စီးပွားရေးတစ်ခုတွင် လိုက်နာထားရှိသင့်သည့် Ethics

[caption id="attachment_22146" align="alignnone" width="720"]ukanhtun ဦးကံထွန်း , Chief Executive Officer , Parami Energy Group of Companies[/caption] စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ Ethics ဟာ လောကနီတိလည်းဖြစ်သလို ဝတ္တရားလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Ethics ဆိုတာ တခြားလူတစ်ယောက်ရဲ့တန်ဖိုးကို မထိခိုက်ဘဲရှောင်ပြီးတော့ သူလည်းပြုံးပြုံးကိုယ်လည်းပြုံးပြုံးနဲ့ ယှဉ်တွဲပြီး ရပ်တည်နိုင်အောင် ကြိုးစားတဲ့ဟာလို့ မြင်ပါတယ်။ နောက်ပြီးကျွန်တော်က Ethics ကို မင်္ဂလာလို့လည်း အဓိပ္ပာယ်ဖွင့်ထားတာကြောင့် မင်္ဂလာတရားနဲ့အညီနေတာကို Ethics ရှိတယ်လို့ပြောချင်ပါတယ်။ ဒီနေ့ မင်္ဂလာဖြစ်ပြီး နောက်နေ့အမင်္ဂလာဖြစ်သွားရင် မနေ့ကတစ်နေ့လုံးစောင့်စည်းလာတဲ့ Ethics ဟာလည်း ပျောက်သွားတာကြောင့် Ethics မှာ Sustainability ဆိုတဲ့ သဘောသဘာဝလည်းပါလာပါတယ်။ ဒါကြောင့် ကျွန်တော်ကဒီနေ့လည်းမင်္ဂလာ၊ နောက်နေ့တွေ နောက်နေ့တွေမှာလည်း မင်္ဂလာနဲ့နှစ်ပေါင်းများစွာ စဉ်ဆက် မပြတ်ဖြစ်နေတဲ့ အကြောင်းတရားကို Ethics လို့ ယူဆပါတယ်။ ဒါကြောင့် သူ့အတွက်လည်းမင်္ဂလာရှိ၊ ကိုယ့်အတွက်လည်း မင်္ဂလာဖြစ်နေတာမျိုးကိုပဲ Ethics လို့ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောရရင် လူတိုင်းက Ethical ဖြစ်ချင်တဲ့လူတွေကြီးပါပဲ။ ဘယ်သူမှတော့ လူဆိုးမဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့ လူ့ရဲ့စိတ်အခြေအနေ၊ လုပ်ငန်းအခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် လူ့တန်ဖိုးဟာ တခါတလေ ပြောင်းသွားတတ်ပါတယ်။ ဒါမျိုးမဖြစ်အောင်ထားနိုင်တာကို ကျွန်တော်က Ethics လို့ခေါ်ပါတယ်။ လူဟာ နေ့တိုင်းမင်္ဂလာနဲ့အညီနေမယ်ဆိုရင် အမင်္ဂလာအတွက် ကို စဉ်းစားမှာမဟုတ်တော့ပါဘူး။ အဲဒီလိုပဲ နေ့တိုင်း နေ့တိုင်း Ethics နဲ့အညီ မင်္ဂလာတရားနဲ့အညီနေမယ်၊ အလုပ်လုပ်မယ်ဆိုရင် သူဟာတဖြည်းဖြည်းနဲ့ ပိုပိုပြီးတိုးတက်လာမှာ ဖြစ်ပါတယ်။ အစမှာတော့ ဒါကိုကြိုးစားထိန်းသိမ်းရပေမဲ့ နောက်ပိုင်းမှာ ဒါကဂုဏ်ယူစရာ ဖြစ်လာတယ်။ အဲဒီနောက်မှာဆိုရင် လူ့ရဲ့တန်ဖိုးဖြစ်လာတယ်။ Ethics နဲ့ညီတယ်ဆိုပြီးတော့လည်း တခြားလူတွေရဲ့လေးစားမှုကို ခံလာရမှာဖြစ်ပါတယ်။ ဒါကြောင့် Ethics ဟာ အောင်မြင်မှုရရှိဖို့အတွက် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်တဲ့အရာဖြစ်တယ်လို့မြင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics လူဆိုတဲ့သဘောက ခက်တာဆိုသဘောမကျဘဲ လွယ်တာကိုပိုပြီး သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ အမြဲတမ်းအလွယ်လမ်းကိုပဲ လိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ Value ဟာလည်း တစ်ချိန်ကျရင်ကျသွားမယ်။ Ethics ရဲ့သဘောက နံရံအထူကြီးတစ်ခုနဲ့တူပါတယ်။ ဒီနံရံကြီးထဲမှာ စည်းဘောင်အတွင်းမှာ ကိုယ်ကကွန့်မြူးပြီး လုပ်နိုင်တယ်ဆိုရင် ကိုယ်ကအမြဲတမ်းရှေ့တိုးသွားမှာ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ စည်းဘောင်မရှိဘူးဆိုရင် တီထွင်မှုဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။ သဘောကတော့ လုပ်ချင်တာလုပ်လို့ရနေရင် ကြိုးစားချင်စိတ် မရှိတော့တဲ့အတွက် လူကအရှေ့ကိုမသွားတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူများနောက်ကပဲ လိုက်နေတော့မယ်။ နောင်ခါလာနောင်ခါဈေးဆိုပြီးတော့ပဲ စဉ်းစားတော့တယ်။ စည်းတွေ၊ ဘောင်တွေရှိတော့ ဒီဘောင်ထဲမှာ ကိုယ်အောင်မြင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားရတဲ့အခါကျတော့ တီထွင်မှုဆိုတာလည်း ရှိလာမှာဖြစ်ပါတယ်။ ကုမ္ပဏီက လာဘ်မပေးဘူး၊ လာဘ်လည်း မထိုးဘူး၊ နောက်ပြီးသူများမကြိုက်တဲ့၊ သူများနှာခေါင်းရှုံ့တဲ့၊ သူများသံသယရှိစေမယ့် အလုပ်မျိုးကိုမလုပ်ဘူးဆိုရင် အဲဒါကစည်းဘောင်ခတ်လိုက်တာ ဖြစ်ပါတယ်။ ဒီဘောင်ထဲမှာ ကိုယ်အောင်မြင်အောင်လုပ်ရမှာဖြစ်တဲ့အတွက် ကိုယ့်အရည်အချင်းတွေကိုယ် မြှင့်တင်ရတယ်။ အဲဒါမှပဲ စိတ်ကူးအသစ်အဆန်းတွေ၊ တီထွင်မှုအသစ်အဆန်းတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လောကကြီးမှာ Ethics သာမရှိဘူးဆိုရင် ဒီခေတ်ကြီးဟာ ကျောက်ခေတ်နဲ့ထူးမခြားနား ဖြစ်သွားမှာဖြစ်ပါတယ်။ Civilization မြှင့်ဖို့အတွက်က Ethics ရှိမှ ဖြစ်မယ်လို့မြင်ပါတယ်။ ကုမ္ပဏီတစ်ခုဟာ ဒီအလုပ်ကိုမလုပ်ဘူး၊ ဒါတွေမလုပ်ဘူးဆိုပြီး စည်းနဲ့ဘောင်နဲ့လုပ်သွားမယ်၊ နောက်ပြီး ဒါကိုလည်း ရေရှည်ထိန်းသိမ်းသွားမယ်ဆိုရင် တခြား Ethical ရှိတဲ့ တကယ့်ပညာရှင်လုပ်ငန်းရှင်တွေကလည်း ပူးပေါင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် Ethics ရှိတဲ့ ကုမ္ပဏီအနေနဲ့ ကိုယ်ကိုယ်တိုင်အတွက်ရော ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက်ပါ Motivate ဖြစ်လာတဲ့အပြင် ထင်ရှားကျော်ကြားတဲ့ Ethical ဖြစ်တဲ့ လုပ်ငန်းတွေလည်း ကိုယ်နဲ့ပူးပေါင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် Ethics ဟာ ကိုယ်ကကြီးပဲ ပေးနေရတာမျိုးမ ဟုတ်ဘဲ တကယ်တမ်း Ethics နဲ့ညီမယ်၊ Ethical ဖြစ်တယ်ဆိုရင် ကိုယ့်အတွက်လည်းအများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။