စီးပွားရေးလုပ်ငန်းတွင် လိုက်နာထားရှိသင့်သည့် Ethics

ဘာလူမျိုး၊ ဘာဘာသာဝင်ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ရာမှာ အမှန်တကယ်အောင်မြင်ချင်တယ်ဆိုရင် Ethics ရှိဖို့ အရေးကြီးပါတယ်။ Ethics မရှိတဲ့လူဟာ ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် ရေရှည်မအောင်မြင်နိုင်သလို နောက်ထပ်လုပ်ငန်းတွေ ဆက်လုပ်ရင်လည်း လူတွေရဲ့ယုံကြည်မှုကို ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာလက်ရာ၊ မြန်မာအစားအသောက်ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၀၄ ခုနှစ်ကတည်းက မြန်မာပြည်မှာ ပထမဆုံးစတင်လုပ်ကိုင်ခဲ့တဲ့ ပဒုမ္မာစားသောက်ဆိုင်ရဲ့ပိုင်ရှင် ဦးဆန်နီအောင်ခင်နဲ့ တွေ့ဆုံခိုက်မှာ Ethics ဆိုင်ရာ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

USanNiAgKhin

ဦးဆန်နီအောင်ခင်

ပိုင်ရှင်

ပဒုမ္မာစားသောက်ဆိုင်

စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ . . .

Ethics ၊ Etiquette ဟာ စီးပွားရေးလုပ်ရာမှာ တအားအရေးကြီးပါတယ်။ အထူးသဖြင့် ဒီရွေးကောက်ပွဲနောက်ပိုင်းမှာ မြန်မာပြည်ကို နိုင်ငံခြားသားဧည့်သည်တွေ အများကြီးဝင်လာတယ်။ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ မြန်မာအစားအစာကို မြှင့်တင်ပေးဖို့လိုပါတယ်။ မြန်မာအစားအစာတွေကို ရောင်းချနေတဲ့ဆိုင်တွေမှာလည်း စားသောက်ဆိုင်တစ်ဆိုင်မှာ ရှိထားသင့်တဲ့ ကျင့်ဝတ်တွေကို လိုက်နာထားရှိဖို့လိုအပ်တဲ့အပြင် ဆိုင်မှာရှိတဲ့လူတွေရဲ့ အကျင့်စာရိတ္တကောင်းမွန်ဖို့တွေကလည်း တအားအရေးကြီးလာပါတယ်။ ကျွန်တော့်အနေနဲ့ Ethics ကို နှစ်ပေါင်းများစွာ ထိန်းလာခဲ့တာဖြစ်တဲ့အတွက် Ethics နဲ့ပတ်သက်ပြီး ထွေထွေထူးထူး အခက်အခဲရယ်လို့ မရှိတော့ပါဘူး။

Ethics မရှိရင် ဖြစ်လာမယ့် အကျိုးဆက် . . .

Ethics မရှိရင် ကိုယ့်ရဲ့လုပ်ငန်းဟာ ပရမ်းပတာတွေ ဖြစ်ပြီးတော့ လူတွေရဲ့အထင်သေးမှုကို ခံရမှာပါ။ မြန်မာပြည်ကိုလည်း အထင်သေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ မြန်မာပြည်ကို လာလည်တဲ့အခိုက်အတန့်လေးမှာ ကိုယ့်နိုင်ငံအပေါ်မှာ အထင်သေးသွားလို့ မဖြစ်ဘူးလေ။ ဒါကြောင့် Ethics ၊ Etiquette က အရေးကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။

Ethics နဲ့ ပတ်သက်ပြီး လေးစားရတဲ့ပုဂ္ဂိုလ် . . .

မရှိပါဘူး။ အလုပ်လုပ်ရင်းနဲ့ပဲ ကိုယ့်ရဲ့စံနှုန်းနဲ့ ကိုယ်လုပ်သွားတာပါပဲ။ စီးပွားရေးနဲ့ပတ်သက်ရင်တော့ ကိုယ်လက်လှမ်းမီတဲ့စာတွေကို ဖတ်ပါတယ်။ ငယ်ငယ်ကဆိုရင် Dale Carnegie ရဲ့ စာအုပ်ကို ဖတ်ပါတယ်။ ကျွန်တော်ဆယ်တန်းတုန်းက သူ့စာတွေကို သင်ရိုးထဲမှာ သင်ရပါတယ်။ ဒါကြောင့် သူ့ရဲ့စာတွေကို အမြဲတမ်း သတိရနေမိပါတယ်။ သူက ဟိုရှေးကတည်းက ရှေ့မီနောက်မီ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့သင်ကြားချက်တွေက အခုအချိန်ထိကို အသုံးဝင်နေပါသေးတယ်။

Ethics ရှိ၊ မရှိဆိုတာ ကိုယ်ခံယူထားတဲ့ Role Model နဲ့ ဆိုင်၊ မဆိုင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကျင့်သုံးနေတဲ့ Ethics တွေ . . .

ကျွန်တော်က Service Industry မှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ရဲ့ Customer တွေကို အကောင်းဆုံးဝန်ဆောင်မှု ပေးဖို့၊ အစစ်မှန်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးဖို့ဆိုတာ ကျွန်တော့်ရဲ့စိတ်ထဲမှာ ရှိနေတာဖြစ်တဲ့အတွက် ဒါဟာ Ethics နဲ့တော့ ဆိုင်သွားပါတယ်။ အဓိကကတော့ Customer First ၊ Service First ဆိုတဲ့ အကောင်းဆုံးနဲ့ အစစ်မှန်ဆုံး ဝန်ဆောင်မှုကိုပေးမယ်ဆိုတဲ့ Ethics ကိုပဲ ကျင့်သုံးပါတယ်။ နောက် မြန်မာအစားအစာတွေကို အထင်မသေးဖို့၊ ဒါကို ဆက်ထိန်းသိမ်းဖို့တွေကို ဆောင်ရွက်နေပါတယ်။

Ethics မရှိတဲ့လူနဲ့ တွေ့ပြီဆိုရင် ဘယ်လိုတုံ့ပြန်ပါသလဲ . . .

အခုအချိန်မှာတော့ တွေ့တယ်ဆိုရင်တောင် လျစ်လျူရှုလိုက်တာပါပဲ။

စီးပွားရေးစလုပ်မယ့် လူတွေကို Ethics နဲ့ပတ်သက်ပြီး အကြံပေးချင်တာရှိရင် . . .

ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် စိတ်ရင်းကောင်းကောင်းရှိဖို့ အရေးကြီးပါတယ်။ စိတ်ရင်း ကောင်းကောင်းထားပြီးတော့ ကိုယ့်စီးပွားရေးလို့ သဘောမထားဘဲ ကိုယ့်ရဲ့ မိသားစုစီးပွားရေးသဘောမျိုး ထားပြီးတော့ Happily Together Next ဆိုတာမျိုး ရှိဖို့အရေးကြီးပါတယ်။ ရန်ကုန်မှာ အခုဆိုရင် နိုင်ငံခြားစားသောက်ဆိုင်တွေက ဒလဟောကို ဝင်လာကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစားသောက်ဆိုင်တွေဆိုတာ ရန်ကုန်မှာ မရှိသလောက်ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာအစားအသောက်ကို မြှင့်တင်ဖို့လိုပါတယ်။