ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လေယာဉ်တီတွင်ပြီး ဘီလျံနာဖြစ်လာတဲ့ Frank Wang

Frank Wang ဆိုတာဘယ်သူလဲ...

အသားတင်ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိတဲ့အတွက် နည်းပညာလုပ်ငန်းမှာ ၅၇ ဦးမြောက်အချမ်းသာဆုံးဖြစ်ပြီး တရုတ်လူမျိုးထဲမှာ ၃၈ ဦးမြောက်အချမ်းသာဆုံး ဖြစ်နေတဲ့ Frank Wang ဟာကမ္ဘာပေါ်မှာ Drone (မောင်းသူမဲ့လေယာဉ်)နဲ့ ဘီယံနာဖြစ်လာတဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

မုတ်ဆိတ်မွေးတိုတိုထားပြီး မျက်မှန်ဝိုင်းကိုတပ်ထားသလို ဂေါက်ကွင်းဆောင်းဦးထုပ်ကို ငိုက်ပြီးဆောင်းတတ်တဲ့၊ လူမြင်လည်းမခံချင်တဲ့ Frank ဟာ အလွန်ထူးချွန်ထက်မြက်ပြီးအနိုင်ရဖို့ဆိုရင် ဘာမဆို ကျားကုတ်ကျားခဲလုပ်တတ်တဲ့၊တည်ငြိမ်ပြီး ကြံ့ခိုင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ သူဟာလက်တွေ့ကျသူနဲ့ ချင့်ချိန်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ DJI လို့လည်းခေါ်တဲ့ SZ Da-Jiang Innovation Technology ကုမ္ပဏီကြီးကို တည်ထောင်သူနဲ့ CEO ဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးဟာ ပုဂ္ဂလိကပိုင်စက်ရုပ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ဝင်ငွေဒေါ်လာတစ်ဘီလီယံရှိပြီး တန်ဖိုးအနေနဲ့ဒေါ်လာဆယ်ဘီလီယံရှိပါတယ်။

DJI ကုမ္ပဏီကုမ္ပဏီကထုတ်လုပ်တဲ့ Phantom အမှတ်တံဆိပ် Drone တွေဟာ ကမ္ဘာ့မောင်းသူမဲ့လေယာဉ်ဈေးကွက်ကြီးရဲ့ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ကုမ္ပဏီအစုရှယ်ယာတွေရဲ့ ၄၅ ရာခိုင်နှုန်းလောက်ကို Frank က ပိုင်ဆိုင်ထားတယ်လို့ ပြောကြပါတယ်။

မသိသေးတဲ့ လူတွေအားလုံးအတွက် စိတ်ဝင်စားစရာကောင်းတာကတော့ DJI ကလုပ်တဲ့ Drone တွေက သတင်းထူးတွေတော်တော်များများကို ဖြစ်ပေါ်စေခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်တွေထဲမှာအိမ်ဖြူတော်ဝင်းထဲက မြက်ခင်းပေါ်ကို Drone ပျက်ကျခဲ့တာ၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းပုလင်းတစ်လုံးကို ဂျပန်ဝန်ကြီးချုပ်ရုံးရဲ့ခေါင်မိုးပေါ်မှာပစ်ချဖို့ Drone ကို သုံးခဲ့တာတွေ ပါဝင်ပါတယ်။ တကယ်တော့ လန်ဒန်မြို့အပြင်ဘက်ကအကျဉ်းထောင်တစ်ခုထဲကို မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေနဲ့လက်ကိုင်ဖုန်းတစ်ခုခိုးသွင်းဖို့ Drone ကိုသုံးခဲ့တဲ့သတင်းမှာလည်း DJI ပါခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီမရည်ရွယ်ဘဲလူသိရှင်ကြားဖြစ်သွားမှုတွေကြားထဲကပဲ ကုမ္ပဏီဟာသူ့ရဲ့သူများထက်သာလွန်မှုနဲ့သူ့အပေါ်အများရဲ့ယုံကြည်စိတ်ချမှုကို ထိန်းထားနိုင်ခဲ့ပါတယ်။

Da Jiang Innovation Technology ကုမ္ပဏီ(DJI)...
၂၀၀၆ ခုနှစ်မှာစတင်ခဲ့ပြီး တရုတ်နိုင်ငံ၊ Shenzhen မြို့ရဲ့အပြင်ဘက်မှာ ရုံးချုပ်ဖွင့်ထားတဲ့ DJI ဟာ အဓိကအားဖြင့် Drone တွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ Drone ဈေးကွက်ကြီးရဲ့ ၇၀ ရာခိုင်နှုန်းကိုရထားပါတယ်။ ဒီကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာနည်းပညာတော်လှန်ရေးတစ်ခုကို ဦးဆောင်ခဲ့တဲ့ပထမဆုံးတရုတ်ကုမ္ပဏီအဖြစ်လည်း လူသိများပါတယ်။ ကုမ္ပဏီဟာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ မြောက်အမေရိကနဲ့ ဥရောပတွေမှာရှိတဲ့ ရုံးခွဲတွေမှာ ဝန်ထမ်းဦးရေ လေးသောင်းခန့်နဲ့အလုပ်လုပ်နေပြီး ၂၀၁၅ ခုနှစ်မှာ ဝင်ငွေဒေါ်လာတစ်ဘီလီယံ ရရှိခဲ့ပါတယ်။

DJI ဟာ လုပ်ငန်းအမျိုးမျိုးအတွက် ပစ္စည်းမျိုးစုံကိုထုတ်လုပ်နေပါတယ်။ အဓိကအားဖြင့် စက်မှုလုပ်ငန်းသုံး၊ ကြေးစားသုံးနဲ့အပျော်တမ်းသုံးပစ္စည်းတွေဖြစ်ပြီး အဲဒီပစ္စည်းတွေထဲမှာ (Phantom အုပ်စု၊ Flame Wheel နဲ့ Spreading Wings) Drone တွေ၊ Gimbal (ဆုံလည်ဝင်ရိုး) တွေ ၊ (မြေပြင်အခြေစိုက်သီးခြား Camera Platform ဆိုတဲ့) Flight Platform တွေ၊ ကင်မရာတွေ၊ တွန်းကန်မောင်းနှင်မှုစနစ်တွေ၊ ကင်မရာထိန်း ကိရိယာတွေ၊ ပျံသန်းမှုထိန်းချုပ်ရေးတီဗီကင်မရာတွေ၊ ပုံစံငယ်တွေ၊ ဒလက်အများကိုထိန်းချုပ်တဲ့ ပျံသန်းမှုထိန်းချုပ်ရေးကိရိယာတွေ၊ မောင်းသူမဲ့ရဟတ်ယာဉ်တွေ၊ ရဟတ်ယာဉ်အသုံးအဆောင်ပစ္စည်းတွေ ပါဝင်ပါ တယ်။

တကယ်တော့ DJI ဟာ သူ့ရဲ့ကိုယ်ပိုင်ကင်မရာတွေ၊ ထိန်းသိမ်းရေးစက်ယန္တရားတွေ၊ မော်တာတွေနဲ့ပျံသန်းရေးထိန်းချုပ်မှုစနစ်တစ်ခုကိုလည်းဖော်ထုတ်ခဲ့ပြီး အဲဒီအထဲမှာ ဗီဒီယိုတွေကိုတည်းဖြတ်ပြီးအွန်လိုင်း ပေါ်ကိုတင်ပေးတဲ့ Software လည်းပါဝင်ပါတယ်။

DJI ကထုတ်တဲ့ပစ္စည်းတွေဟာ လုပ်ငန်းတွေကို ပြန်သတ်မှတ်ပေးနေပြီး ရုပ်ရှင်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ စွမ်းအင်အခြေခံအဆောက်အအုံတွေကပညာရှင်တွေဟာ လုပ်ငန်းတွေကို ပိုပြီးလုံခြုံမှုရှိအောင်၊ ပိုပြီးမြန်အောင်၊ ဘယ်တုန်းကနဲ့မှမတူတဲ့နည်းပညာနဲ့ပိုပြီး ထိရောက်မှုရှိအောင်လုပ်ဖို့အတွက် DJI ရဲ့ ပစ္စည်းတွေကို အကြီးအကျယ်အသုံးချကြပါတယ်။

Frank Wang ရဲ့ ငယ်စဉ်ဘဝ...
၁၉၈၀ ပြည့်နှစ်မှာမွေးဖွားခဲ့တဲ့ Frank Wang ဟာ တရုတ် နိုင်ငံကမ်းရိုးတန်းအလယ်ပိုင်း Hangzhou မြို့မှာ ကြီးပြင်းခဲ့ပါတယ်။ အဲဒီမြို့ဟာ တစ်ချိန်တုန်းက Alibaba ကုမ္ပဏီကြီးတည်ရှိခဲ့တဲ့မြို့ဖြစ်ပါတယ်။ Frank ဟာ စီးပွားရေးလုပ်ငန်းရှင်ကလေးအဖြစ်ကို ပြောင်းလဲသွားခဲ့တဲ့ ကျောင်းဆရာမမိခင်နဲ့ အင်ဂျင်နီယာဖခင်တစ်ယောက်က မွေးဖွားတဲ့သားဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက ပျံသန်းတဲ့အရာဝတ္ထုတွေကို ချစ်တဲ့စိတ်ပေါက်ဖွားလာခဲ့ပါတယ်။

သူဟာ လေယာဉ်ပုံစံငယ်တွေအကြောင်းစာအုပ်တွေကိုဖတ်ရင်း သူ့ရဲ့အားလပ်ချိန်အများစုကိုကုန်ဆုံးစေခဲ့ပြီး သူ့မှာ'နတ်သမီး' ဆိုတဲ့ သူ့နောက်ကပျံသန်းပြီး လိုက်နိုင်တဲ့ကိုယ်ပိုင်ကင်မရာတစ်လုံးပါတဲ့ ကိရိယာတစ်ခုရှိတယ်လို့ အမြဲအိပ်မက်မက်ခဲ့ပါတယ်။ Frank ဟာ သူငယ်ငယ်ကထဲက စွဲစွဲလမ်းလမ်းလိုချင်ခဲ့တဲ့ အဝေးထိန်းရဟတ်ယာဉ်ကို သူ့အသက် ၁၆ နှစ်မှာ ပထမဆုံးရခဲ့ပါတယ် (အဲဒီရဟတ်ယာဉ်ဟာ မကြာခင်ပဲပျက်ကျသွားခဲ့ပါတယ်)။

အဲဒီနောက်မှာ Frank ဟာ ရှန်ဟိုင်းမြို့က တရုတ်နိုင်ငံအရှေ့ပိုင်းတက္ကသိုလ်ကိုတက်ပြီး ဒဿနိကဗေဒပညာရပ်ကို ဆက်ပြီးလေ့လာခဲ့ပါတယ်။ ဒါပေမဲ့သူဟာ ပျံသန်းနေတဲ့အရာဝတ္ထုတွေနဲ့ပတ်သက်ပြီး ရူးသွပ်လွန်းကာ သူ့ရဲ့ငယ်ရွယ်တဲ့အချိန်တွေအများကြီးကို ကစားစရာပုံစံငယ်တွေတည်ဆောက်ရင်း ကုန်ဆုံးခဲ့တာဖြစ်တဲ့အတွက် မောင်းသူမဲ့ရဟတ်ယာဉ်တွေအပေါ်မှာပဲ စွဲလမ်းသွားခဲ့ပါတယ်။

သူဟာ အဲဒီအထဲမှာပဲ သူ့ရဲ့လုပ်ငန်းကိုတည်ဆောက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပညာရေးပိုင်းစွမ်းဆောင်နိုင်မှုဟာ အားနည်းခဲ့တဲ့အတွက် MIT ၊ ဒါမှမဟုတ် Stanford လို ထိပ်တန်းအမေရိကန်တက္ကသိုလ် တွေကိုတက်ဖို့ မရွေးချယ်နိုင်ခဲ့ပါဘူး။ အဲဒီလိုထိပ်တန်းရွေးချယ်မှုတွေကို လက်လွှတ်လိုက်ရတဲ့အတွက် Frank ဟာ ၂၀၀၃ ခုနှစ်မှာ ဟောင်ကောင်သိပ္ပံနဲ့နည်းပညာ တက္ကသိုလ် (UST) ကိုပဲတက်ပြီး အီလက်ထရောနစ်အင်ဂျင်နီယာပညာကို သင်ယူခဲ့ပါတယ်။

သူဟာ အချိန်အတော်ကြာအောင် သူ့ရည်ရွယ်ချက်ရဲ့အဓိပ္ပာယ်အစစ်အမှန်ကို မတွေ့ခဲ့ပေမယ့် သူ့ရဲ့ တက္ကသိုလ်နောက်ဆုံးနှစ်အတွင်းမှာ ရဟတ်ယာဉ်ပျံသန်းရေးထိန်းချုပ်မှုစနစ်တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီစနစ်ဟာသူ့ရဲ့ တက္ကသိုလ်အဆောင်မှာပဲ ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့စစ်မှန်တဲ့ကံကြမ္မာကိုဖန်တီးခဲ့ပါတယ်။

သူ့ရဲ့စက်ရုပ်နည်းပညာပါမောက္ခ Li Zexiang ဟာ Frank ရဲ့ သူ့အုပ်စုအပေါ်ခေါင်းဆောင်မှုနဲ့ နည်းပညာအပေါ်နားလည်မှုကို သတိထားမိခဲ့ပါတယ်။ အဲဒါကြောင့် သူဟာဒီခေါင်းမာတဲ့ကျောင်းသားကို ကျောင်းရဲ့ဘွဲ့ရအစီအစဉ်ထဲကို ထည့်သွင်းခဲ့ပါတယ်။

Frank ဟာ အရာရာကိုသူ့အဖွဲ့ရဲ့ နောက်ဆုံးစီမံကိန်းထဲမှာပဲ နှစ်မြှုပ်ထားခဲ့ပါတယ်။ အတန်းတွေကို မတက်ဘဲထားခဲ့တာကစပြီး မနက် ၅ နာရီအထိ မအိပ်ဘဲနေတာအထိ အကုန်လုံးကို သူလုပ်ခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တဲ့ ယာဉ်ပေါ်ကကွန်ပျူတာအတွက်ပျံဝဲတဲ့ အလုပ်ဟာ စာသင်ခန်းထဲမှာတင်ပြဖို့တစ်ညအလိုမှာ မအောင်မမြင်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ကြိုးပမ်းမှုဟာ အလဟဿ ဖြစ်မသွားခဲ့ပါဘူး။

အဲဒီနောက်ပိုင်းမှာတော့ သူဟာရဟတ်ယာဉ်ကို အပြီးသတ်နိုင်ခဲ့ပါတယ်။ပါမောက္ခ Li Zexiang ရဲ့နည်းပေးလမ်းပြမှုနဲ့ Frank ဟာ မောင်းသူမဲ့ရဟတ်ယာဉ်အသေးစားကလေးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ ဧဝရက်တောင်ထိပ်နားကိုရောက်တဲ့အထိ ပထမဆုံးအောင်မြင်စွာပျံသန်းနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့်ပဲ DaJiang Innovation Technology (DJI) ကုမ္ပဏီပေါက်ဖွားလာခဲ့ပါတယ်။

DJI ကုမ္ပဏီဖွဲ့စည်းခြင်း...
ပထမဆုံးနှစ်နှစ်အတွက် ကနဦးအဖွဲ့ထဲမှာ ပါဝင်သူတွေကတော့ Frank Wang ၊ Jinying Chen ၊ Zhihui Lu နဲ့ Chuqiang Chen တို့ဖြစ်ကြပါတယ်။ သူတို့ဟာ Frank နဲ့အတူ အိပ်ခန်းသုံးခန်းပါတဲ့ တိုက်ခန်းတစ်ခုထဲမှာ အလုပ်စလုပ်ခဲ့ပါတယ်။ Frank က သူရခဲ့တဲ့ ပညာသင်ဆုထဲက ကျန်တဲ့ငွေကိုဒီလုပ်ငန်းအတွက် ရန်ပုံငွေထဲကို ထည့်ပေးခဲ့ပါတယ်။
သူဟာ ကောလိပ်မှာ သူဖန်တီးခဲ့တဲ့ ရဟတ်ယာဉ်ကိုလည်း ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ အဲဒီလိုတင်ပြီး အဲဒီရဟတ်ယာဉ်ကို တရုတ်တက္ကသိုလ်တွေနဲ့ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီတွေကို ယွမ်ငါးသောင်းနဲ့ရောင်းခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေက အဲဒီရဟတ်ယာဉ်တွေကို DIY မောင်းသူမဲ့လေယာဉ်တွေမှာ တပ်ဆင်ခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ကို လုပ်ရတဲ့ သူ့ရဲ့ကုန်ကျတဲ့စရိတ်ဟာ ယွမ် ၁၅,၀၀၀ (ဒေါ်လာနှစ်ထောင်လောက်) ပဲရှိပါတယ်။ ဒါကြောင့် အဲဒီရောင်းရငွေတွေဟာ နည်းနည်းကလေးပဲရှိသေးတဲ့သူ့ရဲ့ဝန်ထမ်းတွေကို လစာပေးနိုင်အောင်လည်း သူတို့အတွက်အထောက်အကူ ဖြစ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကုန်တဲ့အချိန်မှာ DJI ဟာ တစ်လကို ထိန်းချုပ်စက်အခုနှစ်ဆယ်လောက် ရောင်းနေရပြီဖြစ်ပြီး Frank ရဲ့ မိသားစုမိတ်ဆွေဖြစ်တဲ့ Lu Di ဆီက မတည်ငွေအဖြစ် ထည့်ဝင်ပေးတဲ့ ဒေါ်လာကိုးသောင်း လောက်ကိုလည်းရခဲ့ပါတယ်။

အဲဒီနောက် နှစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာတော့ DJI ရဲ့ ပထမဆုံးမောင်းသူမဲ့လေယာဉ်တွေဟာကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ကျန်တဲ့ပူးတွဲတည်ထောင်သူတွေဖြစ်ကြတဲ့ Lu ၊ Chujiang နဲ့ Jinying တို့ အားလုံးဟာ ခြောက်လလောက်အတွင်းမှာ DJI က ထွက်သွားခဲ့ပြီး သူတို့အသစ်တွေ့ရှိခဲ့တဲ့နည်းပညာတွေကိုလည်း သူတို့နဲ့အတူယူသွားခဲ့ကြပါတယ်။

လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနဲ့လက်ရှိအခြေအနေ...
ဝါသနာတစ်ခုအဖြစ်နဲ့ စခဲ့တဲ့အရာဟာ အခုဆိုရင် လိုအပ်တဲ့အင်္ဂါရပ်တွေပြည့်စုံနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။ ပျံသန်းရေးထိန်းချုပ်မှုစနစ်တစ်ခု ဖန်တီးတဲ့ ကုန်ကျစရိတ်ဟာ ၂၀၀၆ ခုနှစ်တုန်းက ဒေါ်လာနှစ်ထောင်ရှိခဲ့ရာက ၂၀၁၁ ခုနှစ်ကို ရောက်တဲ့အခါ ဒေါ်လာလေးရာတောင်မပြည့်တော့တဲ့အထိ ကျဆင်းသွားခဲ့ပါတယ်။

Colin Guinn ရဲ့အကူအညီနဲ့ DJI North America ဆိုတဲ့နာမည်နဲ့ ကုမ္ပဏီခွဲတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကုမ္ပဏီခွဲဟာ Drone တွေကို အကြီးစားဈေးကွက်ကြီးထဲကိုပို့ပေးဖို့ ရည်ရွယ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ပိုင်ဆိုင်မှုရဲ့ ၄၈ ရာခိုင်နှုန်းကို Colin က ယူထားပြီး ကျန်တဲ့ ၅၂ ရာခိုင်နှုန်းကို DJI က ဆက်ထိန်းထားပါတယ်။

နောက်တစ်နှစ်မှာ DJI ဟာ ကွန်ပျူတာ Software ၊ ဒလက်၊ ဘောင်၊ ဆုံလည်ဝင်ရိုးနဲ့အဝေး ထိန်းကိရိယာဆိုတဲ့ အစိတ်အပိုင်းတွေအားလုံးကိုပေါင်းစပ်ပြီး အကောင်းဆုံးမောင်းသူမဲ့လေယာဉ်တစ်စုံကို ဖန်တီးခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာကုမ္ပဏီဟာ သူ့ရဲ့ရည်မှန်းချက်အကြီးမားဆုံးဖြစ်တဲ့ Phantom ကို ပွဲထုတ်ခဲ့ပါတယ်။ Phantom ဟာ ကြိုတင်တပ်ဆင်ထားပြီး ပျံသန်းဖို့အသင့်ဖြစ်နေတဲ့ ဒလက်လေးခုပါရဟတ်ယာဉ်ဖြစ်ကာ ကတ်ပုံးထဲကထုတ်ပြီး တစ်နာရီအတွင်းမှာ ကောင်းကင်ကို ပျံတက်နိုင်သလိုတစ်ကြိမ်ပြုတ်ကျရုံနဲ့ တစ်စစီပြုတ်ထွက်မသွားနိုင်ပါဘူး။ ဒီရိုးရှင်းမှုနဲ့အသုံးပြုရာမှာ လွယ်ကူမှုကြောင့် စွဲလမ်းနှစ်သက်သူတွေကိုရောင်းရတဲ့အဆင့်ကို ကျော်လွန်သွားပြီး ဈေးကွက်သစ်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

DJI ရဲ့ရည်ရွယ်ချက်က Phantom ရဲ့လက်လီဈေးနှုန်းကို ၆၇၉ ဒေါ်လာမှာအရင်းကျေဖို့ဖြစ်ပေမယ့် Phantom ဟာ ကြော်ငြာဖို့မလိုဘဲ ကုမ္ပဏီရဲ့အရောင်းရဆုံးပစ္စည်း ဆက်ပြီးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့သူတို့ ရဲ့ဝင်ငွေဟာ ငါးဆတိုးလာခဲ့ပါတယ်။သူတို့ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံ၊ ၃၀ ရာခိုင်နှုန်းက ဥရောပနဲ့ ၃၀ ရာခိုင်နှုန်းက အာရှကလာပြီးကျန်တာက လက်တင်အမေရိကနဲ့ အာဖရိက ကလာပါတယ်။

DJI Phantom 4 Pro

၂၀၁၃ ခုနှစ်၊ မေလမှာ DJI ဟာ DJI North America မှာရှိတဲ့ Colin Guinn ရဲ့အစုရှယ်ယာတွေကိုလည်း ဝယ်လိုက်ပြီး ဈေးဝယ်သူတွေရဲ့ပေးချေးငွေတွေကိုအားလုံးလည်း တရုတ်နိုင်ငံကိုပဲပို့ဖို့ ပြောင်းလဲလိုက်ပါတယ်။ အဲဒီနှစ်မှာ DJI ရဲ့ဝင်ငွေဟာ ဒေါ်လာ သန်း ၁၃၀ အထိရောက်သွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Sequoia Capital ကုမ္ပဏီကြီးက DJI ထဲကို ရန်ပုံငွေထည့်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ကုမ္ပဏီရဲ့တန်ဖိုးကို ဒေါ်လာ ၁.၆ ဘီလီယံသင့်ထားပြီး ဝင်ငွေ ဒေါ်လာသန်းငါးရာနဲ့ စာရင်းပိတ်သွားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ သူတို့ရဲ့ ရောင်းရငွေဟာ သုံးဆ၊ လေးဆတက်ခဲ့ပြီး အမြတ်လည်းရခဲ့သလို အခုဆိုရင် အသားတင်အမြတ်ဟာ ဒေါ်လာ သန်း ၁၂၀ လောက် ရှိနေပါပြီ။

အခုဆိုရင် ဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံးအများသုံး မောင်းသူမဲ့လေယာဉ် ထုတ်လုပ်သူအဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မေလမှာ ကုမ္ပဏီဟာ ကုမ္ပဏီရဲ့တန်ဖိုးကို ဒေါ်လာရှစ်ဘီလီယံလောက်နဲ့ဖြတ်ပြီး Accel Partners ဆီက ထည့်ဝင်တဲ့ရန်ပုံငွေ ဒေါ်လာ ၇၅ သန်းကို ရယူခဲ့ပါတယ်။ အဲဒီထက်ပိုပြီးအကျိုးရှိခဲ့တာကတော့ တစ်ဟုန်ထိုးတက်လာတဲ့ DJI Phantom မောင်းသူမဲ့လေယာဉ်တွေရဲ့ ဝယ်လိုအားကြောင့် စက်တင်ဘာလမှာ Apple Store ထဲမှာလည်း DJI အတွက် နေရာတစ်ခုရခဲ့တာပဲဖြစ်ပါတယ်။

တရုတ် Brand တွေဖြစ်ကြတဲ့ Alibaba နဲ့ Xiaomi တို့က ကမ္ဘာကြီးကိုအနိုင်ရခဲ့ပြီးပေမယ့် မောင်းသူမဲ့ လေယာဉ်ဖန်တီးသူ DJI စင်ပေါ်ကိုတက်လာတော့မယ့် အချိန်ကိုလည်း ရောက်လာခဲ့ပါပြီ။

ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က အကြမ်းဖျင်းအားဖြင့် Drone လေယာဉ်ပေါင်းလေးသိန်းလောက်ကိုရောင်းခဲ့တယ်လို့ Frost & Sullivan အကြံပေးလုပ်ငန်းကြီးက ခန့်မှန်းခဲ့ပါတယ်။ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ Star Wars နဲ့ Game of Thrones ရုပ်ရှင်ဇာတ်ကားတွေရဲ့ ရိုက်ကွင်းတွေမှာ DJI ရဲ့ မောင်းသူမဲ့လေယာဉ်တွေကိုသုံးနေပြီး သူ့ရဲ့ပစ္စည်းတွေဟာ ကုန်သည်ကြီးတွေရဲ့ အိတ်ကပ်တွေကိုဖောင်းအောင်လုပ်ပေးနေပါပြီ။

လူငယ်ကလေး Wang က တက္ကသိုလ်အဆောင်ထဲမှာ DJI ကိုစပြီးလုပ်ခဲ့တာ ဆယ်နှစ်မပြည့်သေးဘူးဆိုတာဟာ မယုံနိုင်စရာပါပဲ။ Wang ဟာ ကွယ်လွန်သွားခဲ့တဲ့ Steve Jobs ရဲ့အယူအဆတွေကို တန်ဖိုးထားခဲ့ပေမယ့် သူအမှန်တကယ် ကြည်ညိုလေးစားတဲ့လူဆိုတာဟာ တကယ်တော့မရှိပါဘူး။ အဲဒီဘီယံနာကလေးကောက်ချက်ချတာကတော့ ''သူများတွေထက်သာနေအောင်လုပ်ဖို့ပဲလိုတယ်။ တခြားဘာမှမလိုဘူး'' ဆိုတာပါပဲ။

ဇော်ဝင်းကြူ (ပျဉ်းမနား)
Note : ၂၀၁၇ ခုနှစ်၊ မတ်လထုတ် ၊ စီအီးအို စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဆောင်းပါးကိုထိုစဉ်ကအတိုင်း ပြန်လည်ဖော်ပြထားခြင်းဖြစ်သည် ။