လက်လီလုပ်ငန်းချဲ့ထွင်ရာမှာ သိကောင်းစရာ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ဒုတိယအကြိမ်နှစ်ပတ်လည်ပွဲကို ရန်ကုန်မြို့ ၊ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်က ကျင်းပခဲ့ပါတယ်။ Expanding Retail Business ခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ အဆိုပါနှစ်ပတ်လည်ပွဲမှာ Franchise Business Model နဲ့ပတ်သက်ပြီး အခွင့်အရေးနဲ့စိန်ခေါ်မှု၊ လက်လီလုပ်ငန်းတွေအတွက် ငွေကြေးအထောက်အပံ့ရနိုင်မယ့် နည်းလမ်းတွေ၊ လက်လီလုပ်ငန်းတွေအတွက် အရေးပါလာမယ့်နည်းပညာတွေနဲ့ အင်တာနက်ဈေးရောင်းချမှုအခွင့်အလမ်း စတဲ့အကြောင်းအရာတွေကို ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက် ဦးဆောင်ပြီး လက်လီနယ်ပယ်မှာ အဓိကလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးခဲ့တဲ့သူတွေရဲ့ စကားသံတွေကို အခုလိုကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

retail1

ပါမောက္ခဒေါက်တာအောင်ထွန်းသက်

လက်လီလုပ်ငန်းကို ချဲ့ထွင်မယ်ဆိုရင် အချက်သုံးချက်ရှိပါတယ်။ Target Market ဖြစ်တဲ့ ဘယ်သူ့ကို ဦးတည်ထားမှာဆိုတာရယ်၊ ဘယ်လိုပုံစံနဲ့ ရောင်းမှာလဲဆိုတဲ့ Retail Format ရယ်၊ စီးပွားရေးလုပ်တယ်ဆိုတာ ပြိုင်ရမယ်၊ ဒါကြောင့် သူများထက် သာအောင်လုပ်မယ်ဆိုတဲ့ ပြိုင်ဆိုင်မှု အားသာချက်ဖြစ်အောင် လုပ်ရမယ်ဆိုတာပါ။ လက်လီရောင်းချသူတွေအနေနဲ့လည်း ကိုယ့်ရဲ့ဝန်ထမ်းတွေကို ပြန်ကြည့်ပြီး ကျွမ်းကျင်မှုရှိအောင် လုပ်ကိုင်ပေးသင့်သလို ကိုယ့်ကုမ္ပဏီ(လုပ်ငန်း) ရဲ့ Culture (ယဉ်ကျေးမှု)ကို ဖန်တီးထားသင့်ပါတယ်။ စားသုံးသူစိတ်ချမ်းသာဖို့အတွက် အဓိကလုပ်ဆောင်ပေးနေတာ ဝန်ထမ်းတွေပါ။ ဝန်ထမ်းတွေကို စိတ်ချမ်းသာအောင်ထားမယ်ဆိုရင် ဖောက်သည်စားသုံးသူတွေလည်း စိတ်ချမ်းသာမှာပါပဲ။ နောက်တစ်ခုက ဈေးကွက်ထဲမှာ လက်ရှိပုံစံနဲ့ပဲရောင်းမှာလား၊ ဒါမှမဟုတ် ချဲ့ထွင်ဖို့အတွက် ထိုးဖောက်မလားဆိုတာပါ။ ဈေးကွက်အသစ်ကို ရောင်းတယ်ဆိုတာက ဈေးကွက်ချဲ့ထွင်တာမျိုးပါ။ ဈေးကွက် ချဲ့ထွင်မယ်ဆိုရင်လည်း ကိုယ်ကပုံစံသစ်နဲ့ရောင်းမှဖြစ်မှာပါ။ အရင်ပုံစံမျိုးမဟုတ်ဘဲ Diversification လို့ခေါ်တဲ့ အသစ်အဆန်းပုံစံ မဟာဗျူဟာတွေနဲ့ လုပ်ကိုင်သင့်ပါတယ်။

retail2

ဒေါ်ဝေသစ်လွင်

Managing Director

abc Convenience Stores

Franchise Business ရယူတာနဲ့ ပတ်သက်ပြီးပြောရရင် ခုနောက်ပိုင်းမှာ ဆိုင်ဖွင့်ဖို့အတွက် Cost တွေ ကြီးမြင့်လာတာက စပြောရမှာပါ။ ဒီလို Cost တွေ တက်လာတဲ့အတွက် Business တစ်ခုက မအောင်မြင်ဘူးဆိုရင် ဆိုင်ပိတ်ရတာတို့၊ ဒေဝါလီခံရတာတို့ဖြစ်ပြီး ရင်းနှီးငွေတွေ ဆုံးရှုံးသွားတာ ပိုများလာပါတယ်။ ဘယ်အလုပ်မဆို အလုပ်တစ်ခုမှာ Learning Curve  (အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ကိုင်တတ်ဖို့ သင်ရတဲ့ပညာ) ဆိုပြီးရှိတယ်။ Learning Curve ကို ကျော်သွားပြီဆိုရင် Pricing ပိုင်း ဆိုင်ရာပါ။ ခုနောက်ပိုင်း Retailer တွေအနေနဲ့ တွေ့ကြုံနေရတာ E-commerce ပါ။ Online မှာ ဝယ်ရောင်းနေတာ တအားများလာတာ တွေ့ရပါတယ်။ အဲဒီအခါမှာ Payment က အရေးပါလာပါပြီ။ Online ကနေ ရောင်းချတဲ့အခါပစ္စည်းကို Delivery ပို့ပေးတယ်။ သူတို့အနေနဲ့က Product ကို ရောင်းတာပေါ့။ ကျွန်မတို့ Retailer တွေအနေနဲ့ရောင်းရတာ Product တင် မဟုတ်ဘဲ Service ကိုပါ ရောင်းရတာပါ။ Retail သမားတွေအနေနဲ့လည်း ကိုယ့်ရဲ့ Supplier တွေဆီကနေ Promotion တောင်းရတာလည်း အခက်အခဲတွေရှိ ပါတယ်။  နောက်ပြီး ဆိုင်ခွဲတွေထပ်ဖွင့်ဖို့အတွက် နေရာ (Place) ကလည်း အရေးပါပါတယ်။ Supplier တွေက ကိုယ့်ဆီမလာနိုင်တဲ့အခါ ညောင်ပင်လေးဈေးလိုမျိုး  Wholesale Market ကိုသွားရတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကို အရင်စဉ်းစားပြီးမှ Franchise လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ ခုနောက်ပိုင်း ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်တဲ့သူ နည်းလာတာဟာ အဓိက Capital ကြောင့်လို့ ထင်ပါတယ်။

retail3

ဒေါ်ဝင်းဝင်းတင့်

Managing Director

City Mart Holding Co Ltd

Retail မှာအင်မတန်အရေးကြီးပြီး အဓိကကျတာက Capital (ငွေကြေးအရင်းအနှီး) ပါ။ Retailer တော်တော်များများက ဘာကိုအကူအညီလိုလဲမေးရင် ငွေရေးကြေးရေးက အဓိကလိုတာလို့ ပြောကြပါတယ်။ လက်ရှိမှာ ငွေကြေးကို ဘယ်လိုပုံစံတွေနဲ့ ရယူနေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ခုလောလောဆယ်မှာ ချေးငွေကို ရယူတဲ့အပိုင်းမှာ Traditional Way ကတော့ ကိုယ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေဆီက ချေးယူတာရှိသလို ငွေအတိုးနှုန်းအကြီးကြီးပေးပြီးတော့ ချေးယူတာတွေလည်း ရှိပါတယ်။ ဘဏ်တွေက ငွေချေးတယ်ဆိုရင်လည်း Hard Access အနေနဲ့ မြေ၊ အိမ်၊ အဆောက်အအုံတွေကို Collateral (အာမခံပစ္စည်း) အဖြစ်ထားရတာ ဖြစ်ပါတယ်။ ဒီလိုမပိုင်ဆိုင်တဲ့သူအတွက် ချေးငွေရယူနိုင်မှာ မဟုတ်တဲ့အပြင် အတိုးနှုန်းအနေနဲ့ ၁၃ ရာခိုင်နှုန်းဆိုတာက များတဲ့နှုန်းထားတစ်ခု ဖြစ်နေပါတယ်။ ခုနောက်ပိုင်း နိုင်ငံတော်အနေနဲ့ Push လုပ်လာတာက Microfinance ဆိုပြီး အသေးစားချေးငွေတွေက အခြေခံလူတန်းစားတွေအတွက်ဆိုတာကြောင့် Middle Class ဖြစ်တဲ့  SME လုပ်ငန်းတွေအတွက် အခက်အခဲဖြစ်နေပါတယ်။ အခုအနေအထားမှာ နိုင်ငံတော်အနေနဲ့ SME လုပ်ငန်းတွေအတွက် ပံ့ပိုးပေးမယ်ဆိုပြီး ထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။ Retailer တွေအနေနဲ့ ချေးငွေရယူခြင်း၊ ဒါမှမဟုတ် ကိုယ့်ရဲ့ Capital ကို တိုးမြှင့်တာတွေလုပ်ဖို့အတွက် အကောင်းဆုံး Financing Force တစ်ခုက Supplier တွေက ကိုယ့်ရဲ့ Working Capital တွေကို များသောအားဖြင့်ပံ့ပိုးထားနိုင်တဲ့အပိုင်းပါ။ အဲဒီကနေ Working Capital (Stock) တွေ ရလာနိုင်ပါတယ်။ မြန်မာပြည်မှာက နာမည်ပိုကြီးတဲ့ လုပ်ငန်းတွေက ဒီအခွင့်အရေးတွေကို ရလာနိုင်ပေမဲ့ လုပ်ငန်းငယ်တွေအတွက်တော့ Supplier ဆီက Credit တွေရဖို့အတွက် အခက်အခဲတွေ ရှိတာကို တွေ့ရပါတယ်။

retail4

ဦးအောင်ကျော်မိုး

Managing Director

2C2P

ကျွန်တော်ကတော့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ E-commerce နဲ့ပတ်သက်တဲ့ Payment ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ E-commerce နဲ့ ပတ်သက်ပြီး Telecommunication ကုမ္ပဏီသုံးခုရှိလာပြီဆိုတော့ Internet Infrastructure ပိုင်းဆိုင်ရာ ကောင်းမွန်လာတာတွေ့ရပါတယ်။ ခုက Payment နဲ့ ပတ်သက်တာက အစပျိုးနေပြီး Ready ဖြစ်နေပါပြီ။ နောက်တစ်ခုက Logistics  ဆိုတာ ရောင်းတဲ့ပစ္စည်းကို ဝယ်သူဆီပို့ပေးနိုင်တဲ့နေရာမှာ လိုအပ်ချက်တွေ ဖြည့်ပေးဖို့လိုပါတယ်။ နောက်ဆုံးကတော့ အစိုးရအနေနဲ့ E-commerce  လုပ်ကိုင်နေတဲ့သူတွေကို ကူညီပံ့ပိုးပေးမယ့် Decoration ပိုင်းလည်း လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။

မို့မို့