှင့် ပတ်သက်၍  (က) လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့် သွင်းကုန်ပါမစ်ကို (၃)လခွင့်ပြုပြီး၊ သက်တမ်းတိုးခွင့်မပြုခြင်း၊ (ခ) မော်တော်ယာဉ်များ ဆိပ်ကမ်းရောက်ရှိပြီးမှ သွင်းကုန်ပါမစ်လျှောက်ထားခြင်းကို ခွင့်မပြုခြင်း၊ (ဂ) မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ပြုပြင်ပြီး (Reconditopmed) မော်တော်ယာဉ်များအတွက် ပြုပြင်ပြီးအဆင့် (Reconditioned) အချက် (၆)ပါအတိုင်း တင်သွင်းပါမည်ဟူသော ဝန်ခံကတိ တင်ပြလျှောက်ထားရန် လိုအပ်ခြင်း စတဲ့ စည်းကမ်းချက်တွေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒီစည်းကမ်းချက်တွေဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင်ပြီး အကျုံးဝင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။