
ထိုင်းနိုင်ငံက ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာခြေလှမ်းတစ်ခုအနေဖြင့် Thailand Week 2015 ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ၊ ၁၅ ရက်ကနေ ၁၈ ရက်ထိ ရန်ကုန်မြို့ MEP မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို မြန်မာ-ထိုင်းရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်မှုတွေ ပိုမိုတိုးတက်စေဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်သွယ်မူရင်းနှီးမြှုပ်နှံရေးဦးစီးဌာန(DITP) က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ကဏ္ဍအသီးသီးက ထိုင်းလုပ်ငန်းရှင်ကုမ္ပဏီပေါင်း ၈၀ ကျော်က ပြခန်းပေါင်း ၂၄၃ ခန်းနဲ့ ယင်းတို့ရဲ့ကုန်ပစ္စည်းတွေကိုပြသခဲ့ကြပြီး စီးပွားရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြတဲ့အပြင် ရင်းနှီးမြှုပ်နှံရေးမူဝါဒနဲ့ စပ်လျဉ်းပြီး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ လာရောက်ပြသခဲ့တဲ့ ကုမ္ပဏီတွေထဲကတချို့နဲ့ အင်တာဗျူးတွေ့ဆုံမေးမြန်းခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဦးလင်းထူး Export Sales Executive Thai Preeda Group
[email protected] ကျွန်တော်တို့ကုမ္ပဏီဟာ ၁၉၄၇ ခုနှစ်လောက်မှာ ငံပြာရည်လုပ်ငန်းနဲ့စတင်ခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ အနှစ် ၆၀ ကျော်ပြီဖြစ်ပါတယ်။ အခုဆိုရင်ကျွန်တော်တို့ကုမ္ပဏီဟာ တခြားစားသောက်ကုန်တွေကိုလည်းတိုးချဲ့ပြီး ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာဆိုရင် ကျွန်တော်တို့က Raja ရယ်၊ Golden Dragon ရယ်ဆိုပြီး တံဆိပ်နှစ်မျိုးနဲ့ဖြန့်ပြီး ပြည်ပမှာတော့ Thai Prestige ဆိုတဲ့ တံဆိပ်နဲ့ဖြန့်ပါတယ်။ လက်ရှိမှာ ဒီ Thai Prestige ဆိုတဲ့တံဆိပ်ကို အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ အစ္စရေး၊ ဂျပန်၊ အမေရိကား၊ မက်ဆီကို၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ စင်ကာပူအစရှိတဲ့ ကမ္ဘာအနှံ့ကနိုင်ငံပေါင်း ၁၂ နိုင်ငံထိဖြန့်ပြီးသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့အခု မြန်မာပြည်ကိုလာတဲ့ရည်ရွယ်ချက်က Premier Food ဈေးကွက်ကိုဖြန့်ဖို့အတွက် ပါတနာလာရှာတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းဟာ အရည်အသွေးအနေနဲ့ပြောမယ်ဆိုရင် လုံးဝကိုအာမခံချက်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ရောက်အောင် ဖြန့်ဖို့ဆိုတာအရည်အသွေးအနေနဲ့ တအားကောင်းမှဖြစ်ပါတယ်။ တချို့ထိုင်းနိုင်ငံကုန်ပစ္စည်းတွေဆိုရင် တခြားနိုင်ငံတွေကို တင်ပို့ရောင်းချခွင့်မပြုဆိုတဲ့ တံဆိပ်ကပ်ထားတာကိုတွေ့ရမှာပါ။ လက်ရှိမှာ ကျွန်တော်တို့ကမြန်မာပြည်တွင်းက ကုမ္ပဏီ ကြီးတွေနဲ့ပါတနာပြုလုပ်သွားဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။

Mr Monchai MD Advance Cool Techanology Co Ltd
www.advance-cool.com ကျွန်တော်တို့ကုမ္ပဏီဟာ အအေးခံစက် (Water Chiller) တွေကို အဓိကထုတ်ပါတယ်။ စက်ရုံကို ထိုင်းနိုင်ငံမှာ တည်ထောင်ထားပါတယ်။ မနှစ်ကတုန်းက အအေးခံစက်ပေါင်းနှစ်သောင်းလောက်ကို ရောင်းချခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တစ်ခုက အိမ်နီးချင်းနိုင်ငံတွေမှာ ဈေးကွက်ချဲ့ထွင်သွားဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အလျင်အမြန်တိုးတက်နေပြီး စက်ရုံ၊ အလုပ်ရုံတွေလည်း အများကြီးဆောက်လုပ်လာပါတယ်။ ဒါကြောင့် ဒီစက်ရုံတွေက အအေးခံစက်တွေ အသုံးပြုလာကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အအေးခံစက်ကို အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ် ထားပေမဲ့ ဈေးနှုန်းတအားမကြီးပါဘူး။ ကျွန်တော်တို့က လေ့လာမှုတွေကို စနစ်တကျပြုလုပ်ထားပြီး အဝေးထိန်းစနစ်တွေလည်း တပ်ဆင်ထားပါတယ်။ အဓိကဒီပွဲမှာလာပြရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ Distributors ရချင်တဲ့အတွက် ဖြစ်ပါတယ်။ ဒီစက်တွေကို သတ္တုလုပ်တဲ့နေရာတွေ၊ လေဆာဖြတ်တဲ့နေရာတွေ၊ Chemical Cooling တွေနဲ့ အစားအသောက်ထုတ်လုပ်ဖြန့်ချိတဲ့နေရာတွေဖြစ်တဲ့ Supermarket တွေ၊ ဟိုတယ်တွေ အစရှိတဲ့နေရာတွေမှာ အအေးခံဖို့အတွက် အသုံးပြုပါတယ်။ မနှစ်ကဆိုရင်ကျွန်တော်တို့ကုမ္ပဏီက ယိုးဒယားမှာတင် အမေရိကန်ဒေါ်လာဆယ်သန်းဖိုးလောက် ရောင်းရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ Distributor တွေကို နည်းပညာတွေအကူအညီတွေလည်း ကူညီပေးသွားမှာဖြစ်ပြီး After Sales Service အတွက်ကိုလည်း အများကြီးကူညီပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး စက်ပစ္စည်းဝယ်ယူသူတိုင်းကို ယိုးဒယားမှာဆိုရင် တစ်နှစ်အာမခံပေးထားပေမဲ့ ဒီမှာတော့ဝယ်ယူသုံးစွဲတဲ့သူတွေ ပိုပြီးယုံကြည်စိတ်ချမှုရှိအောင်လို့ နှစ်နှစ်အာမခံပေးသွားမှာဖြစ်ပါတယ်။

Ms Panida Ponlabute NACHA SPA www.facebook.com/nacha spa ကျွန်မတို့ကယိုးဒယားမှာဆိုရင် စားသောက်ဆိုင်၊ လက်ဝတ်ရတနာ၊ ကွန်ဒိုမီနီယမ်ဆောက်လုပ်ရေးနဲ့ အမှတ်တရပစ္စည်း အရောင်းပြခန်းတွေ ပြုလုပ်ပါတယ်။ နောက်ပြီးအလှအပပိုင်းအတွက်လည်း ကျွန်မကသူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး Nacha Spa ကိုဖွင့်လှစ်ထားပါတယ်။ ဒီ Spa လုပ်ငန်း နဲ့ ယိုးဒယားမှာအောင်မြင်မှုရရှိနေတာ ခြောက်နှစ်ရှိပါပြီ။ မြန်မာနိုင်ငံမှာလည်း ရှင်စောပုလမ်း၊ စမ်းချောင်းမှာ ဖွင့်လှစ်ထားပါတယ်။ နောက်ပိုင်းမှာ စားသောက်ကုန်လုပ်ငန်းကိုလည်း မြန်မာပြည်မှာ တိုးချဲ့သွားဖို့အစီအစဉ်ရှိပါတယ်။
မောင်ဒီ