Xan IT Solutions ရဲ့ MD ဦးကင်းဝန်

နည်းပညာသုံးဖြေရှင်းပြီးသား အရာတစ်ခုအတွက် ထပ်မံအပင်ပန်းမခံစေချင်သလို လူငယ်တွေအနေနဲ့ Program ရေးတတ်တာလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်နေစေချင်ဘူးလို့ဆိုလာတဲ့ ဦးကင်းဝန်ဟာ Xan IT Solutions Ltd ရဲ့ MD တစ်ယောက်ဖြစ်ပါတယ်။ Xan IT Solutions ဟာ ebook.xan.com.mm ဆိုတဲ့ Website ကို မေလတုန်းက စတင် Public နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး နောက်ပိုင်း E-commerce နဲ့ Security ပိုင်းကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတာဖြစ်ပါတယ်။

xan1

ပညာရေးနောက်ခံနဲ့ လုပ်ငန်းအတွေ့အကြုံ

ရန်ကုန်တက္ကသိုလ် စာပေးစာယူသင်တန်းကနေ စီးပွားရေးပညာနဲ့ကျောင်းပြီးပြီး ၁၉၉၃ ခုနှစ်အထိ အစိုးရဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော် ၁၉၉၄ ခုနှစ်လောက်ကတည်းက ဂျပန်ကိုရောက်ပြီး Waseda IT Business Vocational School တက်ပါတယ်။ Information Technology နဲ့ပတ်သက်တဲ့ ဒီပလိုမာယူတာပါ။ ကျောင်းပြီးတော့ အလုပ်တန်းဝင်ပါတယ်။ IT Filed မှာပဲ ၁၆ နှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။ ဂျပန်မှာ အလုပ်လုပ်ပြီး ကွန်တိန်နာစနစ်၊ စတော့အိပ်ချိန်းစနစ်၊  Credit Card စနစ်ရေးဆွဲခြင်းတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေရခဲ့ပြီး နောက်ဆုံးကတော့ Esperant System မှာ System Engineer အထိလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမြန်မာနိုင်ငံနဲ့ အလုပ်လုပ်ဖို့ဖြစ်လာတော့ Bridge System Engineer အဖြစ် ACE Data Systems နဲ့တွဲပြီး ၂၀၀၇ ခုနှစ်လောက်ကပြီးတော့ အလုပ်လုပ်ခဲ့ပါတယ်။

Xan IT Solutions ဖြစ်လာတာက . . .

Ebook.xan.com.mm အတွက် အသုံးပြုမယ့် နည်းပညာပိုင်းဆိုင်ရာကို ဂျပန်ကုမ္ပဏီ iPress Japan က အကူအညီပေးပါတယ်။ iPress Japan ရဲ့နည်းပညာတွေရယ်၊ Ace Plus ရယ်၊ ACE Data Systems ပူးပေါင်းပြီးမှ Xan Ebook Store ကို စလုပ်တာပါ။ ၂၀၁၄ ခုနှစ် အစပိုင်းလောက်ကတည်းက Development စလုပ်နေခဲ့တာပါ။ ကုမ္ပဏီစဖွဲ့ဖြစ်တာကတော့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ တစ်ရက်နေ့မှ ဖွဲ့ဖြစ်တာဖြစ်ပါတယ်။ ပထမတော့ Ebook ဈေးကွက် မြန်မာနိုင်ငံမှာ ရှိမရှိဆိုတာမသေချာတော့ ဖြစ်နိုင်ခြေရှိ၊ မရှိ အရင်လေ့လာကြည့်ရပါသေးတယ်။ လေ့လာကြည့်ပြီးတော့မှ နောက်ပိုင်းဖြစ်နိုင်ခြေရှိတာတွေကို တွေ့လာရတာကြောင့် Xan IT Solutions ဆိုတာ ဖြစ်လာတာပါ။

Xan IT Solutions မှာ တာဝန်ယူထားရတဲ့အပိုင်းတွေ

လုပ်ငန်းအတူလုပ်မယ့် Partner တွေနဲ့ Business Relationship တည်ဆောက်ရတာအပြင်၊ Promotion ၊ Marketing Campaign တွေအတွက်လည်း တာဝန်ယူထားပါတယ်။ ဝန်ထမ်းအင်အားလည်း တဖြည်းဖြည်း များလာတာကြောင့် ဝန်ထမ်းတွေအတွက်လည်း စီစဉ်ရတာများလာပါတယ်။ DRM ပြုလုပ်တာနဲ့ ပတ်သက်တဲ့ကိစ္စကို iPress Japan နဲ့ ညှိနှိုင်းရတာ၊ Content တွေသိမ်းထားဖို့အတွက် Server ငှားထားရတာနဲ့ပတ်သက်တာလို့ ညှိနှိုင်းရတာတွေလည်း လုပ်ရပါတယ်။ အဲဒီလို ချိတ်ဆက်ဆောင်ရွက်ရတဲ့အပိုင်းတွေကို ကျွန်တော် တာဝန်ယူရပါတယ်။

Xan IT Solutions ရဲ့ လက်ရှိ Product တွေ

Main Product က Ebook.xan.com.mm ဖြစ်ပြီး နောက်တစ်ခုကတော့ ရုံးတွေမှာသုံးတဲ့ Security ပိုင်းဆိုင်ရာ Software ပါ။ နောက်ထပ်ထုတ်ကုန်တွေအနေနဲ့ Retail System ကို ရောင်းပေးပါတယ်။ POS Retail တစ်ခုအနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်ကူကူဖြစ်အောင် လုပ်ပေးထားတာပါ။ ဥပမာ- အိမ်ဆိုင်လေးပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ သုံးလို့ရအောင်ရည်ရွယ်ပြီး POS ကို CD နဲ့ ထည့်ပြီးရောင်းတာမျိုးပါ။ Feature တွေလည်း တော်တော်စုံစုံလင်လင် ထည့်ပေးထားပြီး သာမန်အိမ်ဆိုင်လေးတစ်ခုဆိုရင် အဲဒါနဲ့တင် ပြည့်စုံအောင်လုပ်ပေးထားတာပါ။ နောက်တစ်ခုကတော့ Museum တွေ၊ Exhibition တွေမှာ သုံးနိုင်မယ့် Software လည်း လုပ်ဖို့ရှိပါတယ်။

Outsourcing လည်း လက်ခံပါတယ်။ User Requirement ပေါ်လိုက်ပြီး နောက်ဆုံး Install လုပ်နိုင်တဲ့ အဆင့်အထိ တာဝန်ယူပြီးလည်း လုပ်ပေးပါတယ်။ Web ရော၊ App ပါ လုပ်ပေးတယ်။ B2B (Business to Business) ဝန်ဆောင်မှုတွေလည်း ပေးပါတယ်။ Software တွေကတော့ အပ်ရင်ရေးပေးတာမျိုးရှိပါတယ်။ တချို့ရေးပြီးသား၊ Ready ဖြစ်တာမျိုးဆိုရင်လည်း Customize လုပ်ပြီးသားအဖြစ်စီစဉ်ပေးပါတယ်။ တခြားဝန်ဆောင်မှုအဖြစ် Payment Solution တွေလည်းလုပ်ပေးဖို့ စီစဉ်ထားပါတယ်။

xan2

Ebook.xan.com.mm နဲ့ပတ်သက်လို့

ဒီနှစ် မေလတုန်းက Site ကို တရားဝင်မိတ်ဆက်ထားပြီးပြီဆိုတော့ Site က တက်သွားပြီးပြီဆိုတော့ နည်းနည်းစိတ်ချသွားရပါပြီ။ အခုကတော့ အဲဒီအတွက် Content တွေ ပိုများလာအောင်လုပ်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ အခုအသစ်လုပ်ထားတာက E-Journal ပါ။  လက်ရှိ ရှိနေတဲ့ဂျာနယ်ရဲ့Image လည်း ပျောက်မသွားဘဲ၊ Digital နဲ့ဖတ်နေရတယ်ဆိုတာလည်း ပေါ်လွင်အောင်၊ သုံးရတာလည်းလွယ်ကူအောင်  ကျွန်တော်တို့အားစိုက်လုပ်နေပါတယ်။ တချို့ Internet မှာတွေ့ရတဲ့ Journal တွေလို PDF အတိုင်းမဟုတ်ဘဲ နည်းပညာအသစ်ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တစ်စောင်ချင်းစီဝယ်နိုင်အောင်ပဲလုပ်ထားပြီး နောက်ပိုင်းမှာ Subscription တွေရအောင် လုပ်ပေးသွားမှာပါ။

Ebook.xan.com.mm က မြန်မာနိုင်ငံက စာဖတ်သူတွေအပြင် နိုင်ငံခြားက စာဖတ်သူတွေကိုလည်း ရည်ရွယ်ပါတယ်။ Site မှာ စာအုပ်တွေကို ဝယ်ဖတ်တာ၊ ငှားဖတ်တာနဲ့ အမြည်းဖတ်တာတွေလုပ်နိုင်မှာပါ။ သုံးချင်တဲ့ User တွေအနေနဲ့တော့ Register လုပ်ပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။ Desktop ကနေအပြင် Mobile ကနေလည်း အလွယ်တကူဖတ်လို့ရအောင် လုပ်ပေးထားပါတယ်။ Xan Ebook တွေက Digital Right Management လို့ခေါ်တဲ့ မူပိုင်ခွင့်ကို ကာကွယ်ပေးတဲ့စနစ်ကို သုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် အလွယ်တကူ Copy ကူးပြန့်ပွားအောင်လုပ်တာမျိုး မဖြစ်နိုင်ပါဘူး။ တခြား Develop လုပ်ထားပြီးသားတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဥပမာ- Audio Book တွေပါ။ အဓိကကတော့ မျက်မမြင်တွေ စာဖတ်နိုင်အောင်ပါ။ အဲဒီလိုလည်း လုပ်ပေးချင်ပါတယ်။ မျက်မမြင်၊ စာဖတ်ခက်တဲ့လူတွေပါ Audio Book တွေဆိုရင် အဆင်ပြေပါတယ်။ ဒါကိုတော့ နောက်ထပ် Feature တစ်ခုအနေနဲ့ စဉ်းစားထားပါတယ်။

Ebook.xan.com.mm ရဲ့ ငွေပေးချေမှုပိုင်း

Xan Bookstore မှာ အဓိကအားဖြင့် Payment က သုံးမျိုးရှိပါတယ်။ PayPal ၊ Credit Card တွေနဲ့ နိုင်ငံခြားကနေ ပေးချေလို့ရပါတယ်။ နောက်တစ်ခု ပြည်တွင်းက လူတွေအတွက်ကတော့ MPT လို Bill ထဲကနေ ပေးချေတာမျိုး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Ooredoo တို့၊ Telenor တို့က ဒီလိုဝန်ဆောင်မှုမျိုး ပေးလာရင်လည်း ကျွန်တော်တို့ဆီမှာ သုံးလို့ရအောင် လုပ်ပေးသွားမှာပါ။ MyanPay နဲ့လည်း ဝယ်လို့ရပါတယ်။ MPU Card နဲ့လည်း ဝယ်လို့ရအောင်လုပ်ပေးသွားမှာဖြစ်ပါတယ်။ Local Payment တွေဆိုရင်လည်း ထွက်သမျှအကုန်လုံးကို Update လုပ်သွားမှာဖြစ်ပါတယ်။

အနာဂတ်အစီအစဉ်

နောက်ပိုင်းမှာ E-Commerce Payment ပိုင်းကိုလည်း ဝန်ဆောင်မှုပေးသွားဖို့ရှိတာကြောင့် နည်းပညာတွေကိုလည်း လေ့လာနေပါတယ်။ အဓိကတော့ ကျွန်တော်တို့က E-Commerce နဲ့ Security ပိုင်းကို လုပ်သွားမှာဖြစ်ပါတယ်။ တခြား Network နဲ့ဆိုင်တဲ့ Product တွေ၊ နည်းပညာတွေလည်း ရှိပါတယ်။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ သုံးလို့ရ၊ မရ လေ့လာဆန်းစစ်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်။  Device တွေပိုင်းမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ အသုံးတည့်လောက်မှာတွေကို တစ်ခုပြီးတစ်ခုစမ်းနေတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း မြန်မာပြည်ဈေးကွက်နဲ့ သင့်တော်ရင်သင့်တော်သလို Launch လုပ်ပေးသွားမှာဖြစ်ပါတယ်။

IT Solution တွေပေးနေတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာ ဈေးကွက်လိုအပ်ချက်တွေကို ဘယ်လိုမြင်ပါသလဲ . . .

တခြားနိုင်ငံတွေမှာ နည်းပညာသုံးပြီး ဖြေရှင်းပြီးသားအရာတွေကို ဒီမှာမဖြေရှင်းနိုင်သေးတာကို တွေ့ရပါတယ်။ ဖြေရှင်းပြီးသား နည်းပညာတစ်ခုကိုလည်း ဒီမှာအပင်ပန်းခံပြီး Develop ထပ်မလုပ်ဘဲ ဘယ်လို အသုံးပြုရမလဲဆိုတာကို စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ ဖြေရှင်းပြီးသား အရာတစ်ခုကို ယူသုံးလိုက်တာက အသက်သာဆုံး၊ အကောင်းဆုံးပါပဲ။ တကယ်လို့ ဖြေရှင်းပြီးသားရှိပြီးသားဆိုရင်လည်း အဲဒါကို ကျွန်တော်တို့က လူတွေသိအောင် မိတ်ဆက်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးချင်တဲ့ဆန္ဒမျိုး ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အိုင်တီလုပ်ငန်းဈေးကွက်အခြေအနေ

အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ IT နဲ့ပတ်သက်ရင် ဈေးနည်းနည်းသက်သာပါသေးတယ်။ အခုတစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ ဈေးတက်လာပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေကနေ Outsource အပ်တဲ့အခါမှာလည်း ဒါက စဉ်းစားစရာအချက်တစ်ခုဖြစ်လာပါတယ်။ ဒါကပြည်တွင်းကလူတွေအတွက် ကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ပြည်တွင်းကလူတွေ ဝင်ငွေများလာတဲ့အခါကျတော့ နိုင်ငံခြားထွက်အလုပ်လုပ်စရာ မလိုတော့ပါဘူး။ ဒါကကောင်းတဲ့အချက်ဖြစ်လို့ ကျွန်တော်တို့လည်း အားပေးပါတယ်။ ဒါပေမဲ့ ဈေးနှုန်းတက်လာတာနဲ့အမျှ ပြည်တွင်းကလူတွေရဲ့ အရည်အသွေးလည်း တက်လာစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံကလူတွေက Program ရေးတာကိုပဲ ပိုအားသာနေကြပါတယ်။ တကယ်တော့ Program ရေးတယ်ဆိုတာက တကယ့်အစပိုင်းလေးပဲရှိပါသေးတယ်။ Design ပိုင်းတို့ ၊ Specification သတ်မှတ်တာ၊ Program တစ်ခု၊ System တစ်ခုရေးမယ်ဆိုရင် ဘာတွေလိုအပ်တယ်ဆိုတာမျိုးကို တွေးတတ်ပြီး System Engineer level မျိုးကမှ နိုင်ငံခြားဈေးကွက်နဲ့ ယှဉ်မယ်ဆိုရင် ကိုယ့်အတွက် Impression ရှိပါမယ်။ ဒါမှလည်း ပြည်တွင်းဈေးကွက်ရဲ့ အရည်အသွေးကလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

ဖြူလဲ့မွန်