လုပ်ငန်းခွင်ကဏ္ဍအသီးသီးမှာတွေ့ရတဲ့ အမျိုးသမီးများ၏ လုပ်ခလစာ၊ ရာထူးနှင့် အခွင့်အရေးများ အမျိုးသားများနှင့် တန်းတူမဖြစ်ရခြင်း အကြောင်းရင်းများကို နိုင်ငံကြီးများတွင် လေ့လာမှုများပြုလုပ်ခဲ့ပြီး ထိုမှတွေ့ရှိလာသော လက်တွေ့ကျသည့် လေ့လာချက်များကို ဖော်ပြပေးလိုက်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အမျိုးသား၊ အမျိုးသမီးတန်းတူ အခွင့်အရေးကိစ္စရပ်များကို လုပ်ငန်းရှင်များ၊ အစိုးရများသာမက အမျိုးသမီးများကိုယ်တိုင်နှင့် သူတို့၏လက်တွဲဖော်များကသာလျင် ဦးဆောင်ပြောင်းလဲနိုင်မည့်အကြောင်း ဤဆောင်းပါးက မီးမောင်းထိုးပြထားသည်။ လုပ်ခလစာတန်းတူရရှိရေး ဘာတွေက အဟန့်အတားဖြစ်နေလဲ။ ဆယ်စုနှစ်များစွာတည်ရှိခဲ့သည့် လုပ်ခလစာ တန်းတူ ရရှိရေး ဥပဒေများရှိထားသည့်တိုင် အမျိုးသမီးများ၏ ဝင်ငွေသည် အမျိုးသားများထက်များစွာ နိမ့်ကျလျက်ပင်ရှိသေးသည်။ အဘယ်ကြောင့်နည်း။
''ကျွန်မမိခင်တစ်ယောက်အမြဲဖြစ်ချင်ခဲ့ပါတယ်'' ဟု Meghan ဆိုသည့် ကလေးနှစ်ယောက်မိခင်ဖြစ်သူ ဗြိတိသျအမျိုးသမီးတစ်ဦးက ပြောခဲ့ဖူးသည်။ သူသည်စီးပွားရေးနှင့် စာရင်းကိုင်ဘွဲ့တစ်ခုရရှိပြီး အတတ်ပညာသင်တန်းများ တက်ရောက်ခဲ့ကာ အလွန်ကြိုးစားသူတစ်ဦးဖြစ်သည်။ အသက်မွေးဝမ်းကျောင်းလုပ်အကိုင်တစ်ခုကို ပိုင်ဆိုင်လိုသည့် ဆန္ဒလည်းရှိခဲ့ပြီး သူမသည် လန်ဒန်မြို့ရှိစာရင်းအင်းကုမ္ပဏီကြီးတစ်ခုတွင် အငယ်တန်းအဆင့်ဝန်ထမ်းများအား စီမံခန့်ခွဲရသူတစ်ဦးဖြစ်သည်။ သမီးလေးကို မွေးဖွားပြီးနောက် သူမ၏ ''အလုပ်အကိုင်'' နှင့် သူမအမြဲတမ်းတခဲ့သည့် ''မိခင်တစ်ဦးဖြစ်ရခြင်း'' တို့ကြား ရွေးချယ်ရမည့်အဖြစ်နှင့် ရင်ဆိုင်ရတော့သည်။ သူမ၏ အထက်အရာရှိက အခြေအနေနှစ်ခုကို ချိန်ညှိနိုင်သည့် အလုပ်အချိန်ဇယားတစ်ခုခွင့်ပြုဖို့ ငြင်းဆန်ခြင်းခံရသောအခါ အလုပ်မှ နုတ်ထွက်ခဲ့ရတော့သည်။
ခြောက်နှစ်တာကြာပြီးနောက် သူမသည် ယခင်ရရှိခဲ့သည့်လစာ၏ တစ်စိတ်တစ်ပိုင်းမျသာရှိသည့် ဝင်ငွေဖြင့် ကလေးပြုစုသူတစ်ဦးဖြစ်လာသည်။ ယခုအခါ အိမ်ထောင်ကွာရှင်းပြီးနောက် စာရင်းအင်းလုပ်ငန်းတွင် ပညာရှင်တစ်ဦးအဖြစ်ရပ်တည်နေခြင်းက သူမ၏မိသားစုအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ခုဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် တစ်ဦးတည်းသောအုပ်ထိန်းသူမိခင်တစ်ဦးအဖြစ် ရပ်တည်နေရသည့် သူမအဖို့အဆင်ပြေနိုင်သည့် အလုပ်အချိန်ဇယားရှိသော အလုပ်အကိုင်တစ်ခုရှာဖွေရရှိရေးမှာ မဖြစ်နိုင်သည့် အရာတစ်ခုကဲ့သို့ပင်ဖြစ်သည်။
ဤကဲ့သို့သောဖြစ်ရပ်များမှာ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေရသည့် အမျိုးသမီးများအတွက် ''မိခင်တစ်ဦးဖြစ်ရခြင်းအပေါ် ဒဏ်ခတ်ခံရခြင်း'' များပေါင်းစပ်၍ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စင်စစ်ဤအချက်မှာ ချမ်းသာသည့်နိုင်ငံများတွင် ''အမျိုးသားများနှင့် အမျိုးသမီးများကြား လစာနှုန်းထားနီး စပ်မှုမရှိတော့ခြင်း'' ၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။ အလုပ်ရှင်များအနေနှင့် ''နာရီပေါင်းများစွာ အလုပ်လုပ်ခြင်း'' အားပေးဆပ်နိုင်မှုနှင့် ခေါင်းဆောင်နိုင်မှုတို့၏ အလားအလာ အရည်အသွေးများအဖြစ် ရှုမြင်ကြသည်။ သို့သော် ကုန်ကျစရိတ်များပြီး ရှားပါးလှသည့် ကလေးငယ်ပြုစုသည့်ဌာနများနှင့် တိုတောင်းသည့် ကလေးကျောင်းတက်ချိန်များကြောင့် ''မိသားစုတစ်ခုတွင် အနည်းဆုံးလူတစ်ဦး အိမ်၌ရှိရန်လိုအပ်သည့်'' လောကကြီးဖြစ်လျက် ထိုပုဂ္ဂိုလ်မှာလည်း ''မိခင်ဖြစ်သူ'' သာ ဖြစ်နေလေ့ရှိသည်။
OECD (စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း) ၏ အဖွဲ့ဝင်ဖြစ်သည့် အလယ်အလတ်တန်းစားဝင်ငွေနှင့် ချမ်းသာသောနိုင်ငံများတွင်၊ အချိန်ပြည့်အလုပ်လုပ်ကိုင်သည့် အမျိုးသမီးများ၏ပျမ်းမျလုပ်ခလစာသည် အမျိုးသားများလစာ၏ ၈၅ ရာ ခိုင်နှုန်းသာရှိသည်။ ဤအချက်မှာ အများထင်မြင်ထားသကဲ့သို့ အလုပ်ရှင်များက ''အမျိုးသမီးများထက် ယင်းတို့၏နေရာတွင် လုပ်ကိုင်နေသည့် အမျိုးသားများကို လစာပိုပေးသည်'' ဆိုသော အယူအဆကြောင့်မဟုတ်ပေ။
အတိုင်ပင်ခံတစ်ဦးဖြစ်သူ ကောန်ဖယ်ရီ (Korn Ferry) ၏ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် လေ့လာကောက်ယူထားသည့် အချက်အလက်များအရ အလုပ်ရှင်တစ်ဦးတည်းထံတွင် လုပ်နေသည့်အမျိုးသားများနှင့် ထပ်တူအလုပ်ကိုလုပ်ကိုင်နေသည့် အမျိုးသမီးများသည် အမျိုးသားများရရှိသည့် လစာ၏ ၉၈ ရာခိုင်နှုန်းကို ရရှိနေကြကြောင်းတွေ့ရှိ ရသည်။ လစာကွာခြားရသည့် အကြောင်းရင်းမှန်မှာ နှစ်ခုဖြစ်နိုင်သည်။ တစ်ခုမှာ ''ရာထူးတက်ဖို့ အခွင့်အရေးနည်းပါးပြီး၊ လစာနည်းသည့် ရာထူးနေရာများတွင် အမျိုးသမီးဦးရေသည် အမျိုးသားများထက်များပြားနေခြင်း'' နှင့် အခြားတစ်ခုမှာ ''အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် မတူညီသောအလုပ်အကိုင်အမျိုးအစားနှင့် ရာထူးများအားဖြင့် ကွဲပြားခြားနားမှုဖြစ်နေပြီး အမျိုးသမီးများအနေနှင့် လစာနည်းသည့် ကဏ္ဍများတွင် လုပ်ကိုင်သူပိုမိုများပြား နေသောကြောင့်'' စသည်တို့ဖြစ်သည်။
ထိပ်သီးခုနစ်နိုင်ငံတွင်ရှိသည့် အဆင့်မြင့်အုပ်ချုပ်သူရာထူးများတွင် လုပ်ကိုင်နေသူများအနက် ငါးပုံတစ်ပုံသာ အမျိုးသမီးများဖြစ်ကြသည်။ ဥရောပနိုင်ငံများတစ်ခွင် လက်အောက်ခံအမှုထမ်းအများစုမှာ အမျိုးသမီးများဖြစ်လေ့ရှိကြသည့်တိုင် အစည်းအရုံးအုပ်ချုပ်သူများမှာ အမျိုးသားများဖြစ်ဖို့များပေသည်။ အမေရိကန်အမျိုးသမီးများလုပ်ကိုင်ကြသည့် ထိပ်ဆုံးအလုပ်အကိုင်လေးခုမှာ ကျောင်းဆရာမ၊ သူနာပြုဆရာမ၊ အတွင်းရေးမှူးနှင့် ကျန်းမာရေး အကူအလုပ်များဖြစ်ကြပြီး ယင်းအလုပ်အကိုင်အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ အမျိုးသမီးထုဖြစ်သည်။
လစာနည်းလေ့ရှိသည့်အလုပ်များ
အမျိုးသမီးများကြီးစိုးသည့် အလုပ်အကိုင်များသည် အဆင့်ပိုနိမ့်ပြီး လစာနည်းလေ့ရှိသည်။ OECD နိုင်ငံများရှိ မူလတန်းပြ ဆရာ/ဆရာမများ၏ လစာသည် ဘွဲ့ရအလုပ်အကိုင်များရရှိသည့် ပျမ်းမျလစာ၏ ၈၁ ရာခိုင်နှုန်းရှိသည်။ သူနာပြုများသည် ရဲအရာရှိများထက် လစာနည်းကြသည်။ သန့်ရှင်းရေးလုပ်သူများသည် အဆောက်အဦထိန်းသိမ်းသူများထက် ဝင်ငွေနည်းကြသည်။ အမျိုးသမီးများ၏ ဝင်ငွေနည်းနေခြင်းက လင်မယားကွာရှင်းပြီးလျင် သော်လည်းကောင်း၊ လင်ယောက်ျားသေဆုံးသောအခါ တွင်သော်လည်းကောင်း ဆင်းရဲနွမ်းပါးခြင်းဖြင့် အဆုံးသတ်ကြရသည်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။
ပညာရေးဘက်တွင် အမျိုးသားစံပြဖြစ်သူများ နည်းပါးနေခြင်းကြောင့်ဆိုသည့်အယူအဆက ကျောင်းများတွင် ယောကျ်ားလေးများက မိန်းကလေးများထက် ညံ့နေသည့်ဖြစ်ရပ်၏ အကြောင်းရင်းတစ်ခုဖြစ်သည်။ အမျိုးသမီးများနှင့် အမျိုးသားများ အသီးသီးကြီးစိုးနေကြသည့် အလုပ်များတွင် အပြန်အလှန်ဝင်ရောက်လုပ်ကိုင်ကြမည်ဆိုလျင် ယင်းတို့၏အကြား၊လုပ်ခလစာကွာဟနေသည့် အတိုင်းအတာ လျော့နည်းသွားလိမ့်မည်ဖြစ်သည်။ သို့သော် အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် အမျိုးသမီး၊ အမျိုးသားအလုပ်အကိုင်ခွဲခြားလုပ်ကိုင်မှုများ ပိုမိုများပြားလာခဲ့ပြီးနောက် လုပ်ငန်းခွင်တွင်းအမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ လုပ်ကိုင်သည့်အခြေအနေမျိုးမဖြစ်ပျက်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုခန့်ပင်ရှိနေပြီဖြစ်သည်။ ဥရောပ ၁၂ နိုင်ငံအားလေ့လာရာတွင် အမျိုးသမီးများလုပ်ကိုင်သည့် အလုပ်အကိုင်အများစုကို အမျိုးသမီးများသာ မျဝေလုပ်ကိုင်လာကြ သည့်အချက်မှာ ၁၉၉၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ပြောင်းလဲမှုသိပ်မရှိသေးကြောင်း တွေ့ရှိရသည်။ သြစတြေး လျနိုင်ငံတွင်လည်း အလားတူပုံစံမျိုးတွေ့ရသည်။
ကွဲထွက်သွားသည့် လမ်းနှစ်သွယ်
အမျိုးသားများရော အမျိုးသမီးများပါ မိမိတို့နှစ်သက်ရာဘာသာရပ်များကို လွတ်လပ်စွာရွေးချယ်သင်ယူခွင့်ရှိကြ ပြီး လုပ်ငန်းခွင်ခွဲခြားဆက်ဆံမှုများအား တားမြစ်ထားသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဖြစ်သည့်တိုင်လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံသည့် သာဓကပေါင်းများစွာရှိနေပေသေးသည်။
ကနေဒါနိုင်ငံမှပြုလုပ်သည့် စမ်းသပ်မှုတစ်ခုတွင် ထပ်တူထပ်မျတူညီသည့် အလုပ်တစ်ခုကို (ဦးဆောင်မူ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိမှု စသည့်) အင်အားပါသော စကားလုံးများဖြင့်လည်းကောင်း၊ (ပံ့ပိုးပေးနိုင်စွမ်း၊ တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိခြင်း စသည့်) အမျိုးသမီးဆန်သော စကားလုံးများဖြင့်လည်းကောင်း ကြော်ငြာခဲ့သည်။ အင်အားပါသောကြော်ငြာမှာ အမျိုးသမီးထုအပေါ်ဆွဲ ဆောင်မှုသိပ်မရှိခဲ့ပေ။ စင်စစ်၎င်းတို့အနေနှင့် ယင်းအလုပ်ကို လုပ်ကိုင်နိုင်ခြင်းမရှိဟု ယူဆခြင်းကြောင့်မဟုတ်ဘဲ ကြော်ငြာပါအချက်အလက်များအရ အမျိုးသားများကို ဦးစားပေးခေါ်ယူထားသည့် မိမိတို့နှင့်မသက်ဆိုင်သောအလုပ်ဟု ယူဆကြသောကြောင့်ဖြစ်သည်။
အမျိုးသမီးများကြီးစိုးသည့် အလုပ်များအပေါ် အမျိုးသားများ နောက်တွန့်စေသည့်အကြောင်းမှာလည်း အလားတူပင်ဖြစ်သည်။ ၁၈၉၀ ပြည့်နှစ် အချိန်ကာလ များအတွင်း သူနာပြုများလိုက်နာရမည့် ခေတ်မီအခြေခံဥပဒေသများပြုစုခဲ့သည့် ဖလောရင့်နိုက်တင်ဂေးကလည်း ''အမျိုးသားများသည် ၎င်းတို့၏ နှလုံးသားများအတွင်း မည်မျပင် နူးညံ့သိမ်မွေ့နေပါစေ ယင်းတို့၏ သန်မာ ကြမ်းတမ်းသည့် လက်များက သူနာပြုအလုပ်နှင့်သင့်တော် မှုမရှိ'' ဟု ယုံကြည်ခဲ့သည်။ တရားရုံးမှချမှတ်သည့် အ မိန့်အရ ၁၉၈၁ ခုနှစ်ကျမှသာလျင် အမေရိကန်ရှိ သူနာပြု သင်တန်းကျောင်းအချို့တွင် အမျိုးသားသင်တန်းသားများ စတင်လက်ခံခဲ့သည်။
စီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ဘွဲ့ဒီဂရီရ ယူသူများတွင် အမျိုးသမီးအရေအတွက် အချိုးအစားအ စဉ်တစိုက်များပြားလာသော်လည်း အုပ်ချုပ်သူနေရာများ နှင့် အထက်ပိုင်းရာထူးများတွင်မူ အမျိုးသမီးဦးရေတိုး တက်မှုအချိုးအစားက အမီမလိုက်နိုင်သေးပေ။ အမေရိ ကန်နိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ စီးပွားရေးဆိုင်ရာ ကောလိပ် ဒီဂရီများ၏ ထက်ဝက်ကို အမျိုးသမီးများက ရယူခဲ့ကြသည်။ သို့သော် အထက်တန်းစီမံခန့်ခွဲရေးအဆင့် ရာထူးများတွင်မူကား အမျိုးသမီးဦးရေ၏ အချိုးအစားမှာ ငါးပုံတစ်ပုံအတိုင်းပင် ရှိနေပေသေးသည်။
အမျိုးသမီးများသည် ရာထူးတိုးရေးအတွက် တောင်းဆိုလေ့မရှိခဲ့လှသော်လည်း ယခုအခါ ထိုသို့မ ဟုတ်တော့ပေ။ MCKINSEY ၏ ၂၀၁၆ ခုနှစ်တွင် လုပ်သည့် စစ်တမ်းကောက်ယူမှုအရ အမေရိကန်နိုင်ငံ တစ်ခုလုံးရှိ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အခွင့်အရေးများတောင်းဆိုနေကြပြီဖြစ်ကြောင်း တွေ့ရှိရသည်။ အဆင့်နိမ့်ရာထူးများမှလွဲ၍ အမျိုးသမီး များသည်လည်း အမျိုးသားများ၏ နှုန်းထားအတိုင်း ရာထူးတိုးပေးခြင်းခံ နေရပြီဖြစ်သည်။ အဆင့်နိမ့်ရာထူး များတွင်မူ အမျိုးသမီးများ၏ ရာထူးတိုးနှုန်းမှာ နောက် ကျန်နေဆဲဖြစ်သည်။ ဖြစ်နိုင်သည့်အကြောင်းရင်းမှာ အုပ် ချုပ်သူများအနေနှင့် အိမ်ထောင်ပြုသည့် အမျိုးသမီးများ နှင့် မကြာမီ အိမ်ထောင်ပြုမည့် အမျိုးသမီးများအား ရာ ထူးတိုးပေးရန် တုံ့ဆိုင်းနေကြခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
အလွန်အရေးပါသော ပထမဦးဆုံးအကြိမ်ရာထူး တိုးခံရမည့်အခွင့်အရေးနှင့် အိမ်ထောင်စတင်ထူထောင်လို သည့်အချိန်တို့ တိုက်ဆိုင်နေခြင်းမှာ မကြာခဏဖြစ်လေ့ ရှိသော အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ စစ်တမ်းကောက်ယူမှုတစ်ခုတွင် အမျိုးသမီးများအနေနှင့်၊ အမျိုးသားများထက် လျော့နည်းသော လစာနှုန်းထားစတင် ရရှိသည့် အသက်အပိုင်းအခြားမှာ ပထမဆုံးကလေးစတင် ရရှိသည့် အသက်အပိုင်းအခြားနှင့် တိုက်ဆိုင်နေသည်ဆို သည့် အချက်ကိုဖော်ပြထားသည်။ ံHARVARD UNIVE-RSITY မှ CLAUDIA GOLDMAN ဆိုသူကလည်း ကော လိပ်ကျောင်းဆင်း အမေရိကန်အမျိုးသမီးများနှင့်ပတ်သက် ၍ အလားတူပုံစံမျိုးတွေ့ရှိခဲ့သည်။
THE ECONOMIST နှင့် YOUGOV တို့ကဲ့သို့ သော လူထုသဘောထားကောက်ခံလေ့ရှိသည့် စာစောင်များက အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာ မန်နှင့် စကင်ဒီနေးဗီးယန်းနိုင်ငံများ၌ သုတေသနပြုလုပ် ရာတွင် အလုပ်လုပ်ချိန်အပေါ် ကလေးငယ်များက မည်သို့အကျိုးသက်ရောက်မှုရှိသည်ဆိုသည့်အချက်ကို ဤနှစ် အစပိုင်းက တိုင်းတာခဲ့သည်။ ကလေးငယ်ရှိသည့် အ မျိုးသမီးများ၏ ၄၄.၇၅ ရာခိုင်နှုန်းသည် အလုပ်လုပ်သည့်အချိန်ကို လျော့ချခြင်းဖြင့်သော်လည်းကောင်း သက်သာသည့်အလုပ်အကိုင်များသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းအား ဖြင့်သော်လည်းကောင်း ယင်းတို့၏လုပ်အားကို လျော့ချခဲ့ရပြီး အလားတူအခြေအနေနှင့် ရင်ဆိုင်ရသည့် အမျိုးသားများ၏ ၁၃.၃၇ ရာခိုင်နှုန်းသာလျင် ၎င်းတို့၏လုပ်အားကို လျော့ချခဲ့ကြကြောင်းသိရသည်။ ထိုကဲ့သို့ လျော့ချခဲ့သည့် အမျိုးသားများ၏ ထက်ဝက်ကျော်ခန့်မှာ ၎င်းတို့၏ဇနီးများကပါ လုပ်အားလျော့ချခဲ့ကြကြောင်းပြောခဲ့ကြသည်။
အမျိုးသမီးများအနေနှင့် ကလေးငယ်များအား ဦးစားပေးနေရသည့်အချိန်တွင် နောက်ကျကျန်ရစ်ခဲ့ကြရစမြဲဖြစ်သည်။ မကြာမီက အမေရိကန်နိုင်ငံတွင်ပြုလုပ် သည့် လေ့လာမှုတစ်ခုအရ မိခင်ဖြစ်ရခြင်းကြောင့်ပေးဆပ် ရသည့် အဖိုးအခအဖြစ် အမျိုးသမီးတစ်ဦး၏ပျမ်းမျဝင် ငွေသည် ကလေးငယ်တစ်ဦးရတိုင်း ၄ ရာခိုင်နှုန်း ကျ ဆင်းရပြီး ဝင်ငွေအကောင်းဆုံး ကျွမ်းကျင်သူလူဖြူအမျိုး သမီးတစ်ဦးအဖို့ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းရကြောင်း သတ်မှတ်ခဲ့သည်။ ဗြိတိန်နိုင်ငံသူမိခင်တစ်ဦးအတွက်မှာ မူ အလုပ်လက်မဲ့ကာလတစ်လျောက် နှစ်စဉ်ဝင်ငွေ ၂ ရာ ခိုင်နှုန်းကျဆင်းရပြီး ကျောင်းထွက်လက်မှတ်ကောင်းကောင်းရှိထားသူတစ်ဦးအဖို့ ၄ ရာခိုင်နှုန်းကျဆင်းရသည်။
မိခင်ဖြစ်ကာစအမျိုးသမီးအချို့မှာ မိမိတို့၏ရင် သွေးငယ်များကို အနီးကပ်ပြုစုလိုသောကြောင့် အလုပ်မှထွက်ကြသည်။ နိုင်ငံပေါင်းများစွာတွင် အများလက်ခံကြသည့် အယူအဆတစ်ခုမှာ အလုပ်လုပ်နေသည့်မိခင်ရှိသော ကျောင်းနေသည့် အရွယ်မတိုင်သေးသည့် ကလေးငယ်တစ်ဦးမှာ အန္တရာယ်ရှိသည်ဆိုသည့် အချက်ပင်ဖြစ်သည်။
အမျိုးသမီးများစွာတို့မှာ ပညာအရည်အချင်းမြင့် မားစွာမလိုအပ်သော၊ အတွေ့အကြုံအနည်းငယ်သာ လို အပ်သော အလုပ်များသို့ ပြောင်းလဲလုပ်ကိုင်ကြသည်။ ဗြိတိန်နိုင်ငံရှိ အလုပ်လုပ်သူအမျိုးသမီးထု၏ သုံးပုံတစ် ပုံ ၃၃ ရာခိုင်နှုန်းနီးပါးက သူမတို့၏ပညာအရည်အချင်း နှင့် သင့်တော်သည့်အလုပ်ထက် နိမ့်ကျသော အလုပ်များ လုပ်ကိုင်ကြရကြောင်းပြောဆိုကြသည်။ အလားတူအဖြစ် အပျက်မှာ အမျိုးသားအလုပ်သမားထုအတွင်းတွင် လေး ပုံတစ်ပုံ ၂၅ ရာခိုင်နှုန်းပင်မရှိပေ။ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် လူလိုအပ်နေသည့် သိပ္ပံပညာနှင့် အင်ဂျင်နီယာကဏ္ဍ၌ သက်ဆိုင်ရာဘွဲ့ရအ မျိုးသမီးများ ၏ ၁၅ ရာခိုင်နှုန်းသာလျင် ၎င်းတို့နှင့်သက်ဆိုင်သည့် အထူးပြုကဏ္ဍများတွင် အလုပ်ရရှိကြသည်။ အလားတူ အမျိုးသားပညာရှင်များ၏ ၃၁ ရာခိုင်နှုန်းမှာ အလုပ်ရရှိ ကြသည်။ အမျိုးသမီးလုပ်သားထု၏ ငါးပုံတစ်ပုံနီးပါး မှာ အလုပ်လက်မဲ့ဖြစ်နေကြပြီး အရည်အချင်းတူ အမျိုး သားလုပ်သားထု အလုပ်လက်မဲ့အချိုး၏ နှစ်ဆဖြစ်သည်။
ကလေးငယ်၏ မိဘနှစ်ဦးအနက် အဘယ်ကြောင့် မိခင်ဖြစ်သူက အလုပ်ထွက်အနစ်နာခံလေ့ရှိသနည်းဆို သည့်အချက်ကို တူညီသောအခြေအနေများတွင် လေ့လာ ရာထုံးစံအတိုင်း အမျိုးသားများက အမျိုးသမီးများထက် လုပ်ခလစာပိုရသည်ဆိုသည့်အချက်ကြောင့် ဆိုသည်မှာ ထင်ရှားသည်။ သို့ရာတွင် အခြားအကြောင်းရင်းများလည်း ရှိပေသေးသည်။ ဖခင်ဖြစ်စအမျိုးသားတစ်ဦးသည် မိခင် ဖြစ်စမျိုးသမီးတစ်ဦးထက် လုပ်ငန်းခွင်တွင် ပိုမိုအရာ ရောက်နှင့်ပြီး ဖြစ်နေလေ့ရှိသည်။ အဘယ်ကြောင့်ဆို သော် ခင်ပွန်းသည်ဖြစ်သူက ဇနီးသည်ထက် အသက်ကြီး လေ့ရှိသောကြောင့်ဖြစ်သည်။
အိမ်ထောင်တွင်း ထင်မြင်ချက်လွဲချော်တိမ်း စောင်းမှုကလည်း ကဏ္ဍတစ်ခုအနေနှင့် ပါဝင်ကောင်းပါ ဝင်နိုင်ပေသည်။ ယနေ့အိမ်ထောင်ရှင်အမျိုးသားများ သည် ၎င်းတို့ ဖခင်များခေတ်ကာလကထက် မိမိတို့ ကလေးငယ်ကို ပိုမိုဂရုစိုက်ပြုစုလေ့ရှိသည့်တိုင် အမှန်တ ကယ်ရှိသည့် အခြေအနေထက် မိမိတို့ကိုယ်ကိုပိုမိုတွက်ဆကောင်းတွက်ဆမိနေခြင်းလည်း ဖြစ်နိုင်ပေသည်။ မိခင်ဖြစ်ရခြင်းက ၎င်းတို့ဇနီးများ၏ အလုပ်အကိုင်အား မည်မျထိခိုက်စေခဲ့ကြောင်း သတိထားမိချင်မှ ထားမိကြ မည်ဖြစ်သည်။ ကလေးအနှီးလဲလှယ်ခြင်းနှင့် ကျောင်းကြို ပို့လုပ်ခြင်းစသည့် အလုပ်များထက်ကျော်လွန်၍ လုပ်ကိုင် ဖူးသည့် သူများအနေနှင့် ခံစားချက်အပြည့်အဝကို သိသာ စွာသဘောပေါက်ကြမှာဖြစ်သည်။
မိမိ၏ကလေးများကို အချိန်ပြည့်ထိန်းကျောင်း ပြုစုခဲ့ရသည့် TIM RUTHE-RFORD-JOHNSON ဆိုသူက မိမိသည် အိမ်တွင်အချိန်ပြည့်ကလေးထိန်းသူ ဖခင် တစ်ဦးဖြစ်ကြောင်းကို ကလေးကစားကွင်းများတွင် ဦးစွာ ကြေညာလေ့ရှိကြောင်းပြောပြခဲ့သည်။ ''ဒီကိစ္စဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ မေးခွန်းကြီးတစ်ခုလိုပဲ တစ်ချိန် လုံးခံစားနေရတယ်'' ဟုလည်းဆိုခဲ့သည်။
ဘယ်လိုဖြေရှင်းကြမလဲ
ကလေးများပြုစုထိန်းကျောင်းခြင်းနှင့် အလုပ်တာဝန်များ ကို မိဘဖြစ်သူနှစ်ဦးမည်ကဲ့သို့ ပေါင်းစပ်ဖြေရှင်းကြမည် ဆိုသည့် ဆုံးဖြတ်ချက်ချရာတွင် အစိုးရ၏မူဝါဒများက လည်း ကဏ္ဍတစ်ခုအနေနှင့် ပါဝင်လျက်ရှိသည်။ အမျိုး သားများနှင့် အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း ရှေ့အလားလာနှင့် မျော်လင့်ချက်များအပြင် ကုမ္မဏီများ ၏ အလုပ်ခန့်ထားခြင်းနှင့် ရာထူးတိုးပေးခြင်း စသည့် အချက်တို့အားလည်း ယင်းမူဝါဒများက ပုံဖော်ပေးကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် နိုင်ငံများစွာ၌ ကလေးမွေးဖွားခြင်းခွင့်ကို လစာပြည့်ဖြင့် ခံစားခွင့်ပြုခဲ့ကြသည်။ တစ်နှစ် သို့မဟုတ် တစ်နှစ်ထက် နည်းသော ခွင့်ရက်ဖြစ်စဉ်များတွင် အမျိုးသမီးများအားအလုပ်အကိုင်ခန့်ထားရေးကို မြင့်တက်စေခဲ့သည်။ ချမ်း သာသည့် နိုင်ငံများအနက် အမျိုးသမီးဝန်ထမ်းများကိုယ် ဝန်ဆောင်ခြင်းနှင့်ပတ်သက်၍ တရားဝင်ခွင့်သတ်မှတ်ပေး ထားခြင်းမရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် အ မေရိကန်နိုင်ငံတွင် အမျိုးသမီးများသည် ကလေးမွေးဖွား ပြီး ဆယ်ရက်အတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ကြသည်။ သို့သော် လုပ်ငန်းခွင်သို့ လုံးဝပြန်လည်ဝင် ရောက်ခြင်းမရှိသည့် အမျိုးသမီးများစွာလည်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏မွေးကာစ ရင်သွေးငယ် အား ကလေးထိန်းဌာနတွင် အပ်နှံထားရစ်ခဲ့ရမည့်အဖြစ် ကို မခံစားနိုင်သောကြောင့်သော်လည်းကောင်း၊ ယင်းအ တွက် ကုန်ကျမည့်စားရိတ်မှာ ၎င်းတို့၏ဝင်ငွေတစ်စိတ် တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးနီးပါးနှင့် ညီမျလိမ့်မည်ဖြစ် သည့်အတွက်ကြောင့်သော်လည်းကောင်း ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်ပိုင်းကာလများက စကင်ဒီနေး ဗီးယားနိုင်ငံများသည် ကလေးမိဘဖြစ်လာသူဝန်ထမ်းနှစ် ဦးလုံးအတွက် တရားဝင်ခွင့်ကို ပထမဦးဆုံးသတ်မှတ် သည့် နိုင်ငံများဖြစ်လာသည်။ ယင်းခွင့်ကို မိဘဖြစ်သူနှစ် ဦးက မိမိတို့ဆန္ဒအတိုင်း အဆင်ပြေသလို ခွဲဝေယူနိုင်ကြ သည်။ သို့သော် အမျိုးသားဝန်ထမ်းအနည်းငယ်သာ ထို ခွင့်ကို ယူကြသည်။ ပိုမိုသင့်လျော်သော လစာနှုန်းထား သို့မဟုတ် ခံစားခွင့်အတွက် ကြိုတင်သတ်မှတ်လျာထား ခြင်းတို့က ဖခင်ဖြစ်သူဝန်ထမ်းများအတွက် အထောက်အ ကူဖြစ်စေသည်။ လုပ်ခလစာ၏ ၈၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ အစားထိုးပေးသော ဆွီဒင်နှင့် နော်ဝေး နိုင်ငံများတွင် ဖခင်ဖြစ်လာသည့် အမျိုးသားဝန်ထမ်း ၉၀ ရာခိုင်နှုန်းက မိဘများခံစားရသည့်ခွင့်ကို စတင်ယူနေ ကြပြီဖြစ်သည်။ ဂျာမနီနိုင်ငံတွင်ဆိုလျင် ကလေးမိဘဖြစ် သူများရသည့်ခွင့်အချို့ကို ခွဲဝေယူသည့် အမျိုးသားဝန် ထမ်းများအား နှစ်လစာဆုကြေးငွေပေးရန်သတ်မှတ် လိုက်ပြီးသည့် နောက်ပိုင်း၊ဖခင်ဖြစ်လာသည့် အမျိုးသား ဝန်ထမ်းများခွင့်ယူသည့်နှုန်းမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၂၁ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းသို့တက် လာခဲ့သည်။
၂၀၁၆ ခုနှစ်က ဆွီဒင်နိုင်ငံတွင် ဖခင်ဖြစ်သူများ အတွက် ကြိုတင်သတ်မှတ်ထားသောခွင့်ကို နှစ်လမှ သုံး လအထိ တိုးမြှင့်ထားခဲ့သည်။ ခင်ပွန်းဖြစ်သူက ထိုခွင့်မျိုး တစ်လယူတိုင်း ၎င်း၏ဇနီးသည် လစာငွေအား နောင် လေးနှစ်အကြာတွင် ၇ ရာခိုင်နှုန်းမြင့်တက်စေမည် ဖြစ်သည်။
ကလေးမွေးဖွားခြင်းနှင့် သက်ဆိုင်သည့်ခွင့်ကို တိုးမြှင့်သည့် နိုင်ငံအရေအတွက် များပြားလာသည့်တိုင်၊ ဥနဃီ မှ သတ်မှတ်သည့်အတိုင်း လစာဝင်ငွေ၏ သုံးပုံ နှစ်ပုံနှင့်ညီမျသည့် ခံစားခွင့်ပေးသည့် နိုင်ငံအနည်းငယ် သာရှိပေသည်။ ဗြိတိန်နိုင်ငံတွင် ကလေးမွေးဖွားခြင်းနှင့် သက်ဆိုင်သည့် ခွင့်အချို့ကို မိဘဖြစ်သူနှစ်ဦးမျဝေယူခွင့် ရှိသော်လည်း ခွင့်ခံစားချိန်ရရှိသည့်လစာမှာ နည်းလှပေ သည်။ အမျိုးသားအများစုမှာ ဆုံးရှုံးမည့်အတိုင်းအတာကို တွက်ဆမိသောအခါ မိမိတို့၏ လုပ်ငန်းခွင်မှ အနားယူရ မည့်အကြံကို စွန့်လွှတ်လေ့ရှိကြကြောင်း MR DAVIES ဆိုသူက ပြောကြားခဲ့သည်။ ထို့ကြောင့် ခေတ်နှင့်အမီလိုက် ၍ ပြောင်းလဲနေသည့် ဇနီးမောင်နှံတို့မှာ ၁၉၅၀ ပြည့်နှစ် အိမ်ထောင်မိသားစုများအသွင် ပြန်ဖြစ်သွားကြတော့သည်။
မိခင်များအားကူညီရန်အတွက် ဖခင်များအားလည်း ကူညီကြဖို့လို
အမြော်အမြင်ရှိစွာချမှတ်ထားသည့် ကလေးမီးဖွားခွင့် မူဝါဒများ၊ ရက်ရောစွာ စီစဉ်ပေးထားသည့် ကလေးထိန်း လုပ်ငန်းများနှင့် စကင်ဒီနေးဗီးယားနိုင်ငံများ၏ ကလေး ဖခင်များခံစားရသည့် ခွင့်လစာနှုန်းထားမျိုးများရှိနေ သည့်တိုင် လိုက်လျောညီထွေ အဆင်ပြေသည့် လုပ်ငန်း ခွင်စံမျိုးမရှိဘဲနှင့်တော့ အမျိုးသမီးများသည် အမျိုးသား များနှင့် တန်းတူလိုက်နိုင်မည်မဟုတ်ပေ။ ယင်းအချက်က အမျိုးသားများအားလည်း ဖခင်ကောင်းများဖြစ်စေရန် အ ထောက်အကူပြုလိမ့်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံရှိအသက် ငယ်ရွယ်သူ ဖခင်ဝန်ထမ်းဦးရေ ထက်ဝက်နီးပါးသည် မိမိတို့၏မိသားစုကိစ္စများနှင့် မိမိတို့အလုပ်များကြား ချိန်ညှိနိုင်သည့် ဖိအားနည်းသော အလုပ်အကိုင်များသို့ ပြောင်းရွှေ့လုပ်ကိုင်လိုကြောင်း ပြောဆိုကြသည်။ သို့ သော် ယင်းသို့လုပ်ခြင်းအားဖြင့် မိမိတို့၏ အလုပ်အကိုင် များကို ထိခိုက်နိုင်ကြောင်းကို အမျိုးသမီးဝန်ထမ်းများ ထက် အမျိုးသားဝန်ထမ်းများက နှစ်ဆခန့် ပိုမိုတွေးတော မိကြလိမ့်မည်ဖြစ်သည်။
ကလေးမီးဖွားခြင်းအတွက် ခွင့်နှစ်ရက်သာပေး သည့် နယ်သာလန်နိုင်ငံမှ ဒတ်ချလူမျိုးဖခင်ဖြစ်သူ ဝန် ထမ်းတစ်ဦးက ယင်းခွင့်နှင့်သက်ဆိုင်သည့် စုပေါင်းတွေ့ ဆုံပွဲတစ်ခုတွင် ''GOOGLE ကတောင် ကျွန်တော်နဲ့ ဆန့် ကျင်ဘက်ဖြစ်နေတယ်ဗျာ'' ဟု ညည်းညူခဲ့သည်။ အ ဘယ်ကြောင့်ဆိုသော် ''ဖခင်တစ်ဦးအတွက် ကလေးငယ် ပြုစုခြင်းနှင့် မိမိအလုပ်အကိုင်တို့ အတူယှဉ်တွဲလုပ်ကိုင် ရေး'' နှင့်ပတ်သက်သည့် အကြံဉာဏ်များကို GOOGLE တွင် ရှာဖွေရာ၌ '' မိခင်တစ်ဦးအတွက် ကလေးငယ်ပြုစု ခြင်းနှင့် မိမိ၏အလုပ်အကိုင် ယှဉ်တွဲလုပ်ကိုင်ခြင်း'' အ ကြောင်းကို ဆိုလိုပါသလားဟု ပြန်လည်အမေးခံရသော ကြောင့် ဖြစ်သည်။ အမျိုးသားများနှင့် အမျိုးသမီးတို့၏ပြင်းပြသည့် ဆန္ဒနှင့်ရည်မှန်းချက်များ အသွင်တူလာသည့် အခါ ၎င်းတို့နှင့်ပတ်သက်သည့် စုံစမ်းလေ့လာချက်များအ ပေါ် တုံ့ပြန်မှုများသည်လည်း သာ၍တူညီလာမည်ဖြစ်သည်။
ခွဲခြားခံရခြင်း
ယခုနှစ်အစောပိုင်းက လူထုဆန္ဒကောက်ခံသည့် THE ECONOMISTနှင့် YOUGOV စာစောင်နှစ်ခုမှ လူအများ မိမိတို့၏အလုပ်အကိုင်နှင့် မိသားစုအရေးအခင်းများကြား တွင် မည်ကဲ့သို့ချိန်ညှိနေထိုင်ကြသနည်းဆိုသည့် မေး ခွန်းအား နိုင်ငံရှစ်နိုင်ငံရှိ လူများအားမေးမြန်းခဲ့သည်။ ''မိသားစုအတွင်း၌ အိမ်တွင်းမှုကိစ္စများနှင့် ကလေးပြုစု ခြင်းအလုပ်များကို အမျိုးသမီးများက တာဝန်ယူရသည်'' ဟု ထင်မြင်ယူဆသည့် အမျိုးသားထုကအမျိုးသမီးထု ထက် နှစ်ဆ သုံးဆခန့် ပိုနည်းကြောင်းတွေ့ရသည်။ ထိုတာဝန်များကို အညီအမျခွဲဝေယူကြသည်ဟုဆိုကြဖို့ ပိုများသည်။ ပထမဆုံးကလေးမွေးဖွားသည့်အခါ မည်သူ ကအလုပ်လုပ်ခြင်းကို လျော့ချသနည်းဆိုသည့်မေးခွန်းကို မေးမြန်းရာတွင် ထင်မြင်ချက်ကွာဟမှုနောက်တစ်ခုကို တွေ့ရပြန်သည်။ နှစ်ဖက်စလုံးက ''မိမိတို့၏ အိမ်ထောင် ဖက်များက အလုပ်လျော့လုပ်ခါ ချိန်ညှိမှုများလုပ်ပါသည်''ဟု မဖြေကြဘဲ ''မိမိတို့သာလျင် အခြေအနေနှင့်ကိုက်ညီ အောင် အလုပ်ကို ချိန်ညှိလုပ်ကိုင်ကြရပါသည်'' ဟု ဖြေ ကြားကြသည်။ ပြင်သစ်နိုင်ငံတွင်မူ အမြင်ကွာဟမှုအများ ဆုံးဖြစ်သည်။ အမျိုးသမီးများထု၏ ၅၅ ရာခိုင်နှုန်းက သူမတို့သာလျင် အလုပ်လျော့လုပ်ကြသည်ဟုဆိုကြပြီး၊ မိမိတို့၏ဇနီးများသာလျင် အလုပ်လျော့လုပ်ကြသည်ဟု ပြောသည့် အမျိုးသားထုအရေအတွက်၏ နှစ်ဆခန့်ရှိသည်။ မည်သည့်ဘက်ကပို၍ တိကျမှန်ကန်သည်ကို ရှင်း လင်းစွာမသိရသော်လည်း လူများစွာတို့သည် မိမိတို့ အိမ်ထောင်ဖက်များ၏ကဏ္ဍ၊ အစစ်အမှန်ကို လစ်လျူရှု ထားကြသည်မှာ သိသာလှပေသည်။ ၎င်းတို့၏ဇနီးများ အလုပ်ခွင်တွင် ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် အမျိုးသား များအနေနှင့် အိမ်မှုကိစ္စများကို လုပ်ကိုင်နေကြသည်ဆို သည့်တိုင် ၎င်းတို့အနေနှင့် လိုအပ်နေသည့် အချက်များ အား သတိမပြုမိခြင်းလည်း ဖြစ်ကောင်းဖြစ် နိုင်သည်။
ကျား-မ အခွင့်အရေးတန်းတူ၊ တာဝန်ယူမှုတန်း တူဖြစ်ရေးတို့ကို အိမ်တွင်းစကားဝိုင်းများတွင် တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြခြင်းဖြင့်သာ မြှင့်တင်နိုင်မည်ဖြစ်ပေသည်။
ဟေဘလု (လေးမိုင်)
Ref : The Gender Gap, Economist