စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းထက်မှာ ကာလရှည်ရပ်တည်ခဲ့ကြတဲ့ ကုမ္ပဏီလုပ်ငန်းဟောင်းတွေရဲ့ နေရာကို ဆန်းသစ်တီထွင်မှုတွေနဲ့ ကုမ္ပဏီလုပ်ငန်းအသစ်တွေ အစားထိုးဝင်ရောက်လာတဲ့ဖြစ်စဉ်ကို သြစတြေးလျနွယ်ဖွား အမေရိကန်စီးပွားရေးပညာရှင် Joseph Schumpeter က ဆန်းသစ်တီထွင်မှုကြောင့် ပျက်သုဉ်းမှု ''Creative Destruction'' လို့ အမည်ပေးခဲ့ပါတယ်။ Schumpeter ရဲ့ ပြန်လည်ဆန်းသစ်မှု စီးပွားရေးအယူအဆတွေဟာ မျက်မှောက်ကာလမှာတော့ ဟောင်းနွမ်းသွားခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ''Creative Destruction'' ဖြစ်စေတဲ့ Silicon Valley က နည်းပညာ ကုမ္ပဏီတွေကအစ တရုတ်နိုင်ငံက တန်ဖိုးနည်းသံမဏိရောင်းချသူတွေအထိ အားလုံးကိုထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ နာမည်ကြီးနိုင်ငံရေးသမားတွေအပေါ်ကိုသာ စိတ်ပျက်နေတဲ့ အလုပ်သမားတွေက ယုံကြည်အားကိုးလာကြပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ ခုလို ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုအကျိုးဆက်တွေဟာ ကုမ္ပဏီနဲ့အလုပ်သမားတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေ ပြဋ္ဌာန်းချက်အသစ်တွေကို ပယ်ဖျက်ခံရတဲ့အထိ ဦးတည်သွားမှာကို စိုးရိမ်ပူပန်လာကြပါတယ်။ ဗျူရိုကရေစီကြိုးနီစနစ်နဲ့ အခွန်အတုတ်ကိစ္စတွေကသာ စီးပွားရေးလုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တာ မဟုတ်ပါဘူး။ အထောက်အထားတွေကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အမြစ်တွယ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးအမြတ်ကို ခွဲဝေမှုမညီမျှမှုဟာ ပိုပြီးနက်ရှိုင်းလာတာကို သိသိသာသာထောက်ပြလာကြပါတယ်။
ကုမ္ပဏီလုပ်ငန်း၊ ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် လူတိုင်းအကျိုးခံစားခွင့်ရှိသင့်တယ်လို့ လက်ခံထားကြပါတယ်။ ပိုမိုကောင်းမွန်လာပြီး ဈေးနှုန်းချိုသာတဲ့ ကုန်ပစ္စည်းအသစ်တွေနဲ့ ရရှိလာနိုင်တဲ့ ဝန်ဆောင်မှုတွေကြောင့် လူနေမှုအဆင့်အတန်း ပိုပြီးမြင့်မားလာသင့်တယ်လို့လည်း စီးပွားရေးပညာရှင်တွေက ယုံကြည်ကြပါတယ်။ ဒါအပြင် လူတွေရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုရရှိသုံးစွဲနိုင်မှု ပြောင်းလဲလာခဲ့သလို ကုမ္ပဏီ လုပ်ငန်းသစ်တွေအနေနဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေလည်း ဖန်တီးပေးသင့်ပါတယ်။ ကောင်းစွာလည်ပတ်နေတဲ့ စီးပွားရေးတစ်ခုမှာ အလုပ်သမားလိုအပ်ချက်ကို အပြည့်အဝထောက်ပံ့ပေးနိုင်ဖို့ လိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုလို အလိုအလျောက်ဖြစ်လာဖို့ကတော့ မလွယ်လှပါဘူး။ လတ်တလော သုတေသန စစ်တမ်းကောက်မှုတွေအရတော့ ဒါဟာ ဝင်ငွေတိုးတက်လာမှုရဲ့ အခြေအနေအကြောင်းတရားပေါ် မူတည်နေပါတယ်။ Utrect တက္ကသိုလ်က ဥရောပစီးပွားရေး သုတေသနစင်တာက Terry Gregory နဲ့ Ulrich Zierahn တို့ရဲ့ သုတေသနစာတမ်းတွေမှာတော့ ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်ကြား ဥရောပနိုင်ငံ ၂၃၈ နိုင်ငံအတွင်း နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုကြောင့် အလုပ်လက်မဲ့ဖြစ်ပေါ်မှုတွေနဲ့ စက်ယန္တရားတွေ၊ ကွန်ပျူတာနည်းပညာတွေနဲ့ အလုပ်လုပ်ဖို့မလွယ်ကူတဲ့ လုပ်ငန်းတွေအပေါ် လေ့လာထားခဲ့ပါတယ်။ လေ့လာမှုခန့်မှန်းချက်တွေအရ အလုပ်သမားတွေနေရာမှာ နည်းပညာနဲ့ စက်ပစ္စည်းတွေ တိုက်ရိုက်အစားထိုးမှုတွေကြောင့် ဥရောပမှာ အလုပ်အကိုင် ဆယ်သန်းနီးပါး လျော့ကျစေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေဟာ အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနိုင်ခဲ့ပြီး တချို့လုပ်ငန်းတွေမှာ အလိုအလျောက်လုပ်ဆောင်တဲ့ စက်ယန္တရားတွေကြောင့် ကုန်ကျစရိတ်လျော့ချပေးနိုင်ခဲ့တာတွေလည်း ရှိလာခဲ့ပါတယ်။ ခုလိုကုန်ကျစရိတ်လျော့ချနိုင်ခြင်းက ကုန်ပစ္စည်းကို ဈေးနှုန်းချိုသာစေလို့ ဝယ်လိုအားကို မြင့်တက်လာစေပြီး ဥရောပမှာ အလုပ်အကိုင်အခွင့်အလမ်း ကိုးသန်းကို ပြန်လည်ဖန်တီးနိုင်ခဲ့တာကိုလည်း တွေ့ရပါသည်။ ခုလိုတိုးတက်မှုအကျိုးအမြတ်ဟာ ပိုငွေလစာ အကျိုးအမြတ်ကို စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေမှာ သုံးစွဲမယ့် အလုပ်သမားဈေးကွက်ဆီကို ခွဲဝေစီးဆင်းသင့်တယ်လို့ အစီရင်ခံရေးသားသူက အကြံပြုပါတယ်။
ပိုပြီးအရေးကြီးတာက ခုလိုအပြောင်းအလဲရဲ့ ဆင့်ကဲအကျိုးသက်ရောက်မှုတွေဟာ လက်ရှိအခြေအနေမှာတော့ အားလုံးအတွက် ပြင်းထန်တဲ့ရိုက်ခတ်မှု ဖြစ်စေတာပါ။ အဓိကအကျိုးသက်ရောက်မှုကတော့ နည်းပညာအသစ်တွေက ရရှိတဲ့ဝင်ငွေဟာ ဘယ်နေရာကို စီးဆင်းသွားသလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ လေ့လာဆန်းစစ်သူတွေက လက်ရှိဆင့်ကဲအပြောင်းအလဲတွေနဲY အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေတိုးပွားလာမှုဟာ အလုပ်အကိုင်နေရာ ၁၂ သန်းကျော်ထိရှိနိုင်ပြီး ယခင်ဥရောပမှာ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာမှုစုစုပေါင်းနှုန်းရဲ့ ထက်ဝက်ခန်Yရှိပါတယ်။ ဒါပေမဲ့ ခုလို အကျိုးအမြတ်အားလုံးဟာ ဥရောပအတွင်းမှာသာ လည်ပတ်စီးဆင်းနေဖို့ လိုပါတယ်။ တကယ်လို့ အကျိုးအမြတ်အားလုံးဟာ ပြည်ပကို စီးဆင်းသွားမယ်ဆိုရင်တော့ အလုပ်အကိုင်လိုအပ်ချက်ဟာ အတန်အသင့်မြင့်တက်နိုင်ပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှုဟာလည်း နှစ်သန်းထက်ပိုပြီး လျော့ကျသွားမှာပါ။ ဒါကြောင့် လုပ်ငန်းတွေရဲ့ အကျိုးအမြတ်ဟာ ပြည်တွင်းမှာ လည်ပတ်စီးဆင်းမှသာ အလိုအလျောက်လုပ်ဆောင်တဲ့ နည်းပညာစက်ပစ္စည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် များစွာသောအခွင့်အလမ်းတွေကို ဆောင်ကြဉ်းပေးနိုင်မှာပါ။
အမေရိကန်စီးပွားရေး လေ့လာသုံးသပ်သူတွေက စီးပွားရေးအင်အားခွဲဝေမှုနဲ့ ပြဿနာတွေကိုလည်း အကြံပြုခဲ့ကြပါတယ်။ တွေးခေါ်ပညာရှင်များအဖွဲ့ Roosevelt Institute က Mike Konczal နဲ့ Marshall Steinbaum တို့ရဲ့ စာတမ်းသစ်တစ်ခုမှာတော့ အမေရိကန်ရဲ့ စီးပွားရေးအင်အားကျဆင်းလာမှုအပေါ် စိုးရိမ်ပူပန်မှုကို ပြန်လည်ဆန်းစစ်ခဲ့ကြပါတယ်။ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေမှာ အလုပ်သမားခန့်ထားမှုနှုန်းဟာ မြင့်တက်လာခဲ့ပြီး တည်ထောင်စ အလျင်အမြန် တိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းသစ်တွေမှာတော့ အလုပ်သမားသုံးစွဲခန့်အပ်မှုနှုန်း နည်းပါးလာခဲ့ပါတယ်။ ဒါဟာ အမေရိကန်က အလုပ်သမားတွေရဲ့ အမူအကျင့် ပြောင်းလဲမှုနဲ့လည်း ဆက်စပ်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်သေးတဲ့ အရွယ်ရောက်ပြီးသူတွေဟာ ငယ်ရွယ်စဉ် အလုပ်အကိုင်အမျိုးအစား ရွေးချယ်မှုဟာ ရေရှည် အောင်မြင်မှုအတွက် အရေးကြီးလှတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မြို့သစ်တွေကိုပြောင်းရွှေ့ပြီး အလုပ်အကိုင်ရွှေ့ပြောင်းမှု နည်းပါးလာကြပုံ ရပါတယ်။
ဖြစ်နိုင်ခြေကတော့ ဥပဒေစည်းကမ်းတွေက အမေရိကန်တွေကို အလုပ်သစ်နေရာသစ် ပြောင်းရွှေ့မှုကို ဟန့်တားထားလို့ ဖြစ်နိုင်ပါတယ်။ တချို့သုတေသီတွေကလည်း ခွင့်ပြုချက်လိုင်စင် လိုအပ်ချက်များပြားလာတာက လုပ်ငန်းခွင်အမျိုးမျိုးကို ဝင်ရောက်ဖို့ အခက်အခဲတစ်ခုဖြစ်စေတယ်လို့ ထောက်ပြပါတယ်။ နောက်တစ်ချက်ကတော့ အလုပ်အကိုင်နေရာကနေထိုင်စရိတ် မြင့်မားမှုပါ။ Mike Konczal နဲ့ Steinbaum တို့ကတော့ ခုလိုအကြောင်းပြချက်တွေက အမေရိကန်ရဲ့ စီးပွားရေး အင်အားဆုတ်ယုတ်မှုအတွက် ခိုင်လုံတဲ့အကြောင်းပြချက်တွေတော့ မဟုတ်ဘူးလို့ ကောက်ချက်ချပါတယ်။
Mike Konczal နဲ့ Steinbaum တို့က ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေအတွက် ဈေးကွက်ပြိုင်ဆိုင်ဖို့ မလိုဘူးဆိုတဲ့အမြင်ကို ကန့်ကွက်ကြသူတွေပါ။ အမေရိကန်ရဲ့ စီးပွားရေးကော်ပိုရေးရှင်းကမ္ဘာဟာ အထွတ်အထိပ်အထိ တိုးတက်အောင်မြင်လာခဲ့ပြီး ဈေးကွက်ပြိုင်ဆိုင်မှု လျှော့ချခဲ့လို့လည်း အကျိုးအမြတ်များများ ရရှိခဲ့ကြပါတယ်။ လတ်တလော နှစ်ပိုင်းအတွင်းမှာလည်း နိုင်ငံဝင်ငွေအချိုးအနေနဲ့ စီးပွားရေးအကျိုးအမြတ်ရရှိမှုဟာ ရာစုနှစ်ဝက်အတွင်း အမြင့်ဆုံးရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်မှာတော့ ပေါ်ပေါက်လာတဲ့ ကုမ္ပဏီအသစ်တွေအနေနဲ့ အလုပ်သမား ငှားရမ်းမှုတွေက ကုမ္ပဏီကြီးတွေကို လုပ်သားအသုံး စရိတ်အတွက် ငွေကြေးပိုသုံးစွဲဖို့ ဖိအားတစ်ခု ဖြစ်လာစေပါတယ်။ လုပ်ခလစာအသုံးစရိတ်ဟာ အကျိုးအမြတ်ထက် တိုးတက်မှုပိုမြန်လာရင်တော့ အလုပ်အကိုင် လိုအပ်ချက်လည်း ပိုပြီးမြင့်တက်လာနိုင်ပါတယ်။ ဗျူရိုက ရေစီကြိုးနီစနစ်က လုပ်သားအင်အားအတွက် ငွေကြေးပုံအောပြီး ရင်းနှီးမြှုပ်နှံမှုကို ဟန့်တားနိုင်တာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ စီးပွားရေးဆန်းသစ်တီထွင်မှုတွေက အကျိုးအမြတ်ကြီးကြီးမားမား ထွက်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးမှာ ကုမ္ပဏီကြီးတွေအနေနဲ့ အလုပ်သမားတွေကို ဆွဲဆောင်နိုင်ဖို့ ဈေးကွက်ပြိုင်ဆိုင်မှု လိုအပ်လာမှာပါ။
Ref: Hire Power, Economist
ကိုဇေ (ရေဦး)