လာမည့်စီးပွားရေးအကျပ်အတည်းသည် ပြီးခဲ့သည့် အကျပ်အတည်းထက် ပိုပြီးရင်ဆိုင်ကျော်လွှားရန် ခက်ခဲလိမ့်မည်ဟု The Economist စာစောင်၏ အကြီးတန်း အယ်ဒီတာနှင့် စီးပွားရေးရာပင်တိုင်ဆောင်းပါးရှင် Ryan avent က သုံးသပ်တင်ပြထားသည်။ မီချိဂန်ပြည်နယ် အစပ်၊ အင်ဒီယားနားပြည်နယ်တောင်ပိုင်းတွင် “အာလ်ခါထ်” (Elkhart) ဆိုသော မြို့တစ်မြို့ရှိသည်။ မြို့နေလူဦးရေက ငါးသောင်းကျော်ရုံမျှသာ။ စိန့်ဂျိုးဇက်မြစ်အတွင်း စီးဝင်နေသော “အာလ်ခါထ်မြစ်” အနီးတွင် ဆိုင်ခန်းများအစီအရီရှိနေသော အဓိကလမ်းမရှိသည့် မြို့ငယ်လေးမှာ မြို့ကွက်ကျခြင်းမရှိ၊ သစ်ပင်များစီတန်းလျက် တောမကျမြို့မကျ မြို့တစ်မြို့ဖြစ်သည်။ မြို့အစွန်အဖျားတစ်ဝိုက်ပြန့်ကြဲနေသည်က အမေရိကရှိဇိမ်ခံမော်တော်ယာဉ်များ (Recreational Vehicles-RVs) အများဆုံးထုတ်လုပ်နေသော လုပ်ငန်းများ၏ စက်ရုံများဖြစ်ပြီး အပြီးသတ်ပြီး မော်တော်ယာဉ်များမှာ ယင်းတို့ကိုထုတ်လုပ်ရာ ကြီးမားလှသော သိုလှောင်ရုံကြီးများ၏ အပြင်ဘက်တွင် စီစီရီရီ ရပ်နားထားသည်။
ခေတ်မီဇိမ်ခံမော်တော်ယာဉ်များမှာ သားရေကူရှင်၊ မှန်ပြန့်တီဗီ၊ ဓာတ်ငွေ့မီးလင်းဖို စသည့် အထင်ကြီးဖွယ် ဇိမ်ခံပစ္စည်းများဖြင့် ပြီးပြည့်စုံပြီး အမေရိကတစ် တိုက်လုံးအနှံ့ သက်သောင့်သက်သာ သွားရောက်နိုင်မည့် “ကုန်းလမ်းသွားဇိမ်ခံရွက်လှေများ” ဟု ဆိုရမည်ဖြစ် သည်။ ထို RVs ထုတ်လုပ်ငန်းမှာ အမေရိကစီးပွားရေးကို ခိုင်ခိုင်မာမာ အင်ပြည့်အားပြည့်လည်ပတ်ပေးနေသော လုပ်ငန်းများအနက်တစ်ခုလည်း ဖြစ်သည်။ နေအိမ်နှင့် ကားများရောင်းချမှုမှာ စီးပွားရေးသံသရာစက်ဝန်းအရ အတက်-အကျရှိသော်လည်း RVs များကမူ ထိုအလှည့်အပြောင်းမျိုးကို ခံနိုင်ရည်မရှိပေ။ ကားနှင့်နေအိမ်များ ဈေးနှုန်းမြင့်တက်လာလျှင် ဝယ်ယူသူများက လူအများနေထိုင်ရာ သမားရိုးကျနေအိမ်ခန်းများကိုသာ မဆိုင်းမတွ ဝယ်ယူရန်စဉ်းစားမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်တွင် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်မည့်အပေါ် စိုးရိမ် လာကြပါက RVs ထုတ်လုပ်ငန်းများအနေဖြင့်လည်း အခက်ကြုံမှာပင်။
“အာလ်ခါထ်” မြို့လေးရှိလူဦးရေအနက် လေးပုံတစ်ပုံကျော်မှာ RVs ထုတ်လုပ်ငန်းများ၏ ဝန်ထမ်းများ ဖြစ်ကြသည်။ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ၁၉၃၀ ပြည့် လွန်နှစ်များအချိန်ကာလပြီးလျှင် အဆိုးဝါးဆုံးအခြေဆိုက်အောင် ထိုးစိုက်ဆင်းစေခဲ့သည့် ၂၀ဝ၇-၂၀ဝ၈ ကမ္ဘာ့ငွေ ကြေးအကျပ်အတည်းက RVs စက်ရုံဝန်ထမ်းများအနက် တစ်ဝက်နီးပါးကို လျော့ကျစေခဲ့သည်။ အလုပ်လက်မဲ့နှုန်းမှာ ငါးဆနီးပါး ၂၀ ရာခိုင်နှုန်းထိရှိခဲ့သည်။ ဝင်ငွေရောလူဦးရေ ပါလျော့နည်းကျဆင်းသွားခဲ့သည့် အာလ်ခါထ်မြို့လေးမှာ သမ္မတအိုဘားမား စတင်တာဝန်ယူပြီးစ ၂၀ဝ၉ ခုနှစ်တွင် ပထမဆုံးသွားရောက်ခဲ့သောနေရာများအနက်တစ်ခုအပါအဝင်ဖြစ်သည်။ အိုဘားမားအစိုးရရင် ဆိုင်ရမည့် ထူးခြားရှားပါးသော စီးပွားရေးရာစိန်ခေါ်မှုအတွက် ထိုမြို့လေးမှာ နမူနာပြဖြစ်ခဲ့သည်။
သို့သော် ထိုမြို့လေးမှာ အခက်အခဲချောက်ကမ်း ပါးစွန်းမှလွတ်မြောက်ခဲ့ပါသည်။ သမ္မတအိုဘားမား၏ ပထမသက်တမ်း အကုန် ၂၀၁၂ ခုနှစ်တွင် အလုပ်လက်မဲ့ နှုန်း တစ်ဝက်ကျော်လျော့နည်းလာခဲ့ပြီး ဒုတိယသက်တမ်း အလွန် သမ္မတဒေါ်နယ်ထရန့်တာဝန်ယူပြီးနောက် အလုပ်လက်မဲ့နှုန်းထား နောက်ထပ်တစ်ဝက်ကျော် ထပ်မံလျော့ကျခဲ့သည်။ ယခု ၂၀၁၈ ခုနှစ်ဆန်းပိုင်းတွင် အလုပ်လက်မဲ့နှုန်းမှာ ၂ ရာခိုင်နှုန်းအထိ အလွန်လျော့ကျခဲ့ပြီး အမေရိကန်တို့လည်း ဇိမ်ခံပစ္စည်းမျိုးစုံအား ပက်ခနဲဆိုသလို ပြန်လည်ဝယ်ယူလာကြသည်။ ထိုဒေသရှိ ကုမ္ပဏီများက ကြော်ငြာထား သည့်အလုပ်နေရာများတွင် (အလုပ်ရှာသူနည်းပါးလာသောကြောင့်) ခန့်ထားနိုင်ခြင်းမရှိပေ။ အချိန်ကောင်းတို့ တစ်ပတ်ပြန်လည်ရောက်ရှိလာပြီဖြစ် သည်။
သို့သော် ထိုအချိန်ကောင်းမှာ ဘယ်လောက်ကြာ မြင့်ပါမည်လဲ။ ဤသို့ အမေရိကစီးပွားရေးတိုးတက်မှုက ပင် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ကြိုတင်ပြင်ဆင်မှုမရှိသော ကမ္ဘာ့စီးပွားရေး ကျဆင်း ဆုတ်ယုတ်မှု နောက်ထပ်အ သစ်တစ်ခု တစ်နေ့နေ့တွင်ဖြစ်လာဖို့ မီးထိုးပေးနေပြီ ဖြစ်သည်။ ဘယ်အချိန်တွင် ဖြစ်ပေါ်မည်ဆိုသည်ကိုမူ ပြောရန်ခက်ပါသည်။ အမေရိကန်နိုင်ငံ၏ စီးပွားသံသရာအတက်-အကျစက်ဝန်းကို လေ့လာမှုဆန်းစစ်မှုများက နိုင်ငံစီးပွားရေးသည် အစပိုင်းတွင် တိုးတက်မှုမှ နောက်ပိုင်းတွင် ကျဆင်းမှုသို့ ကပြောင်းကပြန်ဖြစ်ကောင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ စင်စစ်တွင် အမေရိကအနေဖြင့် စီးပွားရေးတိုးတက်မှုကို ဆယ်စုနှစ်တစ်စု ကျော်ကြာအောင် ထိန်းထားနိုင်သောစံချိန်မရှိခဲ့ဖူးပေ။ သို့သော် ဩစတြေးလျ ၊ ကနေဒါနှင့် နယ်သာလန်တို့သည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်သော စီးပွားရေးတိုးတက်မှုကို ခံစားကြရသည်။ ထို့ကြောင့် အကောင်းတွေ အကုန် လုံးဆုံးရှုံးသွားဖို့ဆိုသည်မှာ လိုပါသေးသည်ဟု ဆိုရမည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖြစ်ဖို့ရာတွင် မည်သို့သောအချက်တစ်ခုခု ဖြစ်ပေါ်ရမည်ဆိုသည်ကို ခြေခြေမြစ်မြစ်သုံးသပ်ထားမှု မရှိသော်လည်း ကမ္ဘာတစ်ဝန်းစီးပွား တိုးတက်မှု အလွန်နှေးကွေးလာခြင်းဆိုသည့်အချက်၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ ငွေကြေးဖောင်းပွမှုနှင့် အလိုက်သင့်ညှိထားသည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Real GDP) ကျဆင်းခြင်းဆိုသည့် အချက်တို့နှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်နိုင်ခြေရှိ-မရှိ ခွဲခြား သိရှိနိုင်သည်။ အကြမ်းအားဖြင့် ၁၉၈၀ ပြည့်နှစ်မှ ယခုအထိ ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ]လေးကြိမ်} (၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလ၊ ၁၉၉၀ ပြည့် လွန်နှစ်များ အစောပိုင်းကာလ၊ ၂၀ဝ၁ ခုနှစ် နှင့် ၂၀ဝ၇-၂၀ဝ၈ အကျပ်အတည်းကာလ) ဖြစ်ခဲ့ဖူးသည်။ ထိုလေး ကြိမ်စလုံးတွင် ဂျီဒီပီတိုးတက်မှုကျဆင်းလာခြင်း၊ ကုန်သွယ်ရေးဖွံ့ဖြိုးမှုအလွန်ကျဆင်းခြင်းနှင့် ဘဏ္ဍာရေးကဏ္ဍတွင် ကုန်ကျစရိတ်နှင့်သုံးစွဲမှုတို့ လျှော့ချဖြတ်တောက်ခြင်းတို့ကိုတွေ့ရှိရသည်။ ဟားဗတ်တက္ကသိုလ်မှ ပြုလုပ်သည့် Behavioural Finance and Finical Stability စီမံကိန်းအရ ၁၈၀ဝ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အကြားတွင် ယေဘုယျအားဖြင့် တစ်နှစ်လျှင် ပျမ်းမျှလေးနိုင်ငံ ဘဏ်လုပ်ငန်းဆိုင်ရာ အကျပ်အတည်းကြုံတွေ့ရကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း၌ ဘဏ္ဍာရေးစနစ် တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသည့် ၁၉၄၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်တွင် နှစ်အတော်များများမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ပြဿနာ များမကြုံတွေ့ခဲ့ပေ။ သို့သော် ၁၉၇၅ ခုနှစ်မှစ၍ နှစ်စဉ် ပျမ်းမျှ ၁၃ နိုင်ငံမှာ အကြောင်းတစ်ခုမဟုတ်တစ်ခုဖြင့် မျက်ဖြူဆိုက်မတတ်အခြေစိုက်ခဲ့ကြရသည်။ ၁၉၇၀ ပြည့် လွန်နှစ်များကစတင်ပြီး ပြည်တွင်းဘဏ်လုပ်ငန်းစနစ် များကို ဖြေလျှော့ပေးမှုနှင့် ကမ္ဘာအနှံ့ရင်းနှီးမြှုပ်နှံမှု အရွှေ့အပြောင်းနှင့်ပတ်သက်သော အကန့်အသတ်များအား ဖယ်ရှားခြင်းတို့ကြောင့် စီးပွားရေးအလျင်အမြန် ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး၊ နောက်တစ်ဖန်စီးပွားရေးပြန်လည် နှေးကွေးသော ခေတ်သစ်တစ်ခုနှင့် ကြုံကြိုက်ခဲ့ရသည်။ ဖြေလျှော့ထားသော စည်းမျဉ်းစည်းကမ်းများကို ၂၀ဝ၉ ခုနှစ် ကစတင်၍ ပြန်လည်ကြပ်မတ်သော်လည်းဆိုခဲ့ပါ အခြေအနေတို့ အခြေခံအားဖြင့် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ နယ်နိမိတ်ကျော်လုပ်ဆောင်သည့် ငွေကြေးစီမံဆောင်ရွက်မှုနှင့်ဆက်စပ်သော လက်ရှိဈေးကွက်တန်ဖိုး (Current Value) သည် အမေရိကန်ဒေါ်လာ ၃၀ ထရီလီယံ (နှင့် ဆက်လက်တိုးမြင့်နေဆဲ) ဟု အခိုင်အမာပြောဆိုလျက်ရှိပြီး ယင်းမှာ ၂၀ဝ၈ ခုနှစ်၊ အမြင့်ဆုံးပမာဏ (အမေ ရိကန်ဒေါ်လာ ၃၅ ထရီလီယံ) ထက်လျော့နည်းပြီး ၁၉၉၈ ခုနှစ်က (အမေရိကန်ဒေါ်လာ ၉ ထရီလီယံ) ထက် များစွာသာလွန်လျက်ရှိသည်။
[caption id="attachment_33798" align="alignnone" width="960"]ကမ္ဘာ့ GDP ၊ ကမ္ဘာ့ကုန်သွယ်မှု ၊ ကမ္ဘာနဲ့အဝန်း နယ်စပ်ကုန်သွယ်မှု ၊ ကမ္ဘာတစ်ဝန်း ဘဏ်များ ပြိုလဲမှုများ[/caption]
စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုဟူသည် ကာလကြာရှည်ရုံမျှဖြင့် ကျဆင်းသွားလေ့မရှိပေ။ သို့သော် ထိုတိုး တက်ဖွံ့ဖြိုးမှုကို အပြီးသုတ်သင်မည့်အရာ အမြောက်အမြားက မထင်သာမမြင်သာ ရှိနေကြသည်။ ကမ္ဘာနှင့် လွှမ်းခြုံပြောရလျှင် စီးပွားရေးတိုးတက်စေမည့် အခြေအနေအရပ်ရပ်အပေါ် မူဝါဒအားဖြင့်ပံ့ပိုးပေးနိုင်မှု တဖြည်း ဖြည်းလျော့ကျလာနေသည်မှာ ကျိန်းသေလှသည်။ အမေရိကအနေဖြင့် လျာထားငွေပမာဏထက်များစွာကျော် လွန်သုံးစွဲအောင် တွန်းအားပေးမည့် အခွန်စနစ်ပြုပြင် ပြောင်းလဲမှုတစ်ခုကို မကြာမီက အတည်ပြုခဲ့သည်။ ထိုစနစ်သည် နိုင်ငံ၏ဘဏ္ဍာရေးလိုငွေပြမှုကို မြင့်တက်စေသည့်အပြင် အမေရိကန်တို့ ငွေကြေးသုံးစွဲမှုကိုလည်း တိုး မြင့်လာစေမည်ဖြစ်သည်။ သို့သော် တခြားသူကြွယ်နိုင်ငံအများစုတွင်မူ အများပြည်သူဝန်ဆောင်မှုအတွက် အစိုးရ က ချေးယူငွေမှာ မလုပ်မဖြစ်ပေ။ စီးပွားရှိန်မြင့်တက်နေ သော နိုင်ငံအများအပြားတွင်လည်း လာမည့်နှစ်များအတွင်း၌ ဘဏ္ဍာရေးလိုငွေပြမှု လျော့ကျလာမည်ဟု ခန့်မှန်းထားသည်။ တရုတ်အစိုးရသည် အောင်မြင်မှုတချို့ရရှိနေသည့် အကြွေးဆိုင်းစနစ်အမှီပြုမှု (Credit-Dependency) ကို ထိန်းကွပ်နိုင်ရန် ကြိုးစားနေသည်။
နိုင်ငံအသီးသီး၏ ဗဟိုဘဏ်များမှာ သက်တမ်း ရှည်ကြာသည့် စီးပွားရေးတိုးတက်မှုအတွက် စာနာမှုကင်းမဲ့သော သုတ်သင်ရေးသမားများဖြစ်ကြသော်လည်း ငွေကြေးမူဝါဒမှာ ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ အမေ ရိကန်ဗဟိုဘဏ် (The Federal Reserve) သည် ၂၀၁၅ နှစ်ကုန်ပိုင်းကစတင်၍ ယင်း၏စံအမှတ်အတိုးနှုန်းကို တဖြည်းဖြည်းချင်း တိုးမြှင့်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အင်္ဂလန်ဗဟိုဘဏ်ကလည်း အမေရိကန်ဗဟိုဘဏ်၏ခြေရာကိုနင်းရင်း အတိုးနှုန်းကို တိုးမြှင့်ခဲ့ရာလာမည့်နှစ် အနည်းငယ်အတွင်းတွင် တဖြည်းဖြည်းဆက်လက်တိုးမြှင့်လာဦးမည်ဟု ခန့်မှန်းရသည်။ ဥရောပဗဟိုဘဏ် (ECB) သည် ငွေချေးစာချုပ်ဝယ်ယူမှုကို (၂၀၁၈ခုနှစ်) ဒီဇင်ဘာလတွင် အပြီးသတ်ကောင်းသတ်ပြီးနောက် ၂၀၁၉ နှစ် ကုန်တွင် စံသတ်မှတ်အတိုးနှုန်းကို စတင်တိုးမြှင့်နိုင်သည်။ ကမ္ဘာ့စီးပွားရေးအခြေအနေအရပ်ရပ်မှာ အတော်အသင့်အဆင်ပြေနေသော်လည်း ယခုလတ်တလော၌မူ အနည်းငယ် အားပျော့လာပြီ ဖြစ်သည်။ ဗဟိုဘဏ်အများစုမှာ စီးပွားရေးကျဆင်းမှုအပေါ် အလေးထားမှုနည်းပါးနေပြီး ငွေကြေးဖောင်းပွမှုအပေါ် ပိုမိုစိုးရိမ်နေကြသည်။ အကယ်၍ ဗဟိုဘဏ်များအနေနှင့် လိုသည်ထက်ပိုမိုတုံ့ပြန်မိလျှင် ရည်ရွယ်ထားသည်ထက်ပိုပြီး ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေနိုင်မည်ဖြစ်သည်။
အထူးသဖြင့် အမေရိကန်ဗဟိုဘဏ်သည် ခက်ခဲသောလမ်းကို လျှောက်လှမ်းနေပြီဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က စီးပွားကမ္ဘာ့စီးပွားရေးနယ်ပယ်တွင်း စီးပွားရေးနှင့် ဘဏ္ဍာရေးသံသရာစက်ဝန်းများသည် တစ်ခုနှင့်တစ်ခု ပိုမိုနီးကပ်စွာ ဆက်စပ်လာပြီ ဖြစ်သည်။ စီးပွားရေးပညာရှင်တချို့က ထိုသို့ဆက်နွှယ်မှုမှာ အလှမ်းဝေးကွာဆဲဟု လက်ခံထားကြသည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ Eugenio Certti (Assistant to the Director, Research Department) ၊ Stijin Claessens (Head of Financial Stability, the Bank for International Settlements-BIS) နှင့် ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေမှ Andrew Rose တို့က ကမ္ဘာ့ငွေကြေးဆိုင်ရာ အခြေခံအကြောင်းရင်းတို့သည် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် အရွေ့အပြောင်းတို့အနက် လေးပုံတစ်ပုံ ထက်မပိုကြောင်း ပြဆိုနေသည်ဟု လက်ခံထားကြသည်။ တခြားစီးပွားရေးပညာရှင်တချို့ကမူ ယင်းအချက်ကို သဘောမတူကြပေ။ London Business School မှ Helence Rey က ကမ္ဘာ့စီးပွားရေးသံသရာစက်ဝန်းသည် အမေရိ ကန်ငွေကြေးပေါ်လစီ၏ ရပ်တည်ချက်က တစ်ပြန်စီး လွှမ်းမိုးမှုကြောင့် ဖြစ်လာသည့် ကမ္ဘာအနှံ့စီးပွားအတက် အကျအပြောင်းအလဲအပေါ် အရဲစွန့်လိုစိတ်နှင့် ဆက်နွှယ်သည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ Oscar Jorda နှင့် Alan Taylar ၊ Davis and Colleagues တို့က နိုင်ငံနှစ်ခုအကြားစီးပွားသွယ်မှုတွင် ရှယ်ယာဈေး နှုန်းများကဲ့သို့ တန်ဖိုးအတက်အကျ ရှိသောအရာများသည် ပြောင်းလဲတိမ်းစောင်းမှုရှိပြီး ထိုပြောင်းလဲတိမ်းစောင်းမှုမှာ ရာစုနှစ်တစ်စုကျော်မက အလွန်အချိန်ကိုက်ဖြစ်တတ်ကြောင်း တွေ့ရှိပြီးဖြစ်သည်ဆိုသည်။
အမေရိက၏ ငွေကြေးပေါ်လစီရပ်တည်ချက် အပြောင်းအရွေ့များသည် ကမ္ဘာ့ဈေးကွက်အနှံ့အပြားသို့ ရိုက်ခတ်လေ့ရှိသည်။ စီးပွားရေးအကျပ်အတည်း နှင့် ယင်းနှင့်ဆက်တွဲဖြစ်ပေါ်သော တုံ့ဆိုင်းအားပျော့သည့် စီးပွားနာ လန်ထူမှုတို့ကို ဖြေရှင်းရာတွင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် “အမေရိကန်ငွေကြေးသုံးစွဲမှု” ကို အားပေးခြင်းဖြင့်လည်းကောင်း၊ အစိုးရငွေချေးစာချုပ်များကဲ့သို့ Asset များဝယ် ယူရန် ငွေကြေးပုံနှိပ်ခြင်းအားဖြင့်လည်းကောင်း အဓိက ကြိုးပမ်းလေ့ရှိသည်။ ဤပေါ်လစီ၏ နောက်ဆက်တွဲအကျိုး-အပြစ်များကို တခြားနိုင်ငံများလည်း ခံစားခဲ့ကြရသည်။ ငွေကြေးတို့သည် စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများဆီသို့ တစ်ဟုန်ထိုးစီးဝင်လာခဲ့သည်။ ထို့ကြောင့် ထိုနိုင်ငံများရှိ တခြားလုပ်ငန်းများ (ဘဏ်လုပ်ငန်းများမှ တစ်ပါး) ဒေါ် လာကြီးစိုးသောကြွေးမြီမှာ အကြမ်းအားဖြင့် ငါးဆဖြစ်လာခဲ့သည်။ တရုတ်လုပ်ငန်းများသည် လက်ရှိတွင် ထိုသို့သောအကြွေး အကြမ်းအားဖြင့် အမေရိကန် ဒေါ်လာ ၄၅၀ ဘီလီယံရှိနေပြီး ၂၀ဝ၉ ခုနှစ်က ထိုကြွေးမြီ မျိုး လုံးဝနီးပါးမရှိသည်နှင့် နှိုင်းယှဉ်တွက်ဆနိုင်သည်။
[caption id="attachment_33802" align="alignnone" width="960"]ကမ္ဘာလုံးအတိုင်းအတာဖြင့် ပစ္စည်းဝယ်ယူနိုင်မှုအား ပျမ်းမျှတိုင်းတာမှု ရာခိုင်နှုန်း[/caption]
အမေရိကန်ဗဟိုဘဏ်က အညှာတာကင်းမဲ့လေလေ ထိုသို့သောငွေချေးယူထားသူများ ဒုက္ခရောက်လေလေ ဖြစ်သည်။ ပြည်တွင်းငွေတန်ဖိုးသင့် Asset များနှင့် အမေရိကန်ဒေါ်လာတန်ဖိုးသင့်ကြွေးမြီများ “ပိုက်မိ” ထား သောသူများအတွက် တန်ဖိုးပိုမိုတက်လာသော ဒေါ်လာက ခက်ခဲသောအခြေအနေဖြစ်တော့သည်။ ထို့ကြောင့် ထိုသို့သော ငွေချေးယူသူနိုင်ငံများသည် ငွေချေးစာချုပ်များကို ဖိဖိစီးစီး ကြပ်ကြပ်မတ်မတ် ပြုလုပ်လာသည့်အတွက် တူရကီနှင့် အာဂျင်တီးနားကဲ့သို့ စီးပွားရှိန်မြင့်တက်နေသော ဈေးကွက်များတွင် ဒေါ်လာထက် ပိုမိုစိတ်ချလက် ချရှိစေမည့် တခြားငွေကြေးများကို ချေးယူရန် ပိုမိုလိုလားလာခြင်းပင်ဖြစ်သည်။ ထိုအတွက် ရလဒ်မှာ စီးပွားရှိန်မြင့်တက်နေသော တခြားဈေးကွက်များအပေါ်လည်း ဝန်ပိစေပြီး အလားတူပြဿနာများ ဆက်စပ်ဖြစ်ပေါ်လာရန် အစပျိုး ခြိမ်းခြောက်လာခြင်းဖြစ်သည်။
စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများအနေဖြင့် လက်ရှိအချိန်တွင် ယင်းတို့အပေါ်ဖိစီးအုပ်မိုးလာမည့် ဘဏ္ဍာရေးအကျပ်အတည်းကို ရှောင်ကြဉ်ကောင်းရှောင် ကြဉ်နိုင်ပါလိမ့်မည်။ သို့သော် ကမ္ဘာ့စီးပွားရေးတစ်ရပ်လုံး တိုးတက်မှုအတွက် မည်သည့်အချိန်ကမျှနှင့်မတူ ပိုမိုအကြောင်းခံသော ထိုနိုင်ငံတို့၏ အဟုန်မြင့်စီးပွားရေးများ ကို “အထိနာ” စေမည့်၊ စီးပွားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ အပေါ်လည်း “ဝန်ပိ” စေမည့် “အပြောင်းအလဲအထိန်းအကွပ်” ကို ရင်ဆိုင်ရမည်ဖြစ်သည်။
ဖရိုဖရဲ ကမ္ဘာသစ်
သူြွကယ်နိုင်ငံတို့သည် ထိုပြဿနာတို့ကို ဆိုခဲ့ ပါအတိုင်း မီးကျိုးမောင်းပျက် “လက်နက်” တို့ဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။ စီးပွားရေး အသည်းအသန်ဆိုးဝါးလျှင် ဗဟိုဘဏ်က အတိုးနှုန်းကို စီးပွားရေးပြန်လည်တိုးတက်လာ သည်အထိ ရေတိုလျှော့ချခြင်းဖြင့် ရိုးရိုးရှင်းရှင်း ကိုင်တွယ်ဖြေရှင်းလေ့ရှိခဲ့သည်။ သို့သော် ကမ္ဘာ့ငွေကြေးအ ကျပ်အတည်းအလွန်ကာလတွင် အတိုးနှုန်းမှာ ကမ္ဘာတစ်လွှား၌ “သုည”အထိ ကျဆင်းခဲ့ပြီး စီးပွားရေးမှာလည်း နှေးကွေးစွာနာလန်ထူမှုကြောင့် ချထားသော အတိုးနှုန်းတို့ အတော်နှင့်ပြန်လည်မြင့်တက်လာခြင်း မရှိပေ။ အကျပ်အတည်းလွန်ကာလ အတိုးနှုန်းကို အတတ်နိုင်ဆုံးတိုးမြှင့် နိုင်ခဲ့သည့် အမေရိကန်ဗဟိုဘဏ်သည်ပင်လျှင် ထပ်မံမလျှော့ချနိုင်တော့မည့် “သမိုင်းဝင်” အတိုးနှုန်းပမာဏ ဖြင့် စီးပွားရေးကျဆင်းမှုအတွင်း ကျိန်းသေနီးပါး သက် ဆင်းရတော့မည်ဖြစ်သည်။ စီးပွားရေးကျဆင်းချိန်တွင် ဗဟိုဘဏ်များအနေဖြင့် ၂၀ဝ၇-၂၀ဝ၈ ခုနှစ် အကျပ်အတည်းအပြီး အသုံးပြုခဲ့သော Quantitative Easing-QE ကဲ့သို့ နည်းလမ်းများကို တတ်နိုင်သမျှအမြန် ဆုံးပြောင်းလဲ အသုံးပြုကောင်းပြုနိုင်သည်။ သို့သော် ထိုကဲ့သို့နည်းလမ်းများကို ထိထိရောက်ရောက် အသုံးချရန်မှာမူ နိုင်ငံရေးအရ ပိုမိုခက်ခဲပြီး အကျိုးသက်ရောက်မှုမှာလည်း မသေချာလှပေ။
[caption id="attachment_33805" align="alignnone" width="859"]ဥရောပ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံများက ဗဟိုဘဏ်များရဲ့ ပေါ်လစီအတက်အကျ[/caption]
စီးပွားဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် အစိုးရ ကြွေးမြီပျမ်းမျှပမာဏမှာ ဂျီဒီပီ၏ တစ်ရာရာခိုင်နှုန်းအထက်သို့ မြင့်တက်နေပြီးဖြစ်သည်။ ထိုပမာဏမှာ ၂၀ဝ၇ ခုနှစ်က ၃၀ ရာခိုင်နှုန်းရှိသော ပမာဏထက်များစွာ ကျော် လွန်နေပြီဖြစ်သည်။ စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများတွင်လည်း အကြမ်းအားဖြင့် ဂျီဒီပီ၏ပျမ်းမျှ ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကျော် အကြွေးမြင့်တက်နေ ပြီဖြစ်သည်။ ကျယ်ပြန့်စွာပြုလုပ်သော ဘဏ္ဍာရေးရာစေ့ဆော်ပေး မည့်ကိစ္စများအတွက် အစီအစဉ်များကို အကျပ်အတည်းကာလအတွင်း၌ ဥပဒေပြုရန်မှာ နိုင်ငံရေးအရအခက်တွေ့ခဲ့သည့်အပြင် လာမည့်အကျပ်အတည်းကာလတွင်လည်း ပိုမိုခက်ခဲလာဦးမည်ဖြစ်သည်။ ဥရောပတွင် အစိုးရငွေချေးယူမှုနှင့် ဆက်စပ်သော “အငြင်းအခုန်” မှန်သမျှသည် ယူရိုဒေသကြွေးမြီအကျပ်အတည်း နှင့်ဆက်စပ်ပြီး “ဆိုးဝါးသောနိုင်ငံရေးဗိုလ်လုပွဲ” အဖြစ် ပြန်လည်ဆန်းသစ်စေမည့် အလားအလာရှိလာစေနိုင်သည်။
နောက်ဆုံးတွင် “နိုင်ငံရေး” သည် နောင်ဖြစ်ပေါ်မည့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းအတွက် “အကြီးမားဆုံးသော ခလုတ်တံသင်း” ဆိုသည်ကို သက်သေပြကောင်း ပြပါလိမ့်မည်။ လွန်ခဲ့သော ဆယ်နှစ်နိုင်ငံရေးနှင့်စီးပွားရေးချိတ်ဆက်မှု အားပျော့ချိန်က အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုမှာ “ကမ္ဘာတစ်ဝန်းဗဟိုဘဏ်လုပ်ငန်းကိစ္စများ ပူးပေါင်းဆောင်ရွက်မှုမှ အကျပ်အတည်း များဆွေးနွေးရာအဖြစ်၂၀ ဖွဲ့စည်းမှုအထိ” သာဖြစ်ပြီး အကျပ်အတည်း ပိုမိုကြီးမားဆိုးဝါးမလာအောင် တားဆီးရန် ထောက်ကူပံ့ပိုးနိုင်ခဲ့သော်လည်း ဘဏ္ဍ္ဂာရေးစနစ်မှာမူ စုစည်းပေါင်းစပ်မှု အလျဉ်းမရှိခဲ့ပေ။ ယခုအချိန်တွင်မူ ကမ္ဘာကြီးသည် လွန်ခဲ့သောဆယ်နှစ်ကနှင့် အလွန်ခြားနားသွားပုံရသည်။ ကမ္ဘာ့စီးပွားရေးစနစ်တစ်ခုလုံး၏အခရာဖြစ်နေဆဲ အမေရိကန်စီးပွားရေးသည် လက်ရှိတွင် မစ္စတာထရန့်၏ တာဝန်ယူမှုအောက်တွင်ရှိနေသည်။ ဗြိတိန်သည် ဥရောပသမဂ္ဂအဖွဲ့ (EU) မှ “အထာမကျသော ဖက်ရှင်” ဖြင့် ထွက်ခွာလုနီးနီးဖြစ်နေပြီ။ ကျန်အီးယူဒေသ အနှံ့အပြားတွင်လည်း “နိုင်ငံရေးရာသီဥတု” က ဆိုးရွားအကျည်းတန်နေခဲ့ပြီ။ စီးပွားဖွံ့ဖြိုးပြီး နိုင်ငံအများစုတွင် လက်ရှိ၌ အလားအလာကောင်းသော၊ လူထုအကျိုးကို ရည်မျှော်သော၊ ဒါမှမဟုတ် နောင်ဖြစ်လာမည့် စီးပွားကျဆင်းမှု၏ ဦးဆုံးသောလက္ခဏာအပေါ် အမြတ်ထုတ်ရန် စောင့်ဆိုင်းနေသော “အမျိုးသားရေးဦးတည်သည့် ပါတီများ” ရှိနေသည်။ စီးပွားရှိန်မြင့်တက်နေသော နိုင်ငံအမြောက်အမြားသည် ဒုံရင်းအခြေအနေပြန်ဆိုက်ခဲ့ပြီဖြစ်သည်။ အမျိုးသားရေးဝါဒနှင့် အာဏာရှင်ဆန်သော ခေါင်းဆောင်မှုနည်းဗျူဟာတို့ “တန်ခိုးထွား” လျက်ရှိသည်။ တရုတ်တွင် ရှီကျင့်ဖျင်တစ်ဦးတည်း၏ လက်တွင်း၌ တင်းပြည့်ကျပ်ပြည့် “အာဏာ” စိုးရိမ်ဖွယ်ရာရှိနေသည်။ မစ္စတာထရန့်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကနှင့်တရုတ်တို့၏ နှစ်နိုင်ငံဆက်ဆံရေးမှာ လူသိရှင်ကြား ရန်လိုမုန်းတီးဖြစ်ခဲ့သည်။
ယနေ့တွင် ဘဏ္ဍာရေးရာ “ကစားပွဲ” အတွက်အသင့်ဖြစ်နေခြင်းမရှိ။ အလွန်မရေမရာနိုင်လှသော်လည်း ယခင်ထက်ပိုမိုကျယ်ပြန့်သော စီးပွားရေးနှင့်နိုင်ငံရေးဝန်းကျင်သည် ယေဘုယျအားဖြင့် ပိုမိုကြောက်မက်ဖွယ်ဖြစ်သည်။ ဤသည်တို့ကြောင့် နောက်ထပ်စီးပွားရေးအကျပ် အတည်းတစ်ခုဖြစ်လာရန် သိပ်မလိုတော့ခြင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
အကျပ်အတည်းအစ အဝေး . . . အဝေး . . . မှ
လာမည့်အကျပ်အတည်းမှာ ကမ္ဘာ့စီးပွားရေး၊ ဘဏ္ဍာရေး နှင့် ယဉ်ကျေးမှုတို့ အဓိကစုစည်းရာ မန်ဟက်တန်တည်ရှိသည့် နယူးယောက်မြို့နှင့် အလွန်ဝေးကွာသောနေရာမှ စတင်ဖြစ်ပေါ်လာနိုင်သည်။
တူရကီ၏အကြီးဆုံးမြို့ အစ္စတန်ဘူလ်သည် အာရှတိုက်ဘက်ခြမ်းတွင် ပါဝင်သည့်တူရကီနှင့် ဥရောပဘက်ခြမ်းတွင် ပါဝင်သည့် တူရကီတို့ကို ပိုင်းခြားထားသော ကမ္ဘာ့အကျဉ်းဆုံးရေလက်ကြား “ဘို့စ်ပိုရပ်စ်” နှင့် နီးနီးကပ်ကပ် ဆက်စပ်တည်ရှိသည်။ အေဒီ ၃၂၄ တွင် ဧကရာဇ်ကွန်စတန်တင်းသည် ရောမအင်ပါယာအတွက် မြို့တော်သစ်ကို ပင်လယ်နက်နှင့် အစ်ဂျီယန် (ဗနါနညေ) ပင်လယ်တို့နှင့်အတူဆက်နေသည့် ရေလက်ကြားမြောက် ဘက်ခြမ်းတွင် တည်ထောင်ခဲ့သည်။ မြို့တော်သစ်တည်ရာမှာ ဘေးရန်တို့ကို အလွယ်တကူကာကွယ်နိုင်သည့်အပြင် မဟာဗျူဟာအရလည်း ဥရောပတိုက်နှင့်အာရှတိုက်တို့ ဆက်စပ်ရာဖြစ်သည့်အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် ပြီးပြည့်စုံလှသည်။
၁၆ ရာစုတွင် အော်တိုမန်အင်ပါယာ၏ပသီ ဘုရင် (Sultan) ဆူလေမန်မင်းမြတ်က ဘို့စ်ပိုရပ်စ်လို ရေလက်ကြားတစ်ခုသည် ဗျူဟာကျသော ပိုင်ဆိုင်မှုတစ်ခုဆိုပါက ထိုရေလက်ကြားမျိုးနှစ်ခုဆိုလျှင် ဆတက်ထမ်းပိုး ကောင်းမွန်လိမ့်မည်ဟူသော အကြောင်းပြချက်ဖြင့် ဥရောပအာရှကုန်းရိုးတန်းကို ဖြတ်ကျော်မည့် ဒုတိယ
မြောက်ပင်လယ်ရေကြောင်းလမ်းတစ်ခုဖြစ်လာရန် အစ္စတန်ဘူလ်၏ အနောက်ဘက်၌ တူးမြောင်းတစ်ခုတူးဖို့ အဆိုပြုခဲ့သည်။ ဆူလေမန်မင်းမြတ်၏စီမံကိန်းမှာ ထိုအချိန်က ပေါ်ထွန်းလာခြင်းမရှိသော်လည်း ယခုတွင်မူ ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ကြီးမားသောရည်မှန်းချက်များပိုင်ရှင် တူရကီခေါင်းဆောင် Recep Tayyip Erdogan က ရှိပြီးသားရေလက်ကြားနှင့်အပြိုင် လမ်းကြောင်းတစ်ခုဖြစ်ပေါ်စေရန် “Kanal Istanbul” ဟုခေါ်သော ဒေါ်လာဘီလီယံနှစ်ဆယ်တန်စီမံကိန်းကို ကြေညာခဲ့သည်။ ဤသည်မှာ Mr Erdogan ကိုယ်တိုင်ပြောခဲ့သည့် “မိုက်မဲသောစီမံကိန်းများ” အနက်တစ်ခုပင်။
အဆိုပါတူးမြောင်းဆောက်လုပ်မှု အပြီးသတ်မည်၊ မသတ်မည်ကို မည်သူမျှ ရေရေရာရာမသိပေ။ သို့သော် ထိုကဲ့သို့ ကိန်းကြီးခန်းကြီးနိုင်လှသော စီမံကိန်းများပေါ်ပေါက်စေသည့် စီးပွားရေးတိုးတက်မည့် အခြေအနေများမှာမူ ယုတ်လျော့ကျဆင်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် တူရကီအနေဖြင့် တူးမြောင်းပြီးစီးမှုအပေါ် ဟန့်တားနိုင်သည့် “စီးပွားရေးအရတွက်ချက်မှု” ကို ရင်ဆိုင်နေရပြီဖြစ်သည်။ ထိုအခြေအနေမှာ တခြားသော စီးပွား အရှိန်မြင့်လက်စ ဈေးကွက်များကိုလည်း ခြိမ်းခြောက်လျက်ရှိနေပေပြီ။ ကမ္ဘာ့ငွေကြေးအကျပ်အတည်းအလွန်၌ အကျပ်အတည်း ဒဏ်သင့်စီးပွားဖွံ့ဖြိုးပြီး နိုင်ငံများထံမှ ယိုဖိတ်လာသောငွေကြေးများသည် စီးပွားရှိန်မြင့်တက်ဆဲနိုင်ငံများဆီ အရှိန်အဟုန်ဖြင့် အမြောက်အမြားစီးဝင်ခဲ့သည်။ စီးပွားရှိန်မြင့်တက်ဆဲနိုင်ငံတချို့မှာ အားရဝမ်းသာ တက်တက်ကြွကြွဖြင့် ငွေချေးယူခဲ့ကြသည့်အပြင် ဘဏ်များနှင့်တခြားလုပ်ငန်းများအပေါ် ထိန်းချုပ်မှုလည်း အမြော်အမြင်ကင်းမဲ့စွာပင် လျော့ရဲခဲ့ကြသည်။
သူကြွယ်နိုင်ငံတို့ စီးပွားနာလန်ထူလာမှုနှင့် ငွေကြေးအထောက်အပံ့ဖြတ်တောက်မှုတို့က စီးပွားအချဲ့အ ထွင်လွန်ကဲနေသည့်ဆိုခဲ့ပါ စီးပွားရှိန်မြင့်တက်နေသောနိုင်ငံများကို လက်ရှိတွင် ခြိမ်းခြောက်နေပြီဖြစ်သည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စခန်းသွားနေသည့် ရုန်းကန်နေရသော စီးပွားအရှိန်တက်နိုင်ငံ့ခေါင်းဆောင်တိုင်းနှင့် တူရကီ၏ပြဿနာများမှာ ယင်းတို့၏ ကိုယ်စီကိုယ်ငှ “စီးပွားရေးနှင့်နိုင်ငံရေးဒုက္ခ” တို့ကြောင့်ပင် ပိုမိုဆိုးဝါးလာခဲ့သည်။ လက်ရှိတွင် လည်ပင်းညှစ်နေပြီဖြစ်သော ဘဏ္ဍာရေးရာအပြောင်းအရွေ့ကြောင့် စီးပွားတက်ဆဲလောကတစ်ခုလုံးသည် တွေ့ကြုံခဲ့ဖူးပြီးသား အကျပ်အတည်းတချို့ကို မလွှဲမရှောင်သာရင်ဆိုင်ရနိုင်ပေသည်။
[caption id="attachment_33807" align="alignnone" width="861"]ဗဟိုဘဏ်များရဲ့ Asset ကို GDP နှင့် နှိုင်းယူ ရာခိုင်နှုန်းဖွဲ့ ကို ဖော်ပြထားခြင်း[/caption]
စီးပွားရေးသံသရာစက်ဝန်းဟူသည် “ငွေရှိရာ ငွေလာ” သဘောပင်။ စီးပွားကောင်းချိန်တွင် လူအများ သည် ငွေသုံးစွဲကြ၊ ရင်းနှီးမြှုပ်နှံကြသည်။ Asset (Asset) တန်ဖိုးများမြင့်တက်ပြီး စီးပွားပျက်မည့်ဘေးအပေါ် စိုး ရိမ်ပူပန်မှုလျော့နည်းသွားကြသည်။ ဘဏ်များကလည်း ကြွေးမြီချပေးသည်။ အစိုးရများအနေနှင့် စီးပွားတိုးတက်မှု အလွန်အကျွံမဖြစ်အောင် ထိန်းကွပ်သော်လည်း “အထိန်းလွန် အထိန်းလို” ဆိုသလို ယေဘုယျအားဖြင့် ဖြစ်လေ့ရှိ သည်။ နောက်ဆုံးတွင် စီမံခန့်ခွဲမှုအမှားတချို့ကြောင့် ထိုစီးပွားရေးသံသရာစက်ဝန်းမှာ အကောင်းမှ အဆိုးသို့ ပြောင်းပြန်လန်သွားတော့သည်။ စိုးရိမ်စိတ်ရှိလာသော ဝယ်ယူသူတို့က အသုံးအစွဲလျှော့ချ၊ လုပ်ငန်းတို့က ရင်း နှီးမြှုပ်နှံမှုအစီအစဉ်များကို “အောင်းထား”၊ Asset တန် ဖိုးများကျဆင်း၊ ဘဏ်တို့က ကြွေးမြီချပေးမှုလျှော့ချတို့ ဖြစ်လာတော့သည်။ “ချေးငွေပေးခြင်း” သည် “ချင့်ချိန်စရာကိစ္စ”ဟု တစ်ချိန်ချိန်၌ ယူဆလာပြီဆိုလျှင် ယင်းသည် နောင်အနာဂတ်စီးပွားရေးအတွက် “အန္တရာယ်တစ်ခု” ဖြစ် လာတော့သည်။
ကမ္ဘာတစ်ဝန်းငွေကြေးစနစ်ပေါင်းစည်းမှုကြောင့် ပြည်တွင်းငွေကြေးစနစ်သည် ငွေကြေးစုဆောင်းမှုနှင့်အတူ ကမ္ဘာအနှံ့ရင်းနှီးမြှုပ်နှံမှု၌ အပြောင်းအလဲများ၊ အတက် အကျများဖြစ်စေသည့် “ငွေကြေးပင်လယ်ကြီး” တစ်ခုအ သွင်ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ ဥပမာပြရလျှင် ၂၀ဝ၀ ပြည့်လွန်နှစ်များ၌ နိုင်ငံတကာဘဏ်လုပ်ငန်းစနစ်ကြောင့် ပြည်ပသို့ ရေနံတင်ပို့သူနိုင်ငံများနှင့် စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများက စုဆောင်းထားသည့် အစုလိုက်အပုံ လိုက်ငွေများသည် သူကြွယ်နိုင်ငံများအတွင်းရှိ အိမ်ခြံမြေဈေးကွက်များဆီသို့ စီးဆင်းသွားခဲ့သည်။ ဤသို့သော အပြောင်းအရွေ့များကို အမှားမှားအယွင်းယွင်း စီမံခန့်ခွဲမိပါက စီးပွားရေးရာပြဿနာများကို ကျိန်းသေနီးပါးဖြစ်ပေါ် စေလိမ့်မည်ဖြစ်သည်။ ယနေ့အချိန်တွင် ထိုအပြောင်းအရွေ့မျိုးမှာ တစ်ဖန်ပြန်လည်လှုပ်ရှားလာပြီဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စီပွားရှိန်မြင့်တက်နေသော “လောက” တွင် အလွယ်တကူတွေ့ရှိနိုင်သည်။ တရုတ်စီးပွားရေး တစ်ဟုန်ထိုးမြင့်တက်ခဲ့မှုကြောင့် ဖွံ့ဖြိုး ဆဲနိုင်ငံများသည် ကမ္ဘာတစ်ဝန်းငွေကြေးအကျပ်အ တည်းပြဿနာမှ တခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ပိုမိုလျင်မြန်စွာ နာလန်ထူခဲ့သည်။ စီးပွားဖွံ့ဖြိုးပြီးနိုင်ငံများတွင် QE သည် သူကြွယ်နိုင်ငံတို့၏ ငွေချေးစာချုပ်များမှ ရရှိမည့် အကျိုးစီးပွားကို လျော့ကျစေသဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ရလဒ်ကောင်းပိုမိုရရှိစေမည့် စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများအပေါ် ပို၍ပို၍ အားကိုးမျှော်လင့်လာခဲ့ကြသည်။ တရုတ်စီးပွားရေး နှစ်ဆတိုးဖွံ့ဖြိုးမှုနှင့် သူကြွယ်နိုင်ငံများ၏ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရှိန်မြင့်တက်နေသော တချို့နိုင်ငံများတွင် ဖြေရှင်းမရနိုင်မည့် “ ကြွေးမြီအဆမတန်မြင့်တက်မှု” ဖြစ်လာမည့် အန္တရာယ် ရှိလာတော့သည်။ အတိတ်ကို ပြန်ကြည့်လျှင် ထိုသို့ကပြောင်းကပြန်ဖြစ်ရပ်များသည် ယေဘုယျအားဖြင့် အ ကြွေးနွံနက်အတွင်း နစ်မြှုပ်ကျန်ခဲ့သည့် “ကံဆိုးနိုင်ငံ” တို့ကို ချန်ထားရစ်တတ်သည်။
တူရကီကဲ့သို့ စီးပွားရှိန်မြင့်တက်နေသောနိုင်ငံတချို့၏ လက်ရှိအတွေ့အကြုံက ၁၉၉၀ ပြည့်လွန် နောက်ပိုင်းနှစ်များတွင် စီးပွားရှိန်မြင့်တက်နေဆဲ အာရှ၌ ကြုံတွေ့ခဲ့ရသော အကျပ်အတည်းမျိုး တစ်ဖန် “တစ်ကျော့ပြန်” လာမည်ကို နိမိတ်ပြနေခြင်း ဖြစ်နိုင်သည်။
“ဈေးကွက်ကောင်း” ဟူသည့် “ယုံကြည်စိတ်ချရမှု” ပျောက်ဆုံးခြင်းကြောင့် တူရကီစီးပွားရေးကို ထိခိုက်စေ မည့် ပြင်ဆင်ပြောင်းလဲမှုများ၊ တစ်သုတ်ပြီးတစ်သုတ်ဖြစ် ပေါ်လာမည့် ကြွေးဆပ်ရန်ပျက်ကွက်မှုများနှင့် သိသာထင် ရှားသော ငွေတန်ဖိုးလျော့ကျမှုတို့ကို ဖြစ်ပေါ်လာစေနိုင်သည်။ တူရကီနိုင်ငံချည်းသက်သက်အနေဖြင့်မူ ကမ္ဘာ တစ်ဝန်းစီးပွားရေးကျဆင်းစေလောက်အောင် ကြီးမားခြင်းမရှိပေ။ သို့သော် တူရကီကို အကျပ်အတည်းဖြစ်စေသည့် ထိုတွန်းအားများက စီးပွားရှိန်မြင့်တက်နေသော နိုင်ငံအနှံ့အပြားထံ ပိုမိုကျယ်ပြန့်စွာ ကူးစက်ဖြစ်ပေါ်နိုင်သည့်အပြင် ကမ္ဘာအနှံ့ရှိ အစိုးရများသည်လည်း ထိုတွန်းအားများ၏ လက်ခုပ်တွင်း၌ ဒုက္ခအကြီးအကျယ် ရောက်ရှိသွားနိုင်သည်။
စီးပွားရှိန်မြင့်တက်နေသော လောကအတွင်းရှိ အစိုးရများအနေဖြင့် နိုင်ငံရပ်ခြားမှငွေကြေးများ ဒလဟောစီးဝင်လာမှုကို တောင့်ခံနိုင်ခြင်းမရှိကြောင်း အတိတ်တွင် သက်သေပြခဲ့ပြီးဖြစ်သည်။ ထိုနိုင်ငံအများစုသည် နိုင်ငံခြားငွေဖြင့် ပိုပြီးသတိရှိစွာ ငွေချေးယူရန်နှင့် ပြည်တွင်းငွေဖြင့် ချေးယူရန်တို့ကို သင်ခန်းစာရရှိပြီးဖြစ်သည်။ သို့သော် စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများရှိ လုပ်ငန်းတို့၏ (ဘဏ်လုပ်ငန်းများမပါဝင်ပါ) ချေးငွေမှာ ငွေကြေး အကျပ်အတည်းကာလမှစတင်ပြီး အကြမ်းအားဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်နေခဲ့သည်။ ဘရာဇီးနှင့် မက္ကဆီကိုတို့တွင် နှစ်ဆ၊ တောင်အာဖရိကနှင့် အင်ဒိုနီးရှားတွင် သုံးဆနှင့် ချီလီနှင့် အာဂျင်တီးနားတို့တွင် ငါးဆရှိကြောင်း Bank for International (BIS) မှ မကြာမီကထုတ်ပြန်ခဲ့သော စစ်တမ်းတွင် ဖော်ပြခဲ့သည်။
နိုင်ငံရပ်ခြားမှ ချေးငွေရယူခြင်းသည် သွင်းကုန်ပမာဏ (ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် အရင်းအနှီး) က ပို့ကုန်ပမာဏထက် ပိုလျှံနေသောအခြေအနေကိုပါ အတူဒွန်တွဲလျက်ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အမေရိကန်စီး ပွားရေးမှာ တောင့်တင်းခိုင်မာပြီး ဖြစ်သည့်အပြင် အမေရိကန်ဗဟိုဘဏ်ကလည်း တင်းကျပ်ထားသောကြောင့် အမေရိကသို့ ရင်းနှီးမြှုပ်နှံငွေဝင် ရောက်မှုမြင့်တက်လာပြီး ဒေါ်လာတန်ဖိုးလည်း မြင့်တက်လာခဲ့သည်။ ရလဒ်အနေဖြင့် စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများ၏ ငွေကြေးတန်ဖိုးကျဆင်းပြီး ကုန်သွယ်မှုတိုးတက်ခြင်း၊ ငွေချေးယူမှုနှင့်ဂျီဒီပီတို့ လျော့ ကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် သူကြွယ်နိုင်ငံအများအပြားတွင် ငွေကြေးဆိုင်ရာမူဝါဒ ယခင် ထက်ပိုမိုတင်းကျပ်လာပြီး အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်မှုလည်း တစ်ဖန်ပြန်ကျော့လာပြီဖြစ်သည်။ အမေရိကန် အတိုးနှုန်း ပိုမိုမြင့်တက်လာမှုနှင့် ဒေါ်လာတန်ဖိုးမြင့်တက်လာမှုတို့ကြောင့် စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများ၏ လုပ်ငန်းများအပေါ် ငွေကြေးဝန်ဖိအား “ပိ”လာစေမည် ဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးသုံးစွဲမှု တို့ကို လျှော့ချဖြတ်တောက်ရန် ထိုလုပ်ငန်းများအား တွန်းအားပေးလာလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် စီးပွား ရှိန်မြင့်တက်နေသော လောကတွင်းရှိ နိုင်ငံအများစု၌သာမက စီးပွားဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပါ “စီးပွားရေးအလွန် အမင်းကျဆင်းမှု” ကို ဖြစ်ပေါ်စေနိုင်သည်။ ပို့ကုန်ပမာဏက သွင်းကုန်ပမာဏထက် လျော့နည်းနေသော နိုင်ငံများအနေဖြင့် နိုင်ငံရပ်ခြားမှ “လျှော့ဝယ်” ပြီး “ပိုရောင်း” ရမည့်အခြေအနေဖြစ်လိမ့်မည်။ စီးပွားဖွံ့ဖြိုးပြီး နိုင်ငံများ၏ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျဆင်းကာ “ပို့ကုန်”လျော့ကျလာသောကြောင့် ယင်းတို့လည်း “အထိနာ” လိမ့်မည်ဖြစ်သည်။
သမားရိုးကျမဟုတ်သည့် တရုတ်နိုင်ငံ
စီးပွားရေးတိုးတက်မှုကို မည်ရွေ့မည်မျှလျော့ကျသွားစေနိုင်သည်ဆိုသည့်အချက်မှာ တရုတ်တွင် မည်သည်တို့ဖြစ် ပေါ်မည် ဆိုသည့်အချက်အပေါ် မူတည်နေသည်။ တရုတ် အနေဖြင့် တခြားစီးပွားရှိန်မြင့်တက်နေသော နိုင်ငံများ နှင့်အလားတူသော အနေအထားတချို့ရှိနေသော်လည်း နိုင်ငံအပေါ် သီးခြားခြိမ်းခြောက်နေသော၊ အများနှင့်မတူ အလွန်ကွာခြားအလွန်ကြီးမားသော အခြေအနေလည်း ရှိနေသေးသည်။ ကမ္ဘာ့ငွေကြေးအကျပ်အတည်းကာလအတွင်း၌ တရုတ်နိုင်ငံ၏ အဓိကပို့ကုန်ဈေးကွက် ပြိုလဲမှုကြောင့် စီးပွားရေးအလွန်အမင်းကျဆင်း၊ အလုပ်လက်မဲ့နှုန်းတိုးမြင့်၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်ဆိုသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ထိုအခါ တရုတ်ခေါင်းဆောင်များက ဂျီဒီပီ၏ ၁၂.၅ ရာခိုင်နှုန်းခန့်ဟု ခန့်မှန်းရသော ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းအစိုးရများ၊ ကုမ္ပဏီကြီးများထံမှ အမြောက်အမြားရသည့် ချေးငွေများဖြင့် ငွေကြေးပံ့ပိုးခြင်းကို “ဘဏ္ဍာရေးရာမဟာလှုံ့ဆော်မှုကြီး” တစ်ခုအဖြစ် လုပ်ဆောင်ခဲ့ကြသည်။ ခြုံငုံကြည့်လျှင် ငွေကြေးအကျပ်အတည်းနောက်ပိုင်း တရုတ်ကြွေးမြီမှာ ၂၀ဝ၉ ခုနှစ်တွင် ဂျီဒီပီ၏ ၁၇၅ ရာခိုင်နှုန်းခန့်ရှိရာမှ လက်ရှိတွင် ဂျီဒီပီ၏ ၃၀ဝ ရာခိုင်နှုန်းကျော်အထိ တစ်ဟုန်ထိုးမြင့်တက်ခဲ့တော့သည်။ ဒီထက်ပိုဆိုးစေသည်မှာ ချေးငွေများကို စီးပွားလျော့ကျလာသောနေရာများနှင့် ထုတ်လုပ်မှုလျော့နည်းလာသော ကုမ္ပဏီများက ပိုမိုသုံးစွဲခဲ့ကြသဖြင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ချေးငွေသုံးစွဲမှုမှာ ထိရောက်မှု၊ အကျိုးရှိမှုမရှိခဲ့ပေ။ တရုတ်အစိုးရအနေဖြင့် ဝင်ရောက်ထိန်းကွပ်ရန်ကြိုးပမ်းခဲ့သော်လည်း ထိုဖြစ်ရပ်တို့မှာ ရပ်တန့်ခြင်းမရှိဘဲ အကြွေးတို့သာ မြင့် တက်လာခဲ့သည်။ ဤသို့ အန္တရာယ်အချက်ပေးသံ သောသောညံလာသော်လည်း တရုတ်သည် အများသူငါလို သမားရိုး ကျနိုင်ငံတစ်ခုတော့ မဟုတ်ချေ။
တရုတ်၏ နိုင်ငံ့ငွေလုံးငွေရင်းပမာဏ (Capital Account) (ယင်းသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဝင်ငွေ၊ ထုတ်လုပ်မှု၊ ဒါမှမဟုတ် စုဆောင်းငွေတို့အပေါ် သက်ရောက်မှုရှိသည်) ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့်အပြင် Asset ပမာဏ အမြောက်အမြားကိုလည်း အစိုးရနှင့်တရုတ်ဘဏ်များက ထိန်းသိမ်းထားသည်။ ထို့ပြင် တခြားနိုင်ငံအများစုနှင့် နှိုင်းယှဉ်လျှင် တရုတ်အစိုးရသည် စီးပွားရေးကို အလွန်ထိန်းချုပ်ထားပြီး မတည်မငြိမ် ဖြစ်လာနိုင်ခြေမှန်သမျှကို ရှောင်ကြဉ်ရန်လည်း ဆုံးဖြတ်ထားသည်။ သို့သော် တရုတ်ကြွေးမြီများသည် လည်း ပြဿနာကင်းစင်သည်ဟု မဆိုနိုင်ပေ။ ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး စီးပွားရေးတိုးတက်မှုတစ်နှစ်လျှင် ၆ ရာခိုင်နှုန်းကျော်နှုန်းဖြင့် တစ်စတစ်စ လျော့ကျလာသည်မှာ လက်ရှိအချိန်အထိပင်ဖြစ်သည်။ စီးပွားရေးတိုးတက်မှုကို ထိန်းထားနိုင်ရန် ဝယ်လိုအားနှင့်ရောင်းနိုင်အားကို ဟန်ချက်ညီညီ ပုံမှန်တိုးတက်နေစေဖို့ လိုအပ်သည်။
အကယ်၍ တရုတ်အနေဖြင့် ကမ္ဘာ့စီးပွားရေး၏ရောင်းနိုင်အားတိုးမြင့်အောင် လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင် “ဝယ်လိုအား” မှာ “ပြဿနာတစ်ရပ်” ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ “ပစ်ပယ်ရမည့် အလုပ်မဖြစ်သော စီးပွားရေး လုပ်ငန်းများ” ဆိုသည်မှာ “ငွေကြေးသုံးစွဲမှုလျော့နည်းသော အလုပ်အကိုင်အနည်းငယ်မျှ” ဟု ဆိုရမည်ဖြစ်သည်။ အိမ်ထောင်စုများမှာ ပျောက်ဆုံးသွားသော ဝယ်လိုအားကို အစားထိုးဖြည့်တင်းရန် သိသာထင်ရှားစွာ သင့်လျော်သူ များဖြစ်သည်။ အိမ်ထောင်စုများ၏ဝင်ငွေတိုးတက်မှုက ထို့အတွက် အကူအညီဖြစ်နိုင်သော်လည်း တရုတ်အတွက် မူ ထိုသို့ဖြစ်လာဖို့ အခက်အခဲရှိနှင့်ပြီးဖြစ်သည်။ အကြောင်းမှာ ဂျီဒီပီတွင် ပါဝင်မှုတစ်ခုအဖြစ် သတ်မှတ်ရမည့် အိမ်ထောင်စုဝင်ငွေများမှာ ၂၀၁၆ ခုနှစ်ကတည်းက ကျဆင်းလာနေပြီးဖြစ်၍ပင်။ ယွမ်ငွေတန်ဖိုးကျဆင်းမှု ကလည်း ဒေါ်လာကြွေးမြီများရှိနေသည့် တရုတ်လုပ်ငန်းအပေါ် ငွေကြေး “ဖိအား” ဖြစ်စေဖို့ ထပ်ဆောင်းပေးနေပြန်သည်။ ထို့ပြင် စီးပွားရေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းအဖြစ် တရုတ်ပြည်ပပို့ကုန်ဆောင်ရွက်မှုကလည်း ကျန် ကမ္ဘာ့စီးပွားရေးများအပေါ် ဝန်ထုပ်ဝန်ပိုး အလွန်ကြီးကြီးမားမားဖြစ်စေသည်။
တစ်ချိန်ကဆိုလျှင် သူကြွယ်နိုင်ငံများအနေဖြင့် စီးပွားရှိန်မြင့်တက်နေသော နိုင်ငံများတွင် ပြုလုပ်သည့် စီးပွားရေးရာ ချိန်ညှိပြုပြင်မှုများကို အရေးမစိုက်ဘဲ နေနိုင်ခဲ့သည်။ သို့သော် အချိန်အခါတို့ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ တရုတ်၏စီးပွားရေး ကျဆင်းမှုနောက်ဆုံးဖြစ်ရပ်မှာ တစ်ကမ္ဘာလုံး “ဒေါင်ချာလည်” စေခဲ့သည့် ငွေကြေး အကျပ်အတည်း ကာလအတွင်း ဖြစ်ပွားခဲ့သည်။ ယင်းအချိန်မတိုင်မီ စီးပွားရေးတိုးတက်မှု ယာယီအားဖြင့်နှောင့်နှေးခဲ့သည်မှာ ၁၉၈၉ ခုနှစ်၊ တီအန်မင်ရင်ပြင်အကြွမှု အပြီးတွင်ဖြစ်သည်။ ထိုအချိန်က တရုတ်၏ဂျီဒီပီမှာ ကမ္ဘာတစ်ဝန်းစုစုပေါင်းပမာဏအနက် ၄ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး လက်ရှိတွင် ၁၉ ရာခိုင်နှုန်းရှိနေသည်။ ထိုကာလအတွင်း၌ စီးပွားအရှိန်မြင့်ဈေးကွက်များ၏ ကမ္ဘာ့ဂျီဒီပီတွင် ပါဝင်မှုမှာ ၃၆ ရာခိုင်နှုန်းမှ ၅၉ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။ သို့သော် ထိုဈေးကွက်များ ကိုယ်၌သည်ပင်လျှင် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်သည်။
[caption id="attachment_33809" align="alignnone" width="960"]ကမ္ဘာ့အင်းအားကြီးနိုင်ငံ ဂျီ-၂၀ ထဲက နိုင်ငံတစ်ချို့ရဲ့ ၂၀၀၇-၂၀၁၇ ဂျီဒီပီအတက်အကျ ရာခိုင်နှုန်း[/caption]
စီးပွားဖွံ့ဖြိုးပြီးလောကတွင်လည်း အရာရာ “ပန်းခင်းလမ်း” မဟုတ်ပေ။ ၂၀၁၇ ခုနှစ်တွင် စီးပွားရေးဖွံ့ ဖြိုးမှု ပိုမိုမြန်ဆန်ခဲ့သော ဥရောပဒေသအတွင်း၌ လက်ရှိတွင် “စီးပွားရေးနှေးကွေး” လာပြီဖြစ်သည် ဥရောပဗဟိုဘဏ်က ဘဏ္ဍာရေးရာစည်းမျဉ်းတင်းကျပ်မှုတို့ကို လုပ်ဆောင်သော်လည်း အထူးသဖြင့် အီတလီမှာ ပေါက်ကွဲလုနီးနီး ဗုံးတစ်လုံးဟု ဆိုရပေမည်။ အမျိုးသားရေးဝါဒီညွန့်ပေါင်းအဖွဲ့၏ ရွေးကောက်ပွဲက အစိုးရငွေချေးစာချုပ်ဈေးကွက်များကို ကသောက်ကယက်ဖြစ်စေခဲ့သည်။ အီတာလျံ အစိုးရကြွေးမြီ ယူရိုနှစ်ထရီလီယံ၊ တစ်နည်းအားဖြင့် ဂျီဒီပီ၏ ၁၃၀ ရာခိုင်နှုန်းနှင့်အတူ အီတလီသည် ထိန်းချုပ်ရန် အလွန်အမင်းခက်ခဲကောင်းခက်ခဲမည့် အကျပ်အတည်း သစ်တစ်ခုကို ရှောင်ပြေးရန် မလွယ်လှပေ။ အီတလီ၏ “ကျီးလန့်စာစားအခြေအနေ” မှာ ဘဏ္ဍာရေးဈေးကွက်အသီးသီးသို့ ကူးစက်ပြန့်ပွားသွားနိုင်ပြီး ကမ္ဘာတစ်ဝန်းရင်း နှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းသွားစေနိုင်သည်။
အမေရိကတွင်လည်း အထိမခံနိုင်သည့် ကိုယ်ပိုင် “ပျော့ကွက်” ရှိနေသည်။ ငွေကြေးမဟုတ်သော ကော်ပို ရိတ်ကြွေးမြီနှင့် ဂျီဒီပီတို့ အချိုးအဆမှာ မကြုံစဖူးမြင့်မားနေပြီး ၇၃ ရာခိုင်နှုန်း ကျော်အထိရှိနေပြီဖြစ်သည်။ မကြာ မီကချေးယူခဲ့သော စိတ်ပူဖွယ်ရာ ငွေကြေးပမာဏမှာ အစိုးရငွေချေးစာချုပ်အစား “တွန်းအားပေးချေးငွေ” (Leveraged Loans) (ယင်းမှာ သတ်သတ်မှတ်မှတ်ကြွေးမြီ ပမာဏရှိနှင့်ပြီးသော လုပ်ငန်းများအတွက် ပုံမှန်ထက်ပိုများသော အတိုးနှုန်းဖြင့်ချေးငွေ) ပုံစံဖြင့်ဖြစ်သည်။ ယင်းမှာ ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအကျပ်အတည်းကာလတွင် သိသာပေါ်လွင်ခဲ့သည့် အိမ်ခြံမြေပေါင်နှံမှုကို ကျောထောက်နောက်ခံပြုသော စီကျူရတီမားကက်နှင့် သဘော တရားချင်းဆင်တူပင်ဖြစ်သည်။ ငွေကြေးအကျပ်အတည်းနှင့်ပတ်သက်သော သင်ခန်းစာများအနက်တစ်ခုမှာ အ လွန်အမင်း နောက်ကျသွားသည်အထိ မြင်သာထင်သာသိသာခြင်းမရှိသည့် အရာများကြောင့် မထိန်းသိမ်းနိုင်လောက်အောင် ထိတ်ထိတ်ပျာပျာ ဖြစ်ရခြင်းပင်ဖြစ်သည်။ ထိုသို့အနေအထားတစ်ခုကို ပြရလျှင် ရေနံဈေးနှုန်းမြင့် တက်ခြင်းဖြစ်ပြီး ရေနံတစ်စည်လျှင် ဒေါ်လာ ၅၀ မှ တရွေ့ရွေ့ဈေးမြင့်လာရာ ဒေါ်လာ ၈၀ နီးပါးရှိလာခဲ့သည်။ ဗင်နီဇွဲလားနှင့် အီရန်တို့မှ ရေနံရောင်းလိုအားအပေါ် နိုင်ငံရေးအရ ကန့်သတ်တားဆီးရာမှ ရေနံဈေးကွက် တစ်ခုလုံးအပေါ် “ထိ” လာစေနိုင်ပြီး နယူးယောက်နှင့်ဝေးလံသည့် ဒေသများမှ စီးပွားရေး အကျပ်အတည်းများသည် လက်ရှိအချိန်တွင် အမေရိကဆီ တရွေ့ရွေ့ချဉ်းကပ်နီးစပ်လာပြီ ဖြစ်သည်။ သို့အတွက် ကမ္ဘာကြီးအနေဖြင့် တစ်ကျော့ပြန် အကျပ်အတည်း တွေ့ကြုံနိုင်ခြေရှိနေပေသည်။
လက်ရှိအချိန် အကာအကွယ်နည်းလမ်း . . . နောင်တစ်ချိန်တွင် အလုပ်ဖြစ်ပါ့မလား
၂၀ဝ၁ နှစ်ဦးပိုင်းကာလတွင် အမေရိကန်ဗဟိုဘဏ်၏ ဘဏ္ဍာရေးမူဝါဒဆိုင်ရာကော်မတီက စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ ကွန်ဖရင့်စ်ဖုန်းခေါ်ဆိုကာ အစည်းအဝေးပြုလုပ်ခဲ့သည်။ ထို့နောက် ခရစ္စမတ်ရာသီရောင်းအား ကျဆင်းမှုနှင့် အလုပ်လက်မဲ့မြင့်တက်မှုတို့အပေါ် စိုးရိမ်ကြီးစွာဖြင့် အတိုးနှုန်းကို ၆ ရာခိုင်နှုန်းမှ ၅.၅ ရာခိုင်နှုန်း သို့ ရဲရဲဝံ့ဝံ့လျှော့ချခဲ့သည်။ ထိုအချိန်က အမေရိက၏ စီးပွားရေးမှာ သိသိသာသာ နှောင့်နှေးခြင်းမရှိသည့်အပြင် ရှယ်ယာဈေးနှုန်းမှာလည်း မြင့်တက်နေဆဲဖြစ်သည်။ သို့သော် အမေရိကန်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးအကျပ် အတည်းမစမီကြိုတင်၍ “လက်ဦးမှု” ရယူလိုခဲ့သဖြင့် ဤ သို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် ၆.၅ ရာခိုင်နှုန်းရှိရာမှ ၂၀ဝ၃ ခုနှစ်တွင် ၁ ရာခိုင်နှုန်းအထိ ရောက်အောင် အတိုးနှုန်းလျှော့ချခဲ့သော်လည်း ထပ်မံလျှော့ချနိုင်သေးသည်ဟု ဆိုနိုင်သည်။ ၂၀ဝ၈ နှစ်ကုန် ပိုင်းတွင် အိမ်ခြံမြေဈေးကွက်ပြိုလဲမှုကြောင့် အတိုးနှုန်းမှာသုညနီးပါးရောက်ရှိခဲ့သဖြင့် အမေရိကန်ဗဟိုဘဏ်အနေဖြင့် ယင်း၏အဓိက “လက်နက်” ကို ကိုင်စွဲနိုင်ခြင်းမရှိတော့ဘဲ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။
နောင်ဖြစ်လာနိုင်သည့် စီးပွားရေးအကျပ်အတည်းမှာ ၂၀ဝ၇ ခုနှစ် အကျပ်အတည်းထက်စာလျှင် ၂၀ဝ၁ ခုနှစ်က ဖြစ်ပွားခဲ့သော အကျပ်အတည်းနှင့် ပြင်းထန်မှုအတိုင်းအတာ၊ ဘဏ္ဍာရေးစနစ်အပေါ်သက်ရောက်မည့် အန္တရာယ်များအားဖြင့် ပိုတူနိုင်သည်။ သို့သော် ဗဟိုဘဏ်ဦးဆောင်သူများအနေနှင့် လာမည့်အကျပ်အတည်း ကို ရင်ဆိုင်ရာတွင် နောက်ဆုတ်စရာနေရာ မကျန်တော့ချေ။ စီးပွားရေးပြန်လည်ကောင်းမွန်လာရန် လုပ်ဆောင်ရမည့် “ခြေလှမ်း” တိုင်းမှာ ယခင်ကထက်စာလျှင် “အလုပ်ဖြစ်ရန်” ပိုမရေရာလှပေ။ ထိုမရေရာမှုကပင် အဆိုးမြင်မှု များဖြစ်ပေါ်စေပြီး စီမံခန့်ခွဲရန်မတတ်သာမည့် အခြေအနေတစ်ခုခုဆီသို့ ဦးတည်သွားနိုင်ပါသည်။
၁၉၈၀ ပြည့်လွန်နှစ်များက စတင်ပြီး လက်ရှိအချိန်အထိ စီးပွားတိုးတက်ပြီးနိုင်ငံတို့သည် ဗဟိုဘဏ်များ၏ ရေတိုအတိုးနှုန်း အတိုး-အလျှော့ပြုလုပ်ပြီး စီးပွားရေး သံသရာစက်ဝန်းချောမွေ့စွာ လည်ပတ်အောင်လုပ်ဆောင်မှုအပေါ် အားထားခဲ့ကြသည်။ အတိုးနှုန်းမြှင့်တင်မှုသည် စီးပွားရေးရာဆောင်ရွက်ချက်များအပေါ် တိုက်ရိုက်ရော သွယ်ဝိုက်ပါ အကျိုးသက်ရောက်စေပြီး အတိုးနှုန်းလျှော့ချမှုမှာမူ ဆန့်ကျင်ဘက်သက်ရောက်မှုရှိသည်။ သို့သော် အတိုးနှုန်း သုညနီးပါးရောက်ရှိသည်နှင့် တစ်ပြိုင်နက် “ယာဉ်တစ်စီးသည် မြေပြင်ကို အရှိန်ပြင်းပြင်းဖြင့်ပွတ်တိုက်မိသလို” ဖြစ်စေတော့သည်။
ကမ္ဘာ့နိုင်ငံအများအပြားမှာ နောင်ဖြစ်လာမည့် စီးပွားရေးအကျပ်အတည်းကို အလွန်ချည့်နဲ့သည့် “မီးကျိုးမောင်းပျက် နည်းလမ်းများ” ဖြင့်သာ ရင်ဆိုင်ရမည်ဟု ဆိုရမည်။ အမေရိကန်၏ ရေတိုအတိုးနှုန်းမှာ ၂၀၂၀ နှစ်ကုန်အထိ ၃ ရာခိုင်နှုန်းအောက်သာရှိမည်ဟု ဈေးကွက်များကယူဆထားကြသည်။ ဗြိတိန်တွင် ၁.၅ ရာခိုင်နှုန်း ထက်ပိုမည်မဟုတ်ဟု ခန့်မှန်းထားပြီး ယူရိုဇုန်နှင့် ဂျပန်တွင်မူ သေချာရေရာမှု မရှိသလောက်ပင်။ ဗဟိုဘဏ်များအနေဖြင့် အလွန်ပိုမို အငြင်းပွားစရာကောင်းသလောက် သေချာမှုနည်းပါးလှသည့် QE ပေါ်တွင်သာ တစ်မုဟုတ်ချင်းဆိုသလို အားထားရမည်ဖြစ်သည်။
Asset အဝယ်ယူမှုကို ၂၀ဝ၇-၂၀ဝ၈ ခုနှစ်အကျပ်အတည်းကာလအတွင်းနှင့် အကျပ်အတည်းလွန် ကာလတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သလို ဥရောပနှင့် ဂျပန်တွင်လည်း ဆက်လက်အသုံးပြုခဲ့ကြသည်။ QE ကို နည်းလမ်းအဖုံဖုံဖြင့် အသုံးချနိုင်သည်ဟု ယူဆထားပြီး ဘဏ်များက အစိုးရငွေချေးစာချုပ်များကို စိတ်ချရသော အရာတစ်ခု၊ ပိုကောင်းသော ငွေရပေါက်ရလမ်းတစ်ခုအဖြစ် သိမ်းဆည်းထားကြသည်။ ဥရောပဗဟိုဘဏ်သည်လည်း ကိုယ်ပိုင်အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဂျာမနီတွင် ဆက်တိုက်ဘတ်ဂျက်လိုငွေပြမှု၏ ရလဒ် ကြောင့် လျော့နည်းလာသော ကြွေးမြီပြဿနာတစ်ခု ရှိနေသည်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဂျာမန်ရှယ်ယာဝယ်ယူမှုကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် ဥရောပဗဟိုဘဏ်က နိုင်ငံပိုင်ဂျာမန်ဘဏ်များမှထုတ်သည့် ငွေချေးစာချုပ်များကို စတင်ဝယ်ယူခဲ့သည်။ နောင်ဖြစ်လာမည့် အကျပ်အတည်းကြောင့် ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် လိုအပ်လာမည်ဆိုလျှင် ဥရောပဗဟိုဘဏ်သည် အဖွဲ့ဝင်နိုင်ငံအများအပြား၏ ကြွေးရှင်ဖြစ်လာမည်ဖြစ်သည်။
တစ်ချိန်တွင် ဥရောပဗဟိုဘဏ်သည် ထိုကိစ္စအပေါ် နိုင်ငံရေးအရအရဲစွန့်မှုကြီးတစ်ခုအဖြစ် ရှုမြင် ကောင်းရှုမြင်လာနိုင်သလို အဖွဲ့ဝင်နိုင်ငံများထံမှလည်း အကူအညီလိုကောင်းလိုလာနိုင်သည်။ ဤဖော်ပြခဲ့သည် တို့အနက် အများအပြားမှာ သီအိုရီအပေါ်မူတည်သည်ဟုလည်း ဆိုနိုင်သည်။ ပိုသိသာသည့်အချက်မှာ ဗဟို ဘဏ်များအနေဖြင့် QE ကို စတင်အကောင်အထည်ဖော်ချိန်၌ ယင်းတို့ရည်ရွယ်ရာကို အတိအကျ ရှင်းရှင်းလင်းလင်း ကွဲပြားမှုမရှိခြင်းပင်ဖြစ်သည်။ အစီအစဉ်များနှင့် အကျိုးအကြောင်းပြချက်များမှာ တဖြည်းဖြည်းနှင့် အ ဆင့်ဆင့်ပြောင်းလဲလေ့ရှိသည်။ အရေးအကြီးဆုံးဟု ဆိုနိုင်ကောင်းသည့်အချက်မှာ QE သည် နိုင်ငံရေးအရ အ ငြင်းပွားဖွယ်ရာရှိနေခြင်းပင်။ အမေရိကတွင် QE ကို စတင်အသုံးပြုချိန်၌ “အမေရိကန်ဗဟိုဘဏ်သည် ငွေ
ကြေးဖောင်းပွမှုအလွန်အမင်းဖြစ်စေမည်ကို လုပ်ဆောင်သည်” ဟု ရီပတ်ဘလီကန်တို့က စွပ်စွဲခဲ့သည်။ ဂျာမနီက မူ ဥရောပဗဟိုဘဏ်၏ Asset အဝယ်ယူမှုအစီအစဉ်များကို အကြွေး (အဖြစ်ရင်းနှီးမြှုပ်နှံမှု) အား “ငွေဖော်သည့်လုပ်ရပ်” အဖြစ် ရှုမြင်သည်။ ဘဏ္ဍာရေးပေါ်လစီမှာ အများအားဖြင့် ချေးငွေရယူခြင်းနှင့် ငွေကြေးသုံးစွဲခြင်းအားဖြင့် “အလုပ်ဖြစ်” လေ့ရှိသည်။ သို့သော် အောင်မြင်မှုမှာမူ လိုလိုချင်ချင် ထက်ထက်သန်သန် ချေးယူလိုသူများ အပေါ် မူတည်နေသည်။ ကော်ပိုရိတ်ကြွေးမြီမှာ ယခုနှစ် များအတွင်း၌ မြင့်တက်လျက်ရှိသည်။ ငွေကြေးအစုလိုက် အပုံလိုက်ရှိနေသော လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ငွေကြေးကို သုံးစွဲခြင်းအားဖြင့် ပံ့ပိုးနိုင်သော်လည်း ရင်း နှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ရမည်ထက်စာလျှင် ရှယ်ယာအမြတ်ငွေများနှင့် ရှယ်ယာများပြန်ဝယ်ရန်အတွက် သုံးစွဲရန် ပိုမိုစိတ်အားထက်သန်ပုံရကြသည်။
အိမ်ထောင်စုများက အကူအညီဖြစ်ကောင်းဖြစ်နိုင်သော်လည်း စီးပွားတိုးတက်ပြီး သူကြွယ်လောကမှ စားသုံးသူများသည် “အကြွေးဝန်ထုပ်ကြီးကြီး” ကို ဆက်လက်သယ်ပိုးနေရမည် ဖြစ်သည်။ စီးပွားရှိန်မြင့်တက်ဆဲ နိုင်ငံကြီးများ အများစုအနေဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်က ဘရာဇီးကဲ့သို့ ငွေကြေးအမြောက်အမြား ချေးယူခြင်း သည် ဈေးကွက်ယုံကြည်မှုအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း ကျိန်းသေစိတ်ပူရမည်ဟုဆိုသည်။ နိုင်ငံ ငွေကြေးဖြင့်သာ ချေးငွေရယူသော သူကြွယ်နိုင်ငံများအနေဖြင့်မူ အကယ်၍ နိုင်ငံရေးအရခွင့်ပြုမည်ဆိုပါက နိုင်ငံ့စီးပွားရေးကို ပံ့ပိုးနိုင်မည့်စွမ်းပကား ပိုမိုရရှိနိုင်မည်ဖြစ်သည်။
စီးပွားရေးအကျပ်အတည်းတစ်ခု ချဉ်းကပ်လာချိန်တွင် အဦးဆုံးတုံ့ပြန်မှုမှာ ထိုအကျပ်အတည်း ကျော် လွန်သွားဖို့ မျှော်လင့်ရန် ဖြစ်သည်။ အကယ်၍ အကျပ်အတည်းဆက်ဖြစ်နေပြီဆိုလျှင် ဗဟိုဘဏ်များအနေဖြင့် သံသယဖြစ်စရာမလိုလောက်အောင် QE ကို စတင်အ ကောင်အထည်ဖော်မည်ဖြစ်သည်။ ထို့နောက် စိုးရိမ်ပူ ပန်နေပြီဖြစ်သော အစိုးရတချို့က ဘဏ္ဍာရေးရာလှုံ့ဆော်မှုများကို စတင်ပြုလုပ်မည်ဖြစ်သည်။ စီးပွားရေးပြန်လည် နာလန်ထူလာဖို့ မသေချာမရေရာလျှင် နိုင်ငံရေးသမားများက ပိုမိုအံ့ဩဖွယ်ကောင်းသော “စီမံချက်များ” ဆီ ပြောင်းလဲရန် တွန်းအားပေးလှုံ့ဆော်ကြပါလိမ့်မည်။
အကယ်၍ သမားရိုးကျ “လက်နက်” များ အသုံးမဝင်လျှင် . . .
အနာဂတ်ကာလသည် တခြားနိုင်ငံများနှင့် နှိုင်းစာလျှင် ဂျပန်နိုင်ငံသို့ ပိုမိုစောစီးစွာ ရောက်ရှိလေ့ရှိသည်။ သက် ကြီးရွယ်အိုများကို စောင့်ရှောက်ရာတွင် အကူအညီပေးမည့် စက်ရုပ်များမှသည် သုံးဖက်မြင် ပေါ့ပ်စတားများအထိသာမက “စီးပွားရေးရာပေါ်လစီ” ပင်မကျန်ရစ်၊ ရှေ့ရောက်နေနှင့်ပြီး ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များဆီက ဂျပန်၏ “ဘဏ္ဍာရေးပူဖောင်းများ” အမြောက်အမြားပေါက်ကွဲချိန်တွင် ဂျပန်ဗဟိုဘဏ် (the bank of Japan-BOJ) သည် ထိုအခြေအနေဆိုးကိုရင်ဆိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ရေတိုကာလအတိုးနှုန်းကို “သုည” နီးပါးသို့ လျှော့ချခဲ့သည်။ ဤသည်မှာ တခြား သူကြွယ်နိုင်ငံတို့ နောင် ၁၃ နှစ်ကြာသည်အထိ မပြုလုပ်နိုင်သော “ခေါင်းခဲစရာကိစ္စ” ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က ဂျပန်ဗဟိုဘဏ်သည် နောင်ငွေကြေး အကျပ်အတည်းကာလအတွင်း၌ တခြားသော ဗဟိုဘဏ်များ၏ တိုက်ပွဲဝင် “လက်နက်သေတ္တာ” အတွင်းရောက်ရှိလာမည့် QE ကဲ့သို့သော ပေါ်လစီအပါအဝင် တခြားပေါ်လစီ အများအပြားကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။ ယင်းလုပ်ရပ်ကို အနောက်နိုင်ငံများ၏ ဗဟိုဘဏ်များသည် ဂျပန်ဗဟိုဘဏ်၏ အရည်အချင်းမပြည့်ဝမှု “နမူနာပြ” အဖြစ် တစ်ချိန်က ရှုမြင်ခဲ့ကြသော်လည်း ၂၀ဝ၈ ခုနှစ်နောက်ပိုင်းတွင်မူ စီးပွားတိုးတက်အောင် အတိုးနှုန်း သုညအနေအထားဖြင့် လုပ်ဆောင်ရခြင်းသည် အမြင်ထက်ပိုမိုခက်ခဲကြောင်း ယင်းတို့ သဘောပေါက်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်တွင် ရှင်ဇိုအာဘေးဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက် မစ္စတာအာဘဲ့သည် ဂျပန်ဗဟို ဘဏ်ဥက္ကဋ္ဌကို လူစားထိုးပြောင်းလဲခဲ့ပြီး နိုင်ငံ့စီးပွားရေးနိုးကြွစေမည့် “ဝယ်ယူနိုင်အား “ တိုးတက်စေရန် ပြုလုပ်မည် ဟု ကတိပြုခဲ့သည်။ ဂျပန်ဗဟိုဘဏ်က ယင်း၏အက်ဆက်ဝယ်ယူမှုကို အထူးအားစိုက်ခဲ့သည်။ ဘဏ်၏ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာအခြေအနေမှာ ၂၀၁၂ ခုနှစ်တွင် ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းရှိခဲ့ရာမှ လက်ရှိတွင် ၁၀ဝ ရာခိုင်နှုန်းရှိနေပြီး တိုးတက်လာခဲ့ပြီဖြစ်သည်။ ဂျပန်ဗဟိုဘဏ်သည် အစိုးရငွေချေးစာချုပ်များကိုသာမက ကော်ပိုရိတ်ကြွေးမြီများ၊ အီကွစ်တီဖန်း (Equity Funds) နှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ရှယ်ယာများကိုပါ ဝယ်ယူခဲ့သည်။ ဂျပန်ဗဟိုဘဏ်၏ ကြိုးပမ်းလုပ်ဆောင်မှုသည် အတိုးနှုန်းလျှော့ချမှုနှင့် QE တို့ “အလုပ်မ ဖြစ်” ချိန်တွင် အစိုးရများအနေဖြင့် သမားရိုးကျမဟုတ်သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်ကြောင်း နမူနာပြတစ်ခုဖြစ်ခဲ့သည်။ နောင်စီးပွားရေး အကျပ်အတည်းဖြစ်ပေါ်လာပါက ဂျပန်အစိုးရကဲ့သို့ ဝင်ရောက်လုပ်ဆောင်မှုမျိုးသည် မူဝါဒဆိုင်ရာနယ်ပယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက် (စွက်ဖက်) လုပ်ကိုင်ခြင်းဟု ဆိုရမည်။
သည့်အတွက် စီးပွားရေးပညာရှင်များက နောင်တွင် စိန်ခေါ်မှုတစ်ခုခုဖြင့် ရင်ဆိုင်ရမည်ကို တွက်ဆထားကြသည်။ စီးပွားရေးနာလန်ထူလာချိန် အစဦးကာလ၌ပင် အတိုးနှုန်းလျော့နည်းပြီး ကြွေးပမာဏမြင့်မားမည်မှာ သေချာသလောက်ရှိနေသည်။ နောင်တစ်ချိန်စီးပွားရေးအကျပ်အတည်းအသစ်တစ်ခုဖြစ်လာချိန်တွင် ပေါ်လစီ ချမှတ်သူများအနေဖြင့် မည်သို့မည်ပုံ ဖြေရှင်းမည်ဆိုသည့် ရွေးချယ်စရာနည်းလမ်းများလည်း အများအပြားရှိနေသည်။ သို့သော် သူတို့မည်ရွေ့မည်မျှ ထက်ထက်သန်သန် ဆောင်ရွက်မည်ဆိုသည်ကမူ မသေချာသည့် အချက်တစ်ချက်ပင်။ တစ်ဖက်တွင်လည်း ပေါ်လစီချမှတ်သူများ နှင့် ဗဟိုဘဏ်အကြီးအကဲများသည် အတိုးနှုန်းနိမ့်နေသော အခြေအနေ၌ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ရာတွင် ပြောင်မြောက်စွာ ကျေနပ်အားရနေကြပြီး ဖြစ်သည်။
စီးပွားရေးပညာရှင်အမြောက်အမြားက ဘဏ္ဍာရေးမူဝါဒဆိုင်ရာ “သတ်မှတ်ရည်မှန်းချက်များ” ကို ချိန် ညှိပြုပြင်ခြင်းအားဖြင့် “ထိန်း” ထားမည့် ဗဟိုဘဏ်များ၏ထုံးတမ်းစဉ်လာအခန်းကဏ္ဍအပေါ် အဖတ်ဆယ်ဖို့ ကြိုးစားရန် အရေးကြီးသည်ဟု ယူဆကြသည်။ ပြဿနာမှာအမည်ခံသက်သက်မျှသာရှိသော အတိုးနှုန်းပမာဏ “သုည” ဆီ ရောက်ရှိသွားမည့် အနေအထားပင်ဖြစ်သည်။ အကယ်၍ အတိုးနှုန်း ၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ ရာခိုင်နှုန်းဆိုလျှင် အမှန်တကယ်အတိုးနှုန်းမှာ အကြမ်းအားဖြင့် ၁ ရာခိုင်နှုန်းဖြစ်မည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်လေလေ အတိုးနှုန်းမှာ သုည၊ ဒါမှမဟုတ် သုညအောက်သို့ ကျဆင်းနိုင်လေလေဖြစ်သည်။
၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးပညာရှင်အများစုက ငွေကြေး ဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းသည် အတိုးနှုန်း သုညအောက် ထိကျဆင်းမှုကို ရှောင်ကြဉ်နိုင်ရန်နှင့် ဈေးနှုန်းမြင့်တက်မှုအပေါ် ထိန်းချုပ်မှုတို့အကြား ဟန်ချက်ညီစေသည့်ပမာဏဟု သုံးသပ်ခဲ့ကြသည်။ ၂ ရာခိုင်နှုန်းဆိုသော “အခုအခံ” သည် “သုည” နှင့် အနိမ့်ဆုံးသောနှုန်းတွင် ရှိနေစေသဖြင့် အလွန်နည်းပါးသည်ဟုဆိုရမည်။ ဤ ပြဿနာကိုဖြေရှင်းရန် နည်းလမ်းများလည်း ရှိနေပါသည်။ ပထမနည်းလမ်းမှာ ရိုးရိုးရှင်းရှင်းပင်၊ ဗဟိုဘဏ်များက သတ်မှတ်ထားသော ငွေကြေးဖောင်းပွမှုနှုန်းကို တိုးမြှင့်ရန်ဖြစ်သည်။ စီးပွားရေးပညာရှင်တချို့သည် ဤလုပ်ဆောင်မှုမျိုးကို ဖြစ်နိုင်ခြေရှိသောကိစ္စတစ်ခုအ ဖြစ်အဆိုပြုခဲ့ဖူးသည်။ တခြားနည်းလမ်းတစ်ခုမှာ ငွေကြေးဖောင်းပွမှုကို သတ်မှတ်နှုန်းတစ်ခုအဖြစ်ဆိုသည် ထက် “အလားအလာရှိနိုင်ခြေအဆင့်” အဖြစ် သတ်မှတ်ရန် ဖြစ်သည်။ Brookings Institution မှ Ben Bernanke က အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းသုညအောက် သို့ ရောက်နိုင်ခြေရှိသော စီးပွားရေးအခြေအနေတွင် ယာယီအားဖြင့် “အဆင့်သတ်မှတ်ချက်” တစ်ခုခုထားရှိသင့်ကြောင်း ၂၀၁၇ ခုနှစ်က တင်ပြခဲ့ဖူးသည်။ တခြားသူများကမူ “ငွေကြေးဖောင်းပွမှု” သည် မှားယွင်းသော “ပစ်မှတ်” တစ်ခုဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်းဆိုကြသည်။ ငွေကြေးဖောင်းပွမှုအစား အနိမ့်ဆုံးဂျီဒီပီ (Nominal GDP) ကို “ပစ်မှတ်” ထားခြင်းက အားသာချက်များရှိကြောင်း ပြောကြသည်။ NGDP အပေါ် ပစ်မှတ်ထားသည့် ဗဟို ဘဏ်အနေဖြင့် ငွေကြေးသုံးစွဲမှုပမာဏကြောင့် လက်ခံနိုင်ဖွယ်ရှိသော စစ်မှန်သည့်ရလဒ်ရရှိအောင် တွန်းအားပေး နိုင်-မပေးနိုင်၊ ဒါမှမဟုတ် လက်ခံနိုင်ဖွယ်မရှိသော ငွေကြေးဖောင်းပွမှုတိုးလာခြင်းကို ဖြစ်စေနိုင်-မဖြစ်စေနိုင် တို့ကိုစောင့်ကြည့်ရန် မလိုအပ်ဟု ဆိုသည်။
လျော့နည်းသော အတိုးနှုန်းများရှိရာ ကမ္ဘာကြီးနှင့် ပိုမိုလိုက်ဖက်သင့်လျော်သော ငွေကြေးဆိုင်ရာသတ် မှတ်ချက်တစ်ခုခုကို လက်ခံကျင့်သုံးရန်မှာ လက်ရှိကာလထက် ပိုကောင်းသောအချိန်မရှိတော့ပေ။ အစိုးရများအနေဖြင့် စီးပွားရေးကို ပြန်လည်အားကောင်းစေလိုသော ပေါ်လစီချမှတ်သူများ၏ဆန္ဒကို သက်သေပြခြင်းအားဖြင့် ယနေ့ပင် ခြေလှမ်းပြင်ဆင်သင့်ပြီး စီးပွားရေးကျဆင်းချိန်၌ “ရည်မှန်းပစ်မှတ်” ပြောင်းလဲမှုတစ်ခုခုသည် အမှန်တကယ် “လိုအပ်ချက်” ကို အားဖြည့်နိုင်မည်ဖြစ်သည်။ သို့သော် ရှေးရိုးဆန်သော ဗဟိုဘဏ်များကမူ နိုင်ငံရေးအရပံ့ပိုးကူညီမှုမပါဘဲ “ရည်မှန်းပစ်မှတ်များ” ကို ပြောင်းလဲရန်နှစ်မြို့မည်မဟုတ်ပေ။
ပြောင်းရွေ့နေသော “ရည်မှန်းပစ်မှတ်များ”
အမေရိကန်ဗဟိုဘဏ်က ဈေးနှုန်းတည်ငြိမ်မှုနှင့် အလုပ်ရရှိနှုန်းမြင့်မားမှုဆိုသည့် ယင်း၏အကောင်အထည်ဖော်ပိုင် ခွင့်နှစ်ခုအတွက်ဆိုခဲ့ပါ ရည်မှန်းပစ်မှတ်တစ်ခုခုသည် သင့်လျော်မှုရှိ-မရှိ အငြင်းပွားနေချိန်တွင် တခြားအရာများ ထက်ဈေးနှုန်းများ တည်ငြိမ်အောင်ဆောင်ရွက်နေသော ဥရောပ ဗဟိုဘဏ်အနေဖြင့်မူ လွတ်လပ်မှုအနည်းငယ်သာ ရှိနေသည်။ အစိုးရများအနေဖြင့် ယင်းတို့ကိုယ်ပိုင် တခြားရည်မှန်းပစ်မှတ်များ ချမှတ်ကောင်းချမှတ်နိုင်သည်။ ဗဟိုဘဏ်များသည် တရားဝင်ရည်မှန်းပစ်မှတ်ကို ပဓာနမထားဘဲ ယင်းတို့၏ Asset ဝယ်ယူမှုမှရရှိသည့် အကျိုးအာနိသင်ကို တိုးတက်အောင်ပြုလုပ်နိုင်သည်။ ငွေကြေးဆိုင်ရာပေါ်လစီသည် စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ကျော်လွှားရန်ဆိုသည့် “ဝန်ထုပ်” တစ်ခုတည်းကိုသာ သယ်ယူဖို့ လိုအပ်သည်မဟုတ်ချေ။ မက်ခရိုစီးပွားရေးပညာရှင်တို့သည် ဘဏ္ဍာရေးအကျပ်အတည်း မတိုင်ခင်ကဆိုလျှင် ကျဆင်းနေသော စီးပွားရေးကို ပြန်လည်မြှင့်တင်ရန်အတွက် အစိုးရချေးငွေလိုအပ်မှုကြောင်း ယုံကြည်မှုမရှိခဲ့ပေ။
သို့သော် IMF ပြုလုပ်ခဲ့သော ၂၀၁၃ ခုနှစ်၊ လေ့လာဆန်းစစ်ချက်အရ ပထမဆုံးအနေဖြင့် ဘဏ္ဍာရေးရာလှုံ့ဆော်မှု သည် စီးပွားရေးအကျပ်အတည်းများကိုရင်ဆိုင်ရာ၌ အရေးပါသော “လက်နက်” ဖြစ်ကြောင်း ထွက်ပေါ်ခဲ့သည်။ ဒုတိယအနေဖြင့် စီးပွားရေးကျဆင်းချိန် ချေးငွေရယူရသည့်အတွက် ငွေကြေးကုန်ကျစရိတ်မှာ ယခင်က ထင်မြင်ယူဆထားသည်ထက် သိသိသာသာ လျော့နည်းနိုင်ကြောင်း တွေ့ရှိခဲ့သည်။ သို့သော် ဘဏ္ဍာရေးရာလှုံ့ဆော်မှုကို မည်သို့အသုံးချမည်လဲဆိုသည့် မေးခွန်းကျန်ရှိနေသေးသည်။
အဆိုး . . . အဆိုးတွေချည်းပဲဟု ပြင်းပြင်းထန်ထန်မမြင်ပါနှင့်။
နိုဘယ်ဆုရစီးပွားရေးပညာရှင် Milton Friedman က ငွေကြေးပုံနှိပ်ခြင်းသည် စီးပွားရေးအားကောင်းစေဖို့ပံ့ပိုးပေးရန် ဘယ်သောအခါမျှ ပျက်ကွက်မည်မဟုတ်ကြောင်း ပြောခဲ့သည်။ စင်စစ်အားဖြင့် ကိစ္စတိုင်းအတွက် ပိုမိုထူးခြားသော “အမြစ် မြေလှန်ပြောင်းလဲလိုသည့်ဝါဒ” ကျင့်သုံးဖို့ရာတွင် ဖြစ်နိုင်ခြေထာဝရရှိနေသည်။ လိုအပ်လာမည်ဆိုပါက ဗဟိုဘဏ်အနေဖြင့် စီးပွားရေးနယ်ပယ်အတွင်း အသစ်စက်စက်ငွေစက္ကူများကို ရဟတ်ယာဉ်ဖြင့် ကြဲချနိုင်ကြောင်း Milton က (အရွှန်းဖောက်) ပြောဆိုခဲ့သည်။ အစိုးရများအနေဖြင့် ဗဟိုဘဏ်များကိုယ်တိုင် ငွေကြေးထုတ်ဝေမှုကို စီမံခန့်ခွဲနိုင်စေရန် လုပ်ပိုင်ခွင့်လွှဲအပ် ပေးနိုင်သည်။
လူအများသည် ဗဟိုဘဏ်တွင် (လက်ရှိတွင်မူ ဘဏ်များကသာ ရရှိနေသည့်အခွင့်အရေးဖြစ်သော) ငွေကြေးတိုက်ရိုက် အပ်နှံရန်မှာလည်း ဖြစ်နိုင်ခြေရှိကောင်းရှိနိုင်သည်။ Vanderbilt University မှ Morgan Ricks နှင့် လုပ်ဖော်ကိုင်ဖက်များ၏ မကြာမီကထုတ်ဝေသော စာတမ်းတစ်ခုတွင် စားသုံးသူများ၏ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများနှင့် ဘဏ္ဍာရေးရာတည်ငြိမ်မှုတို့ တိုးတက်ရန်အတွက် ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုတစ်ခုခုကို အဆိုပြုခဲ့ကြသည်။ အတိုးနှုန်းသုညသို့ရောက်ရှိချိန်တွင် ဗဟိုဘဏ်အနေဖြင့် အသစ်ဖော်ထုတ်ထားသောငွေကြေးကို အများပြည်သူထံဖြန့်ချိရန်အတွက် ထိုငွေစာရင်းများကို အသုံးပြုနိုင်ပေမည်။
ဗဟိုဘဏ်ငွေစာရင်းများနှင့် ဗဟိုဘဏ်ငွေကြေးများကြောင့် ဗဟိုဘဏ်အကြီးအကဲများအနေဖြင့် အတိုးနှုန်းကို သုညအောက် အနုတ်ပြသည်အထိ လျှော့ချကောင်း လျှော့ချနိုင်မည်ဖြစ်သည်။ ယေဘုယျအားဖြင့် ဗဟိုဘဏ်များက အတိုးနှုန်းကို သုညအောက်အထိ မလျှော့ချ ခြင်းမှာ အပ်နှံငွေကြေးများ ပြန်လည်ထုတ်ယူသွားကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် ငွေသားနေရာတွင် အီလက်ထရွန်နစ်ငွေကြေးကို အစားထိုးသည့် အမြစ်မြေလှန်ပြောင်းလဲမှုကလည်း ဆိုခဲ့ပါပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ တစ်ဖက်တွင် ဘဏ်ရှိငွေ စာရင်းများမှ ငွေကြေးများကို ရယူခြင်းကြောင့် မလိုလားအပ်သော ဆက်တွဲဖြစ်ရပ်များ ပေါ်ပေါက်လာနိုင်သလို လူအများကြိုက်နှစ်သက်မှုလည်း မရှိနိုင်ပေ။
University of Warwick မှ Roger Farmer က စတော့အညွှန်းကိန်းများအပါအဝင် Asset များ၏ ဈေးနှုန်းများ တည်ငြိမ်မှုမှတစ်ဆင့် Animal Spirits ကို အထိရောက်ဆုံးစီမံခန့်ခွဲနိုင်သည်ဟု ထင်မြင်ယူဆသည်။ (နာမည်ကျော်ဗြိတိသျှစီးပွားရေးပညာရှင် John Maynard က မရေရာမသေချာသော အခြေအနေများတွင် ပြုလုပ်သော ငွေကြေးနှင့်ဝယ်ယူမှုဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ရှင်းပြရန်အသုံးပြုခဲ့သည့် ဝေါဟာရတစ်ခုဖြစ်သည်။ ယင်းကို “လူသား၏စိတ်ခံစားမှု” အဖြစ် လည်းဖော်ပြကြသည်။) တခြားနည်းလမ်းမှာ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုကဲ့သို့သော စီးပွားရေးရင်းမြစ်များနှင့်အတူမခိုင်ကျည်သည့် ဈေးကွက်များ တည်ငြိမ်စေရန်ရည်ရွယ်ပြီး စီကျူရတီများ ဝယ်ယူရန်နှင့် ရောင်းချရန်အတွက် အာဏာပိုင်ဓနငွေကြေးရန်ပုံငွေအဖွဲ့ (Sovereign Wealth) တစ်ခုတည်ထောင်နိုင်သည်။
စီးပွားရေးအကျပ်အတည်းများသည် စီးပွားရေးဆိုင်ရာရင်းမြစ်များ အလဟဿမဖြစ်အောင် ထိန်းသိမ်း ရန်အတွက် ငွေကြေးသုံးစွဲမှု အလွန်အမင်းလျော့နည်းချိန်တွင် ဖြစ်လေ့ရှိသည်။ စီးပွားရေးပညာရှင်များသည် အနာ ဂတ်ကာလစီးပွားရေးကျဆင်းချိန်တွင် ကျိန်းသေနီးပါးဖြစ် နေနိုင်သည့် အတိုးနှုန်းသုညဖြစ်နေချိန်၌ ငွေကြေးသုံးစွဲမှုအားပေးမြှင့်တင်မည့်၊ စီးပွားရေးအကျပ်အတည်းမှ လွတ်မြောက်စေမည့် နည်းလမ်းများကိုစဉ်းစားရင်း လွန်ခဲ့သောဆယ်နှစ်ကို ကုန်ဆုံးခဲ့ကြသည်။ သို့သော် အလားအလာကောင်းသော ထိုနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ထားခြင်းမရှိပေ။ မစ္စတာအာဘဲ့က ဂျပန်တွင် ပြုလုပ်ခဲ့ပြီးသော နည်းလမ်းများသည်လည်း အဖြူ-အမည်းမသဲကွဲသောရလဒ်များ ထွက်ပေါ်ခဲ့သည်။ သို့ရာတွင် နောင်ဖြစ်လာမည့် စီးပွားရေးအကျပ်အတည်းကို ရဲရင့်ပြတ်သားမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တုံ့ပြန်ရင်ဆိုင်ရန် လိုအပ်သည်။ တစ်နည်းပြောရလျှင် နိုင်ငံရေးအရဆုံးဖြတ်ချက်များပေါ်တွင်လည်း မူတည်နေသည်။ သို့ သော် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်မည့် နည်းလမ်းများသည် တခြားအချိန်ကထက် ပိုမိုများပြားနေပါက နိုင်ငံရေးသမားများအနေဖြင့် စီးပွားရေးရာမူဝါဒကောင်း တစ်ခုထွက်ပေါ်လာရန် ပါတီ၏အကန့်အသတ်ကို ကျော်လွန်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်မှု အလွန်နည်းပါးလိမ့်မည်။
လာမည့်စီးပွားရေးအကျပ်အတည်း . . . တစ်မူကွဲပြားလိမ့်မည်။
၁၉၃၀ ပြည့်လွန်နှစ်များဆီက အမေရိကမှစတင်ခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်တွင် စီးပွားရေးမတည်ငြိမ်မှုနှင့်ပတ်သက်သည့် ဟန်ချက်ကို နိုင်ငံတစ်နိုင်ငံမှ တခြားတစ်နိုင်ငံ ဆီသို့ “ရွှေ” ပြောင်းရွှေ့မှုနှင့် တိုင်းတာခဲ့ကြသည်။ လက်တွေ့တွင်မူ ထို “ရွှေ” မှာ အနည်းနှင့်အများဆိုသလို အမှန်တကယ် နေရာပြောင်းရွှေ့ခြင်းမရှိပေ။ ဗဟိုဘဏ်အများစုသည် ယင်းတို့၏ရွှေများကို အင်္ဂလန်ဘဏ် (Bank of England) ၏ လုံခြုံရေးအဆင့်မြင့်အလုံပိတ်အခန်းများအတွင်း၌ သိမ်းဆည်းထားကြသည်။
ကမ္ဘာကြီးအနေဖြင့် စီးပွားရေးအကျပ်အတည်းဒဏ်ကို ထပ်မံခံစားရနိုင်ခြေရှိနေပြန်ပြီဖြစ်သည်။ အကယ်၍ ထိုအကျပ်အတည်းသာ ကပ်ဘေးအသွင် ဖြစ်လာမည်ဆိုလျှင် ယင်းသို့ဖြစ်ရခြင်းမှာ အခက်အခဲမှ ရုန်းထွက်နိုင်စေမည့် စိတ်ကူးစိတ်သန်းတို့ နည်းပါးမှုကြောင့် မဟုတ်ချေ။ နိုင်ငံရေးသမားတို့သည် စီးပွားရေးနယ်ပယ်အ တွင်း ငွေကြေးမြောက်မြားစွာစီးဝင်စေမည့် နည်းလမ်းပေါင်းများစွာအနက်တစ်ခုခုကို ရွေးချယ်ရန် စိတ်အားမ ထက်သန်သောကြောင့်၊ ဒါမှမဟုတ် မရွေးချယ်နိုင်သောကြောင့်သာဖြစ်ပေမည်။ ဝမ်းနည်းစရာကောင်းစွာပင်၊ ထိုကဲ့သို့အနေအထားမှာလည်း ဖြစ်နိုင်ခြေအလွန်များလျက်ရှိသည်။ သို့ဆိုလျှင်တောင် ဖြစ်ပေါ်လာမည့် အ ကျပ်အတည်းသည် ကပ်ဘေးကြီးလုံးလုံးလျားလျားဟု မဆိုစကောင်းပေ။ ရုန်းကန်နေရသော နိုင်ငံများအနေဖြင့် ယင်းတို့၏ကံကြမ္မာကို လွန်ခဲ့သောနှစ်နှစ်ဆယ်က ဂျပန်ကဲ့သို့ပင် သွေးအေးအေးဖြင့် လက်ခံကောင်းလက်ခံမည် ဖြစ်သည်။ သို့သော် ကမ္ဘာ့စီးပွားရေးက ယင်းအပေါ်ပိလာမည့် သည်းမခံနိုင်လောက်သောဖိအားကို ကမ္ဘာ့ “ပထဝီ နိုင်ငံရေးရာ အင်အား” ဘက်ဆီသို့ မည်သို့ပြောင်းရွှေ့နေရာ ချမည်ဆိုသည်ကို စဉ်းစားရန်မှာ အလွန့်အလွန်လွယ်ကူသည်။ အရေးအကြီးဆုံးမှာ မကြာမီကပင် အာရုံစိုက်လာရသည့် “ဘဏ္ဍာရေးအကျပ်အတည်း” ဆိုသည့် အရာပင်။
“အကျပ်အတည်းများ” ဟူသည် နိုင်ငံရေးအရ “အဆိပ်သင့်စေမည့်အရာများ” ဖြစ်သည်။ မဲဆန္ဒရှင်များကို အတွေးအခေါ် အစွန်းရောက်များက ပိုမိုဆွဲဆောင်နေကြပြီး နိုင်ငံရေးအရ စုစည်းပေါင်းစပ်မှုများလည်း ပိုမိုအားပျော့ လာသည်။ ယနေ့ကမ္ဘာကြီးတွင် ဆိုခဲ့ပါအချက်များကို ပံ့ပိုးမည့်သက်သေသာဓကများ ပြည့်လျှမ်းလျက်ရှိနေသည်။ ဂရိ၊ အီတလီနှင့် ပိုလန်ကဲ့သို့ တချို့နိုင်ငံများတွင် အမြစ်မြေလှန်ပြောင်းလဲသွားမည့်ပါတီများက “အစိုးရ” ဖြစ်လာမည့်လမ်းကြောင်းကို တွေ့ရှိထားကြပြီးဖြစ်သည်။ တခြားနိုင်ငံအများအပြားတွင်လည်း ဩဇာရှိရှေးရိုးဝါဒီ ပါတီများသည် ပြည်သူလူထုအမြင်ကို ပြောင်းလဲရန်၊ ဒါမှမဟုတ် စိန်ခေါ်မှုများကို ရှောင်ကြဉ်ရန်အတွက် ပိုမို အစွန်းရောက်စွာ တုံ့ပြန်ခဲ့ကြပြီးဖြစ်သည်။
အားအင်ချည့်နဲ့သော အစိုးရများအနေဖြင့် စီးပွားရေးအကျပ်အတည်းကို အောင်မြင်စွာတုံ့ပြန် နိုင်ရန်လိုအပ်သော ပေါ်လစီများကို ပြဋ္ဌာန်းရန်ယေဘုယျအားဖြင့် ခက်ခဲစွာရုန်းကန်ရလိမ့်မည်။ အစွန်းရောက်သော၊ ပြည်သူလူထုအကျိုးကို ရှေးရှုသော အစိုးရများသည် အကျပ်အတည်းကာလအတွင်း ကမ္ဘာ့စီးပွားရေးကို အတူတကွထောက်ကူခဲ့သည့် သက်တမ်းရှည်ကြာဓလေ့ထုံးတမ်းများအပေါ် နက်နက်နဲနဲ တာဝန်ခံမှုလည်း ရှိပုံမရပေ။ စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ (G20) ၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များဆီက အစိုးရတို့လုပ်ဆောင်ခဲ့သလို “သွင်းကုန်အပေါ်စည်းကြပ်သည့် အခွန်” အကန့်အသတ်များလက်မလျှော့ရန် ကတိပြုခဲ့ကြပြီး တာဝန်ခံမှုကိုယ်စီ ကျယ်ကျယ်ပြန့်ပြန့် စွဲကိုင်ထားကြသည်။ သို့သော် လက်ရှိတွင် အကျပ်အတည်းမဖြစ်ပေါ်ခင်ကပင် ပထဝီနိုင်ငံရေးအရ အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းသောဆက်ဆံရေးတို့မှာ တစ်စတစ်စလျော့ပါး လာနေပြီ ဖြစ်သည်။
၁၉၃၀ ပြည့်လွန်နှစ်များဆီက သင်ခန်းစာများ
နိုင်ငံအများစု၏ “ကြိုတင်ပြင်ဆင်မှုမရှိသောအခြေအနေ” ကို “ယခင့်ယခင်ကထက် ပိုအရေးကြီးသော နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် ယခုအခါ ပိုပြီးရှင်း လင်းပြတ်သားမှုမရှိပါ” ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖို့ရာ ရွေးချယ်စရာနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ယင်း အနေဖြင့် ငွေကြေးသုံးစွဲမှုမြင့်တက်လာအောင် ဘဏ္ဍာရေး လှုံ့ဆော်အားပေးမှုပြုလုပ်နိုင်သည်။ ဤသို့ပြုလုပ်ခြင်းကြောင့် လူအများအနေဖြင့် နိုင်ငံရပ်ခြားမှကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူကြသဖြင့် အကျိုးရလဒ်တချို့မှာ နိုင်ငံရပ်ခြားသို့ မလွှဲသာမရှောင်သာ ရောက်ရှိသွားနိုင်သည်။ နောက်တစ်မျိုးမှာ နိုင်ငံ့ငွေကြေးကိုတန်ဖိုး လျှော့ချပြီး နိုင်ငံရပ်ခြားမှ သုံးစွဲကုန်ကျစရိတ်ကို မိမိနိုင်ငံ၏ပြင်ပသို့ တွန်းထုတ်နိုင်သည်။ လာမည့်အကျပ်အတည်းကြောင့်ဖြစ်ပေါ်လာမည့် အကြီးမားဆုံးအခက်အခဲများတွင် ငွေကြေးသုံးစွဲမှုအတွက် “နိုင်သူအပြတ်-ရှုံးသူ အဆုံး” ဆိုသည့် အနေအထားကို အစိုးရများ ရင်ဆိုင်ရနိုင်သည် ဆိုသည့်အချက်လည်း ပါဝင်သည်။ နိုင်ငံအတွင်း ငွေကြေးပိုမို “ဖန်တီး” ရန်အတွက် နည်းပညာနှင့် နိုင်ငံရေးဆိုင်ရာအခက်အခဲများကို မကျော်လွှားနိုင်လျှင် အစိုးရများအနေဖြင့် နိုင်ငံခြားမှ ငွေကြေးရယူရန် ဆုံး ဖြတ်ကောင်းဆုံးဖြတ်နိုင်သည်။ ထိုစိုးရိမ်မှုမှာ စီးပွားဖွံ့ ဖြိုးပြီး နိုင်ငံအများစုတို့ “ရွှေစံချိန်စံနှုန်း” အပေါ် “စွဲကပ်” နေချိန်ဖြစ်သည့် ၁၉၃၀ ပြည့်လွန်နှစ်များဆီက အခက်အခဲကာလဆီသို့ ပြန်ပြောင်းသတိရစေသည်။
ခေတ်သစ်ကမ္ဘာကမူ ယခင်အခြေအနေနှင့် နှိုင်းယှဉ်လျှင် အလွန်ဆိုးရွားပြင်းထန်သော စီးပွားရေးအ ကျပ်အတည်းများ ဖြစ်ပွားလိမ့်မည်မဟုတ်ပေ။ သို့သော် အတိုးနှုန်းသုညနီးပါး လျော့ကျချိန်နှင့်တစ်ပြိုင်တည်း အစိုးရတို့ ချေးငွေရယူရန်ခက်ခဲလျှင် စီးပွားရေးမှာ “ရွှေကိုစံချိန်စံမှတ်” ပြုသောကာလက အခြေအနေများနှင့် တွေ့ကြုံရနိုင်သည်။ ငွေကြေးဖလှယ်နှုန်းနှင့်ပတ်သက်ပြီး အားပြိုင်မှုဖြစ်ပေါ်စေသည့် စီးပွားရေးအကျပ်အတည်းတစ်ခုကို စိတ်ကူးကြည့်ရန်မှာ လွယ်ကူသည့်ကိစ္စဖြစ်သည်။ ဘဏ္ဍာရေးအကျပ် အတည်းကာလအလွန်တွင် တရုတ်က ယင်း၏ငွေကြေးတန်ဖိုးကို အမေရိကန်ဒေါ်လာတန်ဖိုးနှင့်ချိတ်ဆက်ပြီး ပုံသေသတ်မှတ် (Peg) ခဲ့သည်။ ယင်းအတွက် ရလဒ်အနေဖြင့် အမေရိကန်တို့သည် တရုတ်ကုန်ပစ္စည်းများအတွက် နှစ်စဉ်ဒေါ်လာဘီလီယံ ပေါင်းရာနှင့်ချီပြီး သုံးစွဲခဲ့ကြရသည်။ ထိုပမာဏမှာ တရုတ်အိမ်ထောင်စုများ အမေရိကန်ပစ္စည်းတို့အတွက် သုံးစွဲကြသည်ထက် မြောက်မြားစွာပိုသည်။ ယင်းသို့ဖြစ်ရပ်မှာ အလုပ်လက်မဲ့နှုန်းမြင့်မားပြီး စီးပွားအားပျော့ချိန်တွင် အမေရိကန်တို့၏ ဝယ်လိုအားကနိုင်ငံရပ်ခြားသို့ သိသာထင်ရှားစွာ စီးဆင်းမှုဖြစ်သည်။
ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားစဉ်ကာလတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး၏ ဆက်တွဲ ဆိုးကျိုးများနှင့် အလားတူသော ပထဝီနိုင်ငံရေးအကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို စီးပွားရေးပညာရှင်အမြောက်အမြားက စိုးရိမ်ခဲ့ကြသည်။ သို့သော် ထိုသို့စိုးရိမ်ခဲ့သည့် ဖြစ်ရပ်များမဖြစ်ပွားခဲ့ပေ။ တစ်ကမ္ဘာလုံးတွင် နိုင်ငံရေးအခြေအနေများ ပြောင်းလဲခဲ့ပြီးဖြစ်သော်လည်း တရုတ်နိုင်ငံတွင် ဂလိုဘယ်လိုက်ဇေးရှင်းကိုမုန်းတီးသူက ဦးဆောင်နေသည်။ လက်ရှိကမ္ဘာ့စီးပွားရေးအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးမှာ “နိုင်ငံရေး” ပင်ဖြစ်သည်။ စီးပွားရေးအကျပ်အတည်းသစ်ဖြစ်ပေါ်လာချိန်တွင် နိုင်ငံရေးက အထိမခံနိုင်သော တုံ့ပြန်မှုတစ်ခုခုလုပ်ဆောင်မည့် အနေအထားဖြင့် ဝင်ရောက်လာနိုင်ပေသည်။ကြွဆတ်ဆတ်နိုင်သော တရုတ်အစိုးရသည် အကျပ်အတည်းသစ်ကို ဖြေရှင်းမည့်တာဝန်အားမျှတစွာယူမည်မဟုတ်ကြောင်း သက်သေပြကောင်းပြနိုင်လိမ့်မည်။ ယူရိုဒေသမှာ အ ကြွေးပြဿနာပေါက်ကွဲမှုအသစ်ကို ရင်ဆိုင်ဖို့ အင်အားချည့်နဲ့နေသေးသည်။ အမေရိကန်သမ္မတ၏ဆန္ဒမှာ တစ်စုတစ်စည်းတည်း ပေါင်းစုထားသည့် ကမ္ဘာ့စီးပွားရေးကို တစ်စစီဖြိုဖျက်ရန်၊ စီးပွားရေးနှင့်ပတ်သက်ပြီး အမျိုး သားရေးရှေးရှုဝါဒကိုင်စွဲမည့် အလွန်အန္တရာယ်များသောကာလဆီသို့ ကူးပြောင်းရန်နှင့် ကမ္ဘာတစ်ဝန်းမှ ဝင်ငွေများကို အကြီးအကျယ်ရိုက်ချိုးသောအဖြစ်ကို ဖြေရှင်းရန်တို့ ဖြစ်သည်။
ဆိုခဲ့ပါအချက်များ တစ်ခုတလေမျှ မဖြစ်ပွားဖို့လိုအပ်သည်။ ဤသည်တို့မှာ ကမ္ဘာအနှံ့ငွေကြေးသုံးစွဲမှု နှင့်ပတ်သက်လျှင် ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ်မျှသာ ကျဆင်းဦးတော့ မရှောင်လွှဲနိုင်သည့်ဆက်တွဲဖြစ်ရပ်များလည်း ဖြစ်ကြသည်။ သို့သော် ကမ္ဘာကြီးက စီးပွားရေးသံသရာစက်ဝန်းအတက်-အကျကို သိမ်မွေ့ယဉ်ပါးအောင် သင်ယူခဲ့ပြီးဖြစ်သည်။ စီးပွားရေးပညာရှင်များနှင့် နိုင်ငံရေးသမားတို့သည် ထိပ်တိုက်တွေ့မည့်စိန်ခေါ်မှုများကို တုံ့ပြန်ရန် ကျိန်းသေပါးနပ်ကြပြီးဖြစ်သည်။ မသိရသေးသည့်အရာမှာ ကမ္ဘာ့ခေါင်းဆောင်တို့တွင် ပထဝီနိုင်ငံရေးကြောင့် ကသောင်းကနင်းဖြစ်မှုကို ရှောင်လွှဲနိုင်ရန်အတွက် အလွန်လိုအပ်သည်တို့ကိုဆောင်ရွက်နိုင်မည့် လုံလောက်ပြည့်စုံသော ယုံကြည်မှု၊ တာဝန်ခံမှုတို့ ရှိ-မရှိဆိုသည်ပင်။
ခင်ပပလင်း
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)