အလုပ်ထုတ်ခံရမှာ၊ အလုပ်ထွက်ရမှာတွေအပေါ် စိုးရိမ်ပူပန်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုတွေ ရှိတယ်ဆိုတာ အတိအကျဆိုရင်တော့ နှလုံးရောဂါ အပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ လေ့လာချက်အသစ်တွေအရ ပြောပြပါမယ်။
သိထားပြီးသားအချက်များ - ငွေရေးကြေးရေး အကျပ်အတည်းတွေနဲ့ တစ်ကမ္ဘာလုံးမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာကြောင့် အလုပ်ရှင်တွေဟာ အလုပ်သမားခေါ်ယူရာမှာ ပြောင်း လွယ် ပြင်လွယ်တဲ့နည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။ အလုပ်နေရာတွေမှာ ပြန်လည်ဖွဲ့စည်းမှုတွေရှိနေလို့ ဝန်ထမ်းတွေဟာ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ် ပူပန်မှုတွေ မြင့်မားလာစေပါတယ်။ - စိတ်ဖိစီးမှုတွေဟာ နှလုံးအလုပ်လုပ်ရာမှာ သက်ရောက်မှုတွေ ရှိတယ်လို့ သိထားတာကြာပါပြီ။ ဆရာဝန်တွေကလည်း နှလုံးရောဂါပြဿနာရှိတဲ့လူနာအချို့မှာ တစ်ခါတလေ အလုပ်က ရရှိလာတဲ့ စိတ်ဖိစီးမှုတွေပါ ခံစားနေရတယ်ဆိုတာလည်း သိပြီးသားပါ။ ဒါပေမဲ့ အလုပ်အတွက် စိုးရိမ်ပူပန်မှုတွေဟာ နှလုံးရောဂါတွေ အပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိတယ်ဆိုတာ လေ့လာဖို့အတွက် သီးသန့်လေ့လာမှုတွေတော့ မရှိသေးပါဘူး။ - ဒီလေ့လာမှုအသစ်ဟာ ဥရောပနဲ့ US က လူပေါင်း ၁၇၀,၀၀၀ လောက်မှာ အလုပ်လုံခြုံမှု မရှိခြင်းနဲ့ နှလုံးရောဂါဆက်စပ်မှုအတွက် ဆန်းစစ်ထားတဲ့လေ့လာ ချက် ၁၇ ခုကို လေ့လာထားခြင်းပါ။ လေ့လာမှုမှာ ပါဝင်တဲ့ လူတွေထဲမှာ နှလုံးရောဂါရှိတဲ့သူ ၁,၈၀၀ လောက် ပါပါတယ်။ ဒီလေ့လာချက်ဟာ အလုပ်ဖိစီးမှုနဲ့ နှလုံးရောဂါ အတွက် အချက်အလက် အများဆုံးလေ့လာမှု ဖြစ်ပါတယ်။
လေ့လာမှုအသစ်မှ တွေ့ရှိချက်များ ဒီလေ့လာချက်မှာ အလုပ်အာမခံချက်မရှိခြင်းနဲ့ နှလုံးရောဂါတို့ ဆက်နွှယ်မှု ရှိပါတယ်လို့ တွေ့ရပေမဲ့ ခိုင်ခိုင်မာမာတော့ တပ်အပ်မပြောနိုင်ပါဘူး။ ဆက်နွှယ်မှုဟာ လုပ်ခ နည်းတဲ့အလုပ်တွေနဲ့ အသက်ကြီးတဲ့သူတွေမှာ ခိုင်မာမှုရှိတာ တွေ့ရပါတယ်။
ဘယ်လောက်ထိ တိကျအားထားနိုင်သလဲ ဒီသုတေသနမှာ အလုပ်လုံခြုံတည်ငြိမ်မှုနဲ့ နှလုံးရောဂါအတွက် ခိုင်မာတဲ့ဆက်သွယ်မှု မတွေ့ရတဲ့အတွက် ရလဒ်တွေကို အများကြီး ကြည့်နေစရာတော့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ရလဒ်က မရှင်းလင်းရင် အကြောင်းအရာတစ်ခုက နောက်အကြောင်းအရာတစ်ခုကို ဖြစ်စေပါတယ်လို့ ပြောရမှာ ခက်ခဲတာကြောင့်ပါ။ - သုတေသနပညာရှင်တွေ မသေချာတာက အလုပ်အတွက် စိုးရိမ်ပူပန်မှုတွေဟာ နှလုံးရောဂါအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေ ရှိ၊ မရှိ ဆိုတာကိုပါ။ အခြား အကြောင်း အချက်အလက်တွေ ရှိနေသေးလို့ပါ။ - ဥပမာအားဖြင့် ဒီလေ့လာမှုမှာ ဝင်ငွေနည်းတဲ့သူတွေဟာ အလုပ်အာမခံချက်မရှိတဲ့အပြင် နှလုံးရောဂါ ပါရနိုင်တယ်ဆိုတာ တွေ့ရပေမဲ့ အခြားလေ့လာမှုတွေရဲ့ ရလဒ်တွေနဲ့ ပေါင်းလိုက်တဲ့အခါ ဝင်ငွေနည်းတဲ့သူတွေဟာ နှလုံးရောဂါရနိုင်ခြေ ပိုများခြင်းဟာ အခြားအကြောင်းပြချက်တွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန် မလုပ်ခြင်း၊ အဝလွန်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သုတေသနလေ့လာသူတွေ သိပြီးသားကြောင့်ပါ။ - ဒါအပြင် သုတေသနပညာရှင်တွေရဲ့ အခြားလေ့လာချက်တွေဟာ ဘယ်လိုလေ့လာထားတယ်၊ အလုပ်လုံခြုံတည်မြဲမှု မရှိခြင်းကို ဘယ်လိုအဓိပ္ပာယ်ဖွင့်တယ် ဆိုတာ တိတိကျကျ မသေချာပါဘူး။ အလုပ်သမား လျော့ချခြင်းနဲ့ ရင်ဆိုင်ရခြင်း စတဲ့ အသေးစိတ်အချက်တွေ ထည့်သွင်းချင်ပေမယ့် စိတ်ဖိစီးမှုတွေဟာ အလုပ်ကြောင့် လား၊ အခြားအကြောင်းအရာကြောင့်လားဆိုတာ သိဖို့ မဖြစ်နိုင်ပါဘူး။ ဥပမာ- စိတ်ကျရောဂါရှိနေရင် အလုပ်တကယ်လုံခြုံမှုမရှိတာထက် အလုပ်အပေါ် ဒီအတိုင်းစိုးရိမ် ပူပန်နေနိုင်လို့ပါ။
ကျွန်တော်တို့အတွက် ဘယ်လိုအကျိုးကျေးဇူးရနိုင်မလဲ အလုပ်တည်မြဲဖို့ အာမခံချက်မရှိခြင်းနဲ့ နှလုံးရောဂါဆက်စပ်မှုအတွက် ဒီလေ့လာချက်ဟာ ရလဒ်နည်းပါတယ်။ ဆရာဝန်တွေကလည်း အလုပ်မှာ စိတ်ဖိစီးခြင်းဟာ သင့် ကျန်းမာရေးကို ထိခိုက်ပါတယ်လို့ မသေချာပေမဲ့ စိတ်ဖိစီးတာဟာ သင့်အတွက် မကောင်းနိုင်ပါဘူး။ ဒါကြောင့် သင်ဟာ အလုပ်မှာ အကျပ်အတည်း၊ အခက်အခဲတွေ နဲ့ တွေ့နေရပြီး သင့်ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်ဆိုရင် ဒီစာပိုဒ်ဟာ သင့်အခက်အခဲတွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ သင့်ဝန်ထမ်းတွေ နဲ့ ဆွေးနွေး တိုင်ပင်ဖို့၊ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကူအညီပေးပါလိမ့်မယ်။