Work From Home

Work From Home နဲ့ပတ်သက်ပြီး ဇွန်လထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းထဲမှာ ပါဝင်ခဲ့တဲ့ AYA Bank ရဲ့ Managing Director ဖြစ်သူ ဦးမြင့်ဇော်နှင့်တွေ့ဆုံမေးမြန်းထားတာကို CEO ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

Work From Home ရဲ့ Pros & Cons

Work From Home ရဲ့ Pros & Cons လို့ပြောရင်သုံးဘက်ရှိပါတယ်။ အလုပ်ရှင်ဘက်၊ အလုပ်လုပ်သူဘက်နဲ့ အိမ်တွေဘက်ဆိုပြီး ၃ ခုရှိပါတယ်။ အလုပ်ရှင်ဘက်ကပြောရရင် Pros အနေနဲ့ပြောရရင် WFH လို့ပြောတဲ့အတွက် တကယ်လို့ အဆင်သင့်ပြင်ထားတယ်(အခုအခြေအနေမတိုင်ခင်ကတည်းက) WFH အတွက်လေ့ကျင့်ထားတယ်၊ အခုမှ စလုပ်တာမဟုတ်ဘူးဆိုရင်တော့ သူများထက်သူက အကျိုးရှိပါတယ်။ အလုပ်ရှင်ဘက်က ပထမအချက်သူသည် အိမ်မှာနေတဲ့သူတွေကို ဘယ်လိုခိုင်းမလဲ၊ ဘယ်သူတွေကို ဘယ်လိုလုပ်မလဲဆိုတာ စနစ်ရှိတယ်၊ ဒီလူတွေကို သူဘယ်လို Manage လုပ်မလဲဆိုတာလည်းရှိတယ်။ နောက်ပြီးတော့ လိုအပ်တဲ့ Conference တွေဘာတွေကိုလည်း ပြင်ဆင်ထားပြီးဖြစ်နေတယ်ဆိုတာဖြစ်နေတဲ့အတွက် သူ့အတွက် အကျိူးအမြတ်ကရှိတယ်။

ဒုတိယအချက်အနေနဲ့ သူ့အတွက်အကျိုးအမြတ်က WFH ဖြစ်တဲ့အတွက်သူ့မှာ စရိတ်သက်သာတယ်။ ရုံးအတွက် မီးဖွင့်စရာမလိုဘူး၊ တခြားအသုံးစရိတ်တွေမလိုဘူး၊ Transportation တွေကကားတွေသုံးစရာမလိုဘူး စတဲ့အတွက် စရိတ်တွေသက်သာပါတယ်။

တတိယအချက်အနေနဲ့သူ့အတွက်က ဘာကောင်းသလဲဆိုတော့ WFH ဖြစ်တဲ့အတွက် သူသည်အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ဘယ်သူ့ကိုဘယ်တာဝန်ပေးရမလဲဆိုတာကို သီး ခြားခွဲချပေးလို့ရတယ်။ အရင်တုန်းကလို ”မင်းတို့ ပြန်ပြော .. ” ဆိုတာမျိုးလုပ်စရာမလိုပါဘူး။ အဲဒီအကျိုးကျေးဇူးက ဘာဖြစ်လဲဆိုတော့ ဝန်ထမ်းထဲမှာ ဘယ်သူကရေသာခိုသလဲ၊ ဘယ်သူက အလုပ်မလုပ်ဘူးလဲ၊ ဘယ်သူက ပါးစပ်နဲ့ပဲပြောပြီး အလုပ်လုပ်တယ်ဆိုတာ ပေါ်လွင်သွားပါတယ်။ ဒါတွေက အလုပ်ရှင်ဘက်ကပါ။

အလုပ်လုပ်တဲ့ သူတွေအတွက်ကတော့ WFH ဖြစ်တဲ့အတွက်စောစောကက ကျွန်တော်စကားခံခဲ့သလိုပဲ … တကယ်လို့များ WFH က (၁) ဟိုးအရင်ကတည်း စနစ်တကျပြင်ဆင်ထားပြီး Exercise လုပ်ထားတာ၊ ကြိုတင်သင်တန်းပေးထားတာမျိုးရှိတယ်ဆိုရင် စနစ်ကျတယ်၊ အဲဒီအတွက်ရလဒ်ကောင်းတွေကို ရလေ့ရထရှိပါတယ်။ အလုပ်သမားဘက်က သူတို့လုပ်နေတဲ့ အဖွဲ့အစည်းက ကြိုတင်ပြင်ဆင်ထားတဲ့အဖွဲ့အစည်းတစ်နည်းအားဖြင့် Covid-19 မဖြစ်ခင်ကတည်းကိုက Business continuity planning (BCP) ရဲ့ အစိတ်အပိုင်းတစ်အခုအရပြင်ဆင်ထား၊ လေ့ကျင့်ထားတဲ့အဖွဲ့အစည်းဆိုရင် WFH ရဲ့ရလဒ်ဟာ ရုံးတက်တဲ့ရလဒ်နဲ့ သိပ်ပြီးအကွာကြီးမရှိဘူး။ ဒါပေမဲ့ များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ခုလိုဖြစ်မှ WFH Policy တွေဘာတွေစလုပ်ကြရတော့ အခက်အခဲရှိတယ်။ ဒါကြောင့် ဝန်ထမ်းတွေဘက်ကပြောရရင် သူတို့ကို တချို့နေရာတွေမှာ စနစ်တကျမခိုင်းတတ်တဲ့အခါမှာ WFH မှာ တချို့နေရာမှာ လိုတဲ့အချိန်ထက်ပိုပြီးလုပ်ရတာရှိတယ်။ တချို့ကျတော့လည်း ဘာခိုင်းရမှန်းမသိတဲ့အတွက် ဝန်ထမ်းကအိမ်မှာ WFH တောင်မဟုတ်တော့ဘူး။ Stay Home ဖြစ်သွားတယ်။ အိမ်မှာနေ Viber ကနေ ဖုန်းလေးခေါ်မှ၊ ZOOM ကနေခေါ်မှ Conference Meeting လေးတက်လိုက် Messenger လေးနဲ့ Chatting လေးလုပ်လိုက်၊ တောင်းတဲ့ Email လေး ဝင်ဖြေဆိုတာမျိုး ဖြစ်သွားတယ်။ စားပွဲရှေ့ထိုင်ပြီးတော့ အလုပ်လုပ်စရာမလိုတဲ့ အခွင့်အရေးတွေရှိလာပါတယ်။ ဒါက အလုပ်လုပ်လုပ်သူတွေ ဘက်မှာရှိတဲ့ကိစ္စပါ။ သူတို့အတွက်ကောင်းတဲ့အချက်နဲ့ ဆိုးတာပြောရရင် ကောင်းတာကတော့ အိမ်မှာအလုပ်လုပ်တဲ့အတွက် ရုံးမှာအလုပ်လုပ်သလောက်တော့ အဝတ်အစားပြင်ဆင်စရာနဲ့ သွားတဲ့လာတဲ့အချိန်သက်သာတယ်။ မကောင်းတဲ့အချက်ကတော့ တစ်ခါတလေကျတော့ ကိုယ့်ဌာနနဲ့တင်မဟုတ်ဘဲ တခြားဌာနနဲ့ချိတ်ဆက်လုပ်ရတဲ့ အချိန်ကျတော့ ချက်ချင်းလက်ငင်းမဖြစ်ဘဲနဲ့ သူ့ပြန်ခေါ်ဦးချိတ်ဦးဆိုတာမျိုး တွေ့ရှိလေ့ရှိတယ်။

Majority အနေနဲ့ပြောရရင် တော်တော်များများက မြန်မာနိုင်ငံမှာကိုယ့်လူတွေကို WFH ဆိုပြီး လုပ်လိုက်ပေမယ့် သူတို့ကိုဘာခိုင်းရမလဲ၊ ဘယ်အချိန်၊ ဘယ်လိုခိုင်းရမလဲဆိုတာ မသိတာမျိုးရှိလာတယ်။ အဲဒီမှာလည်း ဝန်ထမ်းတွေဘက်မှာ စိတ်ဓာတ်တစ်ခုထားရမှာက ဒီအချိန်က သာမန်အချိန်မဟုတ်ဘူး၊ သာမန်အချိန် မဟုတ်တဲ့အခါမှာ လိုအပ်ရင်လိုအပ်သလို လုပ်ပေးရမှာတာဝန်ဖြစ်တယ်ဆိုတာလေးတော့ စိတ်ထဲထားရမယ်လို့ ထင်ပါတယ်။ အလုပ်လုပ်တဲ့လူဘက်က ပြန်အကျဉ်းချုပ်ပြောရရင် နံပါတ်တစ် – ကိုယ်အလုပ်လုပ်တဲ့အဖွဲ့အစည်းက WFH အတွက် နဂိုကတည်းက Structure ချရရင် အလုပ်သမားဘက်က ဘယ်အချိန်ဘာလုပ်ရမယ်မှန်းသိတယ်။ တကယ်လို့မဟုတ်ရင် ဘယ်အချိန် Laptop ဖွင့်ရမယ်၊ ဘယ်အချိန်အလုပ်ထိုင် လုပ်ရမယ်ဆိုတာမျိုးမသိတဲ့ အခက်အခဲရှိမယ်။ ဘာခိုင်းမလဲမသိတဲ့အခါ လာတဲ့ဟာကိုပဲ ထိုင်ဖြေနေရတာမျိုးရှိတယ်။ တစ်ခါတလေကျတော့လည်း အလုပ်ချိန်ပြင်ပမှာလည်း လုပ်ပေးရတာမျိုးရှိမယ်၊ တစ်ခါတစ်လေမှာ Capicity Limitation ကိုကျော်ပြီးခိုင်းတဲ့အခါ အခက်အခဲတွေ့တာမျိုးရှိပါတယ်။ ဒါကတော့ ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ပါတွဲပြီးပြောလိုက်တာပါ။

အပေါ်ကပြောခဲ့တဲ့ထဲမှာမှ အဓိကက ဘာတွေ့လိုက်လဲဆိုတော့ … အရင်တုန်းကတော့ အလုပ်ရှင်ရော၊ အလုပ်သမားဘက်ကရော … ငါ့မှာတော့ ဝန်ထမ်းဘယ် လောက်ရှိတယ်၊ ဘယ်သူတွေကို ဘယ်လောက်အလုပ် အကိုင်ပေးနိုင်တယ်၊ ဘာရာထူးတွေရှိတယ်.. စသဖြင့် Image ၊ Reputation တို့ကိုပြောကြတယ်။ အခုကတော့ အဲဒါတွေထက်စာရင် နှစ်ဘက်စလုံးက Result ပဲလိုချင်ကြတော့တယ်။ Result Orientative ကိုပဲကူးသွားပြီလို့ ပြောလို့ရပါတယ်။

ကျွန်တော်က ဘက်သုံးဘက်ရှိတယ်လို့ ပြောခဲ့တာပါ။ အဲဒီထဲကနောက်ဆုံးတစ်ခုက အိမ်တွေပါ။ အိမ်တွေမှာနေတဲ့အခါကတော့ အရင်ကဆို မနက်အစောကြီးထ၊ အိမ်ကနေရုံးသွားကြသူတွေက အိမ်တွေမှာနေတဲ့အခါ အိမ်မှာနေရင်းထိုင်ရင်း စရိတ်တွေပိုတက်လာတယ်။ အိမ်မှာနေ၊ မီးသုံး၊ အဲယားကွန်းဖွင့်စတဲ့အခါ-မီတာခတွေ တိုးလာမယ်။ အင်တာနက်ဖိုးတွေ ပိုပေးရလာတာတွေရှိမယ်။ နောက်ပြီးတော့ အိမ်မှာနေတဲ့အခါ စားတဲ့အခါကျမှာ စားတာတွေများတဲ့အခါ အိမ်စရိတ်တစ်လုံးတစ်ခဲတည်းတက်လာတာ တွေရှိတယ်။ ဒါကြောင့် ရုံးတွေမှာ စရိတ်ကာမိတယ်ဆိုပေမဲ့ အဲဒီကာမိတဲ့စရိတ်တွေက အိမ်မှာပြန်ပြီး တက်လာဆိုတာတွေ့ရပါတယ်။

WFH အတွက်ကုမ္ပဏီအနေနဲ့က ဘယ်လိုစည်းကမ်းချက်တွေချမှတ်ပြီးလုပ်ထားသလဲ

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့က Bank ဖြစ်တဲ့အတွက် Risk and compliance ဌာနကြီး တစ်ခုအနေနဲ့ အမြဲတမ်းရှိနေတယ်။ နှစ်တိုင်းနှစ်တိုင်း ဖြစ်လာနိုင်တဲ့တွေကိုတွက်ထားရတယ်။ Reputation Risk ၊ Business Risk ၊ Climate Risk စသဖြင့်တွက်ထားရတာ။ ဒီတစ်ခေါက်လည်း Climate Risk လောက်လည်း ကျွန်တော်တို့ကစဉ်းစားထားတာပါ။ Pandemic Risk ဆိုတာမျိုးတော့ ထည့်မစဉ်းစားထားပါဘူး။ အမှန်အတိုင်းပြောရရင်တော့ BCP မတိုင်ခင်မှာ BPP – Business Protection Plan ဆိုတာရှိသေးတယ်။ ကိုယ့်ရဲ့ စီးပွားရေးကို ရှေ့ဆက်ဆက်သွားနေနိုင်ဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို အကြမ်းအားဖြင့် ချထားတာရှိတယ်။ ဒါကတော့ နှစ်စဉ်လုပ်နေကျအလုပ်တစ်ခုအနေပါ။ ဒီနှစ်ကတော့ ဒါကိုလေ့ကျင့်ရမယ့်အနေအထားရောက်လာတာပါ။ Social Distancing ကို စပြီးစဉ်းစားပြီဆိုတဲ့အခါမှာ တစ်အချက် ဘဏ်တစ်ခုလုံးမှာ Group တွေခွဲပေးထားရတယ်။ Team A ,Team B ဆိုပြီး အစုခွဲထားတဲ့အခါမှာ Supervisor နဲ့ဝန်ထမ်းဘက်မျ ဘက်မျှအောင်ခွဲရတယ်။ Team တစ်ခုတစ်ခုခုဖြစ်ရင် နောက် Team တစ်ခုက ဆက်သွားလို့ရအောင်။ ပြီးတော့ Location တွေရှာထားရတယ်။ အခုလုပ်ခွဲတာမျိုးက ဘဏ်ခွဲအကုန်လုံးကိုလုပ်ထားရတာပါ။ ဒါက မူလသွားနေကျ Plan ဖြစ်တယ်။ ခုက WFH တွေဖြစ်တဲ့အခါမှာ Location တွေရှာထားပေမယ့် သုံးစရာမလိုတော့ဘဲ Team A ကဒီတစ်ပတ် WFH ဆိုရင် Team B ရုံးသွားတက်ဆိုတာမျိုး အလှည့်ကျလုပ်လိုက်ရပါတယ်။ အဓိကဒီခေတ်မှာ Challenge က နည်းပညာပဲ။ ဒါကို မဖြစ်ခင်ကတည်းက ကျွန်တော်တို့က နည်းပညာနဲ့ပတ်သက်လို့ နည်းစပ်သွားအောင် ဒါတွေမဖြစ်ခင်တည်းက Confrence Call ကို တစ်လတစ်ခါလုပ်ထားရတာပါ။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီရောဂါကပ်ကြီးက ဘယ်သူမှမကြုံဖူးတဲ့အရာလေ။ ကျွန်တော်တို့က စာရွက်စာတမ်းအရ လေ့ကျင့်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်လာတဲ့အခါမျိုးမှာ ဘာမှမဆိုင်တော့ဘူး။ တကယ်ကြုံရတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ကျွန်တော်တို့က အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးလုပ်သွားရပါတယ်။ Plan အားဖြင့်တော့ရှိတယ်၊ လေ့ကျင့်တာမျိုးလည်း လုပ်ထားတယ်။ လက်တွေ့က အခုမှအားလုံးလုပ်ရတဲ့အခါမှာ အတွေ့အကြုံတွေတော့ရပါတယ်။

WFH နဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အတွေ့အကြုံ

ကျွန်တော်တို့က ဘဏ်ဖြစ်တဲ့အတွက် ဆက်လက်ပြီး ဖွင့်ပေးပါဆိုတဲ့အမိန့်က စဖြစ်ကတည်းက ဗဟိုဘဏ်ကထွက်ထားပြီးသားဆိုတော့ ကျွန်တော့်အနေနဲ့က Team A , Team B တွေနဲ့အလှည့်ကျ WFH ဆက်သွားနေရတာဆိုပေမဲ့ ကျွန်တော်ကတော့ရုံးမှာ အမြဲတမ်းရှိနေရပါတယ်။ ဒါပေမဲ့ တစ်ခုက System ပိုင်းထက်စာရင် Operation ပိုင်းက နည်းနည်းလေးနည်းသွားတဲ့အတွက် အဓိကတော့ ဒီအချိန်မှာဝန်ထမ်းတွေကို Motivation လုပ်ပေးနေရပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် Personally ပြောရရင် မနက်အစောကြီးထပြီး လမ်းလျောက်တတ်တဲ့ဘဝကို စွန့်လွှတ်လိုက်ရပြီး အိပ်ရေးဝအောင်အိပ်ပြီး ရုံးသွားရတယ်။ စဉ်းစားချိန်အများကြီးပိုရတယ်၊ ဒီ COVID-19 ပြီးသွားရင် အရင်လိုဖြစ်တော့မှာမဟုတ်တဲ့အတွက် အဲဒီအချိန်ကျရင် ဘာတွေလုပ်ရမလဲဆိုတာတွေကို အများကြီးစဉ်းစားချိန်ရသွားပါတယ်။

ဝန်ထမ်းတွေကို အကြံပြုချက်

ကျွန်တော်အကြံပြုချင်တာကတော့ ဒီရောဂါကပ်ကြီးပြီးသွားရင် လူတွေကအရင်လိုခရီးသွားတာတို့ ပြန်လုပ်ကြတော့မယ်။ ကိုယ်တိုင်လည်း ခရီးသွားချင်ကြတယ်။ ဒါပေမဲ့ အရင်လို အတိအကျပြန်ဖြစ်မယ်မထင်တော့ဘူး။ အခုက Social Media ,Technology အားကောင်းနေတဲ့အချိန်ပါ။ လုပ်ငန်းရှင်၊ အလုပ်ပေးတဲ့လူတွေက ဒီဖြစ်စဉ်မှာ စရိတ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးထမ်းထားရတယ်ဆိုတာ ပိုသိသွားတယ်။ ပိုက်ဆံမရတဲ့အတွက်အဲဒီအပေါ်မှာ သူနည်းနည်း အခက်အခဲဖြစ်တယ်။ ဒီဖြစ်စဉ်နောက်ပိုင်း ဝန်ထမ်းတွေအနေနဲ့ Result-Orientative သမားဖြစ်သေးရင်တော့ ကာလံဒေသံနဲ့ညီနေဦးမယ်ထင်ပါတယ်။ Result-Orie-ntative သမားဆိုတာက ဝန်ထမ်းတစ်ယောက်က သူ့ကိုပေးထားတဲ့ လစာ၊ Facility နဲ့ တခြားခံစားခွင့်တွေထက် သူ့ရဲ့လုပ်အားကပိုပါတယ်ဆိုတာပြနိုင်သေးတယ်၊ လုပ်ငန်းကြီးတစ်ခုလုံး လည်ပတ်နေဖို့အတွက် လိုအပ်တဲ့မောင်းနှင်အားပေးဖို့ လည်ပတ်တဲ့နေရာမှာ ကိုယ်ကခွေးသွားစိပ်ကလေးတစ်ခုအနေနဲ့ ပါနေသေးတယ်ဆိုရင် အဆင်ပြေပါတယ်။Result-Orientative သမားဆိုတာကလည်း Technology နဲ့ Flexibility ကိုလည်း စစဉ်းစားရပါတော့မယ်။ နည်းပညာကတော့လိုကိုလိုပါတယ်။ Flexibility ဆိုရင်လည်း သူ့ဌာန၊ ကိုယ့်ဌာနမှ ဆိုတာမျိုးမဟုတ်ဘဲ အားလုံးကို မျှမျှတတတွေးတာမျိုးစဉ်းစားရပါမယ်။

ဝန်ထမ်းတွေအနေနဲ့ကတော့ အခုနောက်ပိုင်းမှာ အဖွဲ့အစည်းတစ်ခုကို ကိုယ်ဘယ်လောက် Contribute လုပ်နိုင်သလဲဆိုတာကို လူတိုင်းသိအောင် ကိန်းဂဏန်းတွေနဲ့ပါပြနိုင်ဖို့ ပြင်ဆင်တွက်ချက်ထားဖို့ လိုလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ရေရှည်ရပ်တည်နိုင်ဖို့နည်းသွားပါပြီ။ ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် Technology ၊ Marketing ၊ Flexibility နဲ့ဖြည့်ပါလို့အကြံပေးချင်ပါတယ်။ တစ်ချိန်ချိန်မှာလူကြီးတွေက ကိုယ့်ကိုယ်လာဆွေးနွေးရင် ကုမ္ပဏီအတွက် ကိုယ်ရှာပေးနေတာကတော့ ဒီလောက်ပမာဏရှိတယ်။ ကိုယ်က ဘယ်လောက်ရပေမဲ့ ဘယ်လောက်ပမာဏပိုရှာပေးနိုင်တယ်ဆိုတာမျိုး ပြန်လည်အချက်အလက်နဲ့ တင်ပြဆွေးနွေးနိုင်တယ်ဆိုရင်တော့ အလုပ်ရှင်ဘက်ကလည်း ဒီဝန်ထမ်းကငါ့အတွက်အရေးကြီးပါလားဆိုတာကို သိသွားပါလိမ့်မယ်။