စီးပွားရေးလုပ်ငန်းတွင် လိုက်နာထားရှိသင့်သည့် Ethics

uwinmyochit1

ဦးဝင်းမျိုးချစ်

Chief Executive Officer

Greater Man International Trading Co Ltd

 

စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့အရေးပါပုံ

စီးပွားရေးလုပ်ငန်းလုပ်မှ မဟုတ်ပါဘူး။ လူ့ဘောင်လောကမှာနေရင် Ethics ရှိကိုရှိရမယ်။ နေရာတိုင်းမှာ ကျင့်ဝတ်ဆိုတာရှိတယ်။ ကျင့်ဝတ်နဲ့ပတ်သက်ပြီး ဆက်နွှယ်လာတာက ယဉ်ကျေးမှု၊ သွန်သင်ဆုံးမမှုတွေရော၊ ကြီးပြင်းလာတဲ့အရာတွေနဲ့ပါ နွှယ်နေတယ်။ ဒါကိုမှ နယ်ပယ်အလိုက် စီးပွားရေးလုပ်ငန်းမှာဆိုရင် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ဖြစ်သွားတယ်။ လူမှုရေးအဖွဲ့အစည်းထဲရောက်သွားရင် လူ့ကျင့်ဝတ်၊ လူမှုအဖွဲ့အစည်းနဲ့ဆိုင်တဲ့ ကျင့်ဝတ်ဖြစ်သွားတယ်။ နောက်ဆုံးမိသားစုထဲမှာတောင် မိသားစုနဲ့ဆိုင်တဲ့ ကျင့်ဝတ်ဖြစ်သွားတာပဲ။ အားလုံးကတော့ လေးစားလိုက်နာမှု ရှိကိုရှိနေရမယ်။

Ethics ရှိ မရှိဆိုတာ Role Model နဲ့ ဆိုင် မဆိုင်

ဆိုင်ပါတယ်။ Ethics ရှိဖို့အတွက် ဘယ်လိုသွန်သင်ဆုံးမမှုမျိုးနဲ့ ကြီးပြင်းလာတယ်ဆိုတာတွေ၊ အားကျမိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တိုက်ရိုက်ကိုပတ်သက် သက်ဆိုင်နေပါတယ်။ ဒါကနေဆက်စပ်ပြီး လုပ်ငန်းခွင်ထဲ ရောက်ရင် ကျင့်ဝတ်ဆိုတာကို သိရှိနားလည်သဘောပေါက်ပြီး  လိုက်နာလုပ်ဆောင်နေရမယ်။ ကိုယ်က ကုမ္ပဏီတစ်ခုထဲ ဝင်သွားတယ်။ ကိုယ့်ရဲ့အထက်မှာရှိတဲ့ ခေါင်းဆောင်တွေ ၊ မန်နေဂျာတွေက ကိုယ့်ရဲ့ Role Model ပဲ။ သူတို့တွေလုပ်နေတာကို နေ့စဉ် မြင်နေတွေ့နေရပြီဆိုတဲ့အချိန်မှာ အမှန်၊ အမှားဆိုတာက နီးစပ်ရာကို ကိုးကားပြီးယူကြတာ။ ဒါကြောင့် ဘဝမှာ Role Model ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ Role Model တွေကတော့ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အဆင့်ဆင့်တိုင်းမှာ တစ်ခုနဲ့တစ်ခု မတူခဲ့ဘူး။ ငယ်တဲ့အချိန် ပညာသင်တုန်းက ဖြတ်သန်းခဲ့တာက လေးစားရတဲ့ဆရာသမားတွေက အချိန်လေးစားတတ်တယ်ဆိုရင် ချက်ချင်းအတုယူမိတာပဲ။ အချိန်လေးစားတတ်တာကို ဂုဏ်ယူချင်တယ်။ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ကိုယ့်ရဲ့ Boss ၊ ကိုယ့်ရဲ့ မန်နေဂျာ၊ သူတို့တွေရဲ့ပုံစံကလည်း ကိုယ့်ရဲ့ Role Model ဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကျင့်ဝတ်နဲ့ ပတ်သက်တဲ့  Role Model ဆိုရင် ကျမ်းစာထဲက အကြောင်းအရာတွေ ဖတ်ရှုဖြစ်တယ်။

စီးပွားရေးလုပ်ငန်းမှာ Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်

မြင်သာအောင် ဥပမာနဲ့ခိုင်းနှိုင်းပြီးပြောရရင် ကျောက်ခေတ်မှာတောင် လူရိုင်းတွေက စုပြီးနေရင် သူတို့ အချင်းချင်းမှာ Ethics ရှိတယ်။ သားကောင်တစ်ကောင်ရရင် ဘယ်သူက ဘယ်အပိုင်းယူရမယ်ဆိုတဲ့ ကျင့်ဝတ် ရှိတယ်။ ဒါကြောင့် Ethics မရှိဘူးဆိုရင် ဒီနေ့တွေ့နေရတဲ့အဂတိလိုက်စားမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေ၊ အများကြီးတွေ့နေရတယ်။ ဒီလိုသာ Ethics မရှိတဲ့လူတွေအများကြီးသာ ဖြစ်နေရင် စီးပွားရေးလုပ်ငန်းတွေ တောင် ဆက်လုပ်လို့ရမှာ မဟုတ်တော့ဘူး။ အားလုံးက သေနတ်တွေနဲ့ ရဲတွေနဲ့ အလုပ်လုပ်နေရလိမ့်မယ်။

Ethics မရှိတဲ့လူတွေနဲ့တွေ့ရင် ကြိုတင်ပြင်ဆင်ထားသင့်ပုံ

ဒါကတော့ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ သတိထားရတာပေါ့။ လူတစ်ယောက်ကို သုံးလေးခေါက်လောက် တွေ့ကြည့်လိုက်တယ်ဆိုရင် ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အခြေအနေကို ခန့်မှန်းလို့ ရသွားပြီ။ ဒီလိုနည်းနဲ့ပဲ စီးပွားရေးလုပ်ငန်းကို ဂရုစိုက်ပြီး လုပ်ရတယ်။ ကျွန်တော်တို့ Meeting တွေလုပ်တယ်၊ ဆုံတွေ့တယ်ဆိုတာ အလုပ်ကိစ္စသက်သက်ပဲ မဟုတ်ဘူး။ ကိုယ်နဲ့ အလုပ်တွဲလုပ်မယ့်လူရဲ့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေကို ခန့်မှန်းတာပေါ့။ မျက်နှာဖတ်ကြည့်တာပေါ့။

စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethic နဲ့ပတ်သက်ပြီး အကြံပြုချင်တာရှိရင်

စလုပ်တော့ လူတွေအနေနဲ့ ကိုယ်ကလုပ်ငန်းရှင်ဖြစ်လာတော့မယ်ဆိုရင် လုပ်ငန်းရှင်နဲ့ပတ်သက်တဲ့ Ethic က ပိုပြီး ဂရုစိုက်ရမှာများတယ်။ ကိုယ့်ရဲ့လက်အောက်မှာ ဝန်ထမ်းတွေ ရှိလာတော့မှာဖြစ်တဲ့အတွက် ဝန်ထမ်းတွေပေါ်မှာ ထားရှိတဲ့ Ethic လည်း အင်မတန်အရေးကြီးတယ်။ ဘယ်လိုပြင်ဆင်သင့်လဲဆိုရင် ကိုယ်ဆိုဘာဖြစ်ချင်လဲ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ နှိုင်းယှဉ်ရမှာပေါ့။ နောက်ပြီးသူများက ကိုယ့်ကို ဘယ်လိုတုံ့ပြန် တုံ့ပြန် သူ့အတိုင်းပြန်တုံ့ပြန်လို့ မရဘူး။ ဒါကြောင့် ကိုယ့်တန်ဖိုး ကိုယ်သတ်မှတ်ရတယ်။ အခြေနေပေါ် မူမတည်ရဘူး။ တစ်ဖက်လူပေါ် မူမတည်ရဘူး။