အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ Donald Trump က ရွေးကောက်ခံခဲ့ရပါတယ်။ နိုင်ငံရေးသမားမဟုတ်ဘဲ စီးပွားရေးသမားက တိုင်းပြည်တစ်ခုကို ပဲ့ကိုင်မှာမို့ အရင်သမ္မတတွေနဲ့ တူမှာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ အပြောအဆို၊ အပြုအမူ၊ မူဝါဒတွေက အမေရိကန်ပြည်သူတွေအကြား ဝိဝါဒကွဲစရာ၊ ငြင်းခုံစရာ ဖြစ်ခဲ့သလို တစ်ကမ္ဘာလုံးကလည်း ဘယ်လိုအပြောင်းအလဲ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့ရွေးချယ်မှုကိုလည်း အားလုံးက မျက်လုံးဒေါက်ထောက် ကြည့်နေကြပါတယ်။ အမျိုးမျိုးလည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။
သူ့ရဲ့ သမီးကို သံတမန် ခန့်မယ်၊ အိမ်ဖြူတော်ကို ခေါ်မယ်စတဲ့အသံတွေ ထွက်လာတယ်။ သမီး Ivanka ဟာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံမှုမှာ အဓိက ပါဝင်ခဲ့တယ်ဆိုတော့ ဟုတ်နိုင်လောက်ရဲ့လို့လည်း စဉ်းစားမိကြတယ်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှာတော့ Ivanka ရဲ့ အမျိုးသားဖြစ်သူ Kushner ကို အိမ်ဖြူတော်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မယ်ဆိုတဲ့ တရားဝင်ကြေညာချက် ထွက်ပေါ်လာပါတယ်။ ဒီလို မိမိရဲ့သမက်ကို အနီးဆုံးအကြံပေးခန့်အပ်ခြင်းဟာ ဆွေမျိုးကောင်းစားရေးဝါဒဖြစ်ပြီး သူ့ရဲ့ကိုယ်ကျိုးစီးပွားဆိုင်ရာ ဆက်နွှယ်မှုတွေ ရောနှောပါဝင်လာနိုင်တာကြောင့် ကန့်ကွက်ကြပါတယ်။
ဒါပေမဲ့ Kushner ဟာ Donald Trump ရဲ့ ရွေးကောက်ပွဲတစ်လျှောက်လုံးမှာ အောင်နိုင်ရေးအတွက် သစ္စာရှိရှိ အနီးကပ်ဆောင်ရွက်ခဲ့သူ၊ Donald Trump ရဲ့ အယုံကြည်ရဆုံးသူတစ်ဦး ဖြစ်နေပါတယ်။
သူ့ရဲ့လုပ်ရည်ကိုင်ရည်၊ သစ္စာရှိမှုနဲ့ သွေးသားတော်စပ်မှုတို့ကြောင့် သမ္မတ Donald Trump ရဲ့ အယုံကြည်ရဆုံး အတိုင်ပင်ခံတစ်ယောက် ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာကြောင့်လည်း သူ့ရဲ့သြဇာဟာ အလွန်ကြီးလိမ့်မယ်လို့ တွက်ဆကြတယ်။
အိုဘားမားအစိုးရအဖွဲ့က တာဝန်လွှဲပြောင်းမယ့်အဖွဲ့ဝင်တွေက ပေါ်လစီပိုင်းနဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့်ကို တိုက်ရိုက်မပြောဘဲ သမ္မတကို သြဇာညောင်းမယ့် Kushner ကို ပြောရင်ပိုထိရောက်မယ်လို့ စဉ်းစားနေကြရနေပါပြီ။
Donald Trump ရဲ့ လာမယ့်သမ္မတသက်တမ်းမှာ Kushner ရဲ့အမည်ကို မကြာခဏ တွေ့မြင်ကြရတော့မှာပါ။ ဒါကြောင့် Kushner ရဲ့အကြောင်းနဲ့ သူ့ရဲ့လုပ်ပုံကိုင်ပုံ၊ လုပ်ရည်ကိုင်ရည်တွေကို CEO ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
Jared Kushner . . .
Donald Trump မှာ ဇနီးသုံးယောက်ရှိပြီး ပထမဇနီးနဲ့ သားသမီးသုံးယောက် မွေးဖွားခဲ့ပါတယ်။ သားနှစ်ယောက် သမီးတစ်ယောက်ဖြစ်ပြီး Jared Kushner ဟာ သမီး Ivanka Trump ရဲ့ ခင်ပွန်းဖြစ်ပါတယ်။
Kushner ဟာ အော်သိုဒေါ့စ်ဂျူးလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အဘိုးအဘွားတွေဟာ နာဇီအကျဉ်းစခန်းက လွတ်မြောက်ခဲ့ပြီး ပိုလန်နိုင်ငံကနေ အမေရိကန်ကို ပြောင်းရွှေ့အခြေချခဲ့ကြတာပါ။
Kushner ရဲ့ မိဘတွေဟာ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပါတယ်။ Kushner ဟာ ဟားဗတ်ကောလိပ်ကို တက်ခဲ့ပါတယ်။ သတင်းစကားတွေအရ Kushner နဲ့ သူ့ညီတို့ဟာ သူတို့အဖေက ဟားဗတ်တက္ကသိုလ်ကို ဒေါ်လာ ၂ ဒသမ ၅ သန်းလှူဒါန်းပြီးနောက် တက်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အရည်အချင်းမရှိတဲ့ သူဌေးသားသက်သက်တော့ မဟုတ်ဘူး။ ကျောင်းတက်နေစဉ်ကာလမှာပဲ မက်ဆာချူးဆက်ပြည်နယ်က အဆောက်အအုံတွေ အရောင်းအဝယ်လုပ်ရင်း ဒေါ်လာသန်း ၂၀ လောက် အမြတ်ရခဲ့တယ်လို့ ဆိုပါတယ်။
Kushner ဟာ နယူးယောက်တက္ကသိုလ်က ဥပဒေဘွဲ့၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့တို့ကို ရခဲ့ပါတယ်။ (သူ့အဖေက နယူးယောက်တက္ကသိုလ်ကို သူဘွဲ့မရခင်မှာ ဒေါ်လာသုံးသန်း လှူဒါန်းခဲ့ပါတယ်။)
ဘွဲ့ရပြီးနောက် Kushner ဟာ မြေယာရင်းနှီးမြှုပ်နှံသူအဖြစ် မိသားစုပိုင် Kushner Companies မှာ ဝင်ရောက်လုပ်ကိုင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ Kushner Companies ရဲ့ CEO ဖြစ်လာခဲ့ပြီး ထင်ရှားတဲ့ရင်းနှီးမြှုပ်နှံမှုက နယူးယောက်ရဲ့ အသည်းနှလုံးဖြစ်တဲ့ Time Square ဧရိယာက Time Square အဆောက်အအုံရဲ့ ပိုင်ဆိုင်မှုရှယ်ယာ ၅၀ ဒသမ ၁ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၂၉၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာပဲ Forbes မဂ္ဂဇင်းရဲ့ အသက် ၄၀ အောက် သြဇာအရှိဆုံး လူငယ်လုပ်ငန်းရှင်စာရင်းမှာ Kushner က နံပတ် ၂၅ နေရာမှာ ဖော်ပြခံခဲ့ရပါတယ်။
Kushner ဟာ ၂၀၀၆ ခုနှစ်မှာ New York Observer သတင်းစာကို ဒေါ်လာဆယ်သန်းနဲ့ ဝယ်ခဲ့ပါတယ်။ ဒီပိုက်ဆံဟာ သူတက္ကသိုလ်ကျောင်းသားဘဝက အိမ်ယာရင်းနှီးမြှုပ်နှံမှုလုပ်ရင်း ရလာတဲ့အမြတ်ငွေလို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ Kushner ဟာ သတင်းစာကို Online မှာ ပိုမိုကျယ်ပြန့်အောင်လုပ်ဆောင်ရင်း Observer Media Group ကို တိုးချဲ့တည်ထောင်ခဲ့ပါတယ်။ ခုအချိန်မှာ New York Observer ကို ဝင်ရောက်ကြည့်ရှုသူဟာ တစ်လကို ခြောက်သန်းရှိနေတယ်လို့ သိရပါတယ်။ သမ္မတရွေးကောက်ပွဲပြိုင်နေချိန် ၂၀၁၆ ခုနှစ် နှစ်စပိုင်းမှာ Donald Trump ကို ထောက်ခံတဲ့ Media ဟာ လက်တစ်ဆုပ်စာပဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနည်းပါးတဲ့အထဲကမှ New York Observer ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘယ်သမ္မတလောင်းဘက်ကမှ ဝင်မပါတော့ဘူးဆိုပြီး ထောက်ခံမှုကို ရပ်ဆိုင်းခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ အကြီးတန်းအကြံပေးအဖြစ် ရွေးချယ်ခံရတာကြောင့် Kushner ဟာ Kushner Companies နဲ့ Observer Media တို့ကနေ နုတ်ထွက်ရမှာဖြစ်ပါတယ်။
Kushner ရဲ့ လုပ်ဆောင်ချက် . . .
Donald Trump ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ Kushner ရဲ့လုပ်ဆောင်ချက်တွဟာ အရေးပါခဲ့ပါတယ်။ Kushner ဟာ Trump ရဲ့ အောင်နိုင်ရေးအတွက် Digital ၊ Social Media နဲ့ Online မဲဆွယ်မှုတွေကို ဦးစီးလုပ်ဆောင်ခဲ့ပါတယ်။
Trump ရဲ့သမ္မတယှဉ်ပြိုင်ရေးခရီးဟာ ဖြောင့်ဖြောင့်ဖြူးဖြူး မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲအလယ်လောက်မှာ အဓိက Campaign Manager ဖြစ်သူ Corey Lewandowski အထုတ်ခံလိုက်ရပြီးတဲ့နောက် Kushner က ဆက်လက်တာဝန်ယူခဲ့ပါတယ်။ ဒီကာလတစ်လျှောက်လုံးမှာ Kushner ဟာ Trump ရဲ့ ယုံကြည်ကိုးစားမှုကို လုံးဝရရှိခဲ့ပါတယ်။ သူ့သားသမီးအရင်း လေးယောက်ထက်ပိုပြီး ယုံကြည်ခြင်းခံရတယ်လို့ ဆိုပါတယ်။
Kushner ရဲ့ New York Observer သတင်းစာကို Online မှာပေါက်အောင် လုပ်ခဲ့တဲ့အတွေ့အကြုံဟာ Trump ရဲ့ သမ္မတယှဉ်ပြိုင်ရေးလှုပ်ရှားမှုမှာ အလွန်အထောက်အကူရခဲ့ပါတယ်။ တကယ်တော့ မဲဆွယ်တဲ့နေရာမှာ Social Media နဲ့ Online ကို စသုံးခဲ့တာ သမ္မတ Obama ဖြစ်ပါတယ်။ Hillary Clinton ကလည်း Obama ရဲ့ ခြေရာကိုနင်းပြီး Online ကနေ မဲဆွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မီဒီယာအသုံးချရေးဗျူဟာမှာ သမားရိုးကျမီဒီယာ (ပုံနှိပ်နဲ့အသံလွှင့်မီဒီယာ)တွေကို ပိုအားပြုထားပါတယ်။ အဲဒီမှာ ခေတ်နဲ့အညီ Online နဲ့ Social Media ကို အားပြုသုံးစွဲခဲ့တဲ့ Trump ကို မယှဉ်နိုင်ဘဲ ဖြစ်သွားရပါတယ်။
Google ရဲ့ CEO ဟောင်း Clinton ရဲ့ Campaign Technology System ကို ဒီဇိုင်းဆွဲပေးတဲ့ Eric Schmidt ကတောင် Kushner ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲရဲ့ အံ့သြစရာအကောင်းဆုံးသူပါပဲလို့ ဖွင့်ဟချီမွမ်းခဲ့ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ နောက်ခံကူညီပံ့ပိုးသူအနည်းဆုံးနဲ့ ဖြစ်အောင်လုပ်သွားတာလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တကယ်လည်း စတင်မဲဆွယ်စဉ်ကာလမှာ သူ့ကို ကူညီထောက်ပံ့လုပ်ကိုင်ပေးမယ့်သူတွေ မရှိခဲ့ပါဘူး။ အဲဒီအခြေအနေကနေ ဖြစ်မြောက်အောင်မြင်အောင် လုပ်ကိုင်နိုင်မှုရယ်၊ Trump ရဲ့ သူ့အပေါ်ရှိနေတဲ့ ပုဂ္ဂိုလ်ရေးယုံကြည်မှုရယ်က လာမယ့်လေးနှစ်သက်တမ်းမှာ Kushner ကို သမ္မတအပေါ်သြဇာအညောင်းဆုံးသူ ဖြစ်စေခဲ့ပါတယ်။ အရင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger က ကျွန်တော်သိသမျှ သမ္မတတွေထဲမှာ သူ့ရဲ့ပင်ကိုသိစိတ်အရနဲ့၊ ကျွမ်းကျင်မှုအရ ယုံကြည်စိတ်ချရဆုံးသူတစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက် ရှိတယ်။ Kushner ဟာ Trump အတွက်တော့ အဲဒီလို လူပါလို့ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲကာလတစ်လျှောက်မှာ လူအတော်များများက Trump ဘက်က မပါဝင်ချင်ကြဘူး။ ရှုံးမယ့်မြင်းကို မစီးချင်တာအပြင် နာမည်ပျက်မှာကိုလည်း စိုးရိမ်ကြတယ်။ Kushner က လူတော်တော်များများကို Trump အတွက် ကူညီလုပ်ပေးအောင် ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့နေရာမှာ Kushner ဟာ စိတ်ချရသူ၊ နှုတ်လုံသူ၊ မပေါက်ကြားသူအဖြစ် နာမည်ရပါတယ်။ ကျွန်တော် အခွန်နဲ့ပတ်သက်တဲ့ ပေါ်လစီကျွမ်းကျင်သူကို ငှားတဲ့အခါ ကတိကဝတ်နှစ်ခုနဲ့ ငှားခဲ့ရတယ်။ တစ်ခုက သူဟာ Trump အတွက် ကူညီလုပ်ပေးနေတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောရဘူး၊ နောက်တစ်ခုက ဝန်ဆောင်ခ နှစ်ဆပေးရမယ်ဆိုတဲ့ အချက်တွေပါပဲလို့ Kushner က ပြောပြပါတယ်။
Trump ကို ရွေးကောက်ပွဲမှာ အနိုင်ရစေမယ့်ဗျူဟာဟာ Trump နဲ့ Kushner တို့ Trump ရဲ့ ဘိုးရင်း 757 ယာဉ်ထဲမှာ အတူစီးနင်းလာရင်းက စခဲ့ပါတယ်။ ရွေးကောက်ပွဲလှုပ်ရှားမှုမှာ ဆိုရှယ်မီဒီယာကို သိပ်မသုံးဖြစ်တာကို ဆွေးနွေးရင်း Trump က Kushner ကို သူ့ Facebook Page ကို ဦးစီးတာဝန်ယူစီမံပေးဖို့ ပြောပါတယ်။
တကယ်တော့ Trump ဟာ ခေတ်ပေါ် Online မီဒီယာနဲ့ အကျွမ်းတဝင်မရှိပါဘူး။ သတင်းအချက်အလက်တွေကို ပုံနှိပ်နဲ့ရုပ်မြင်သံကြားမီဒီယာတွေကပဲ ရယူလေ့ရှိသူပါ။ သူ့အနီးပတ်ဝန်းကျင်မှာ ခေတ်ပေါ် Online မီဒီယာနဲ့ အကျွမ်းဝင်ဆုံးသူဟာ Kushner တစ်ယောက်ပဲ ရှိတာပါ။
ကျွန်တော့်ရဲ့ ဆီလီကွန်တောင်ကြားက သူငယ်ချင်းတချို့ကို ခေါ်လိုက်တယ်။ ကမ္ဘာပေါ်မှာအတော်ဆုံး Digital Marketer တချို့ပေါ့။ ပြီးတော့ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မေးလိုက်တယ်။ သူတို့က သူတို့အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေကို ကျွန်တော့်လက်ထဲထည့်ပေးလိုက်ကြတယ်လို့ Kushner က ပြန်ပြောပြပါတယ်။ သူတို့က Facebook ကနေ ရည်ရွယ်ပရိသတ်တွေဆီကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သင်ပေးကြတယ်။ Kushner က အဲဒီလူတွေဆီကို Trump ရဲ့ ဆောင်ပုဒ်တွေပါဝင်တဲ့ ဦးထုပ်၊ တီရှပ် စတာတွေကို ဆိုရှယ်မီဒီယာကပဲ ရောင်းချဖြန့်ချိပေးပါတယ်။
ဒီနေရာမှာတော့ Kushner က စီးပွားရေးဆန်တယ်။ ရည်ရွယ်ပရိသတ်တစ်ဦးစီအတွက် အနည်းဆုံး ကုန်ကျစရိတ်သုံးပြီး အများဆုံးသတင်းစကားပျံ့နှံ့သွားဖို့ လုပ်ဆောင်ပါတယ်။ Trump ရဲ့ အသုံးစရိတ်ကို Clinton ရဲ့ အသုံးစရိတ်တစ်ဝက်ကျော်လောက်ပဲဖြစ်အောင် စီမံခဲ့ပါတယ်။
Trump ကလည်း ရွေးကောက်ပွဲကို အမှီပြုပြီး လုပ်စားတာ မလိုလားဘူး။ တို့သုံးလိုက်တဲ့ တစ်ဒေါ်လာတိုင်းဟာ တို့စီးပွားရေးလုပ်သလိုပဲ အကျိုးအမြတ်ရဖို့ သေချာပါစေလို့ မှာခဲ့သူပါ။
သမ္မတရွေးကောက်ပွဲမှာ Kushner ဟာ ရှေးဟောင်းမဲဆွယ်မှုပုံစံတွေနဲ့ ခြားနားစွာ ဆီလီကွန်တောင်ကြားက စွန့်ဦးတီထွင်သမားတွေလို စဉ်းစားပြီး စီးပွားရေးဆန်ဆန် လုပ်ဆောင်ခဲ့တာကြောင့် အောင်မြင်ခဲ့တာလို့ ဆိုကြပါတယ်။
ကျွန်တော်တို့ဟာ ပြောင်းလဲဖို့ နောက်မတွန့်ခဲ့ဘူး၊ ကျွန်တော်တို့ဟာ ဈေးအသက်သာဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် စဉ်းစားလုပ်ကိုင်တယ်။ အလုပ်မဖြစ်တဲ့ဟာဆိုရင်လည်း မြန်မြန်ဆန်ဆန်ပဲ ရပ်ပစ်လိုက်တယ်။ ဆုံးဖြတ်ချက် မြန်မြန်ချတယ်။ မှားသွားရင်လည်း ချက်ချင်းပြင်တယ်။ အလုပ်ဖြစ်တဲ့ဟာကို ဦးစားပေးလုပ်ကိုင်တယ်လို့ Kushner က ပြောပါတယ်။
နေ့စဉ်မဲထည့်သူ တစ်သိန်းဆီကို Social Media ကနေ ကြော်ငြာတွေ ပို့ပေးပါတယ်။ သူ့ရဲ့ဗျူဟာက ထိရောက်တယ်။ အမေရိကန်သမိုင်းမှာ အချမ်းသာဆုံး သမ္မတလောင်းဖြစ်တဲ့ Trump ဟာ လေးလအတွင်းမှာ နည်းနည်းချင်း ရန်ပုံငွေပေးကြတဲ့ ထောက်ခံသူတွေဆီက ဒေါ်လာ သန်း ၂၅၀ ရန်ပုံငွေအဖြစ် ကောက်ခံရရှိခဲ့ပါတယ်။ ရည်ရွယ်ပရိသတ်ရဲ့ အကြိုက်နဲ့ စိတ်နေစိတ်ထားတွေကို Data Base ဖွင့်ပြီး စုစည်းနိုင်ခဲ့တာကြောင့် Trump အောင်ပွဲရဲ့ အခြေခံအချက်ဟာ Data နဲ့ စွန့်ဦးတီထွင်စိတ်ဓာတ်လို့ ပြောစမှတ် ဖြစ်သွားခဲ့ပါတော့တယ်။ Kushner ဟာ လာမယ့် လေးနှစ်၊ ဒါမှမဟုတ် ရှစ်နှစ်အတွင်း အိမ်ဖြူတော်မှာ ဒုတိယသမ္မတပြီးရင် သြဇာအာဏာအရှိဆုံးသူဖြစ်မှာလို့ မီဒီယာသူဌေးကြီး Rupert Murdoch က နိမိတ်ဖတ်ထားပါတယ်။
ခါတိုင်း အမေရိကန်သမ္မတတွေနဲ့ မတူတဲ့ စီးပွားရေးသမားသမ္မတ၊ စွန့်ဦးတီထွင်စိတ်ဓာတ်နဲ့ သမ္မတရဲ့သမက် အကြီးတန်းအကြံပေးတို့ဟာ အိမ်ဖြူတော်ကို ရောက်ရှိလာပါပြီ။ လာမယ့် လေးနှစ်ကာလမှာ အမေရိကန်နိုင်ငံကို ဘယ်လိုဦးဆောင်မောင်းနှင်မလဲဆိုတာ စောင့်ကြည့်ကြပါစို့လို့ တိုက်တွန်းဝေငှလိုက်ပါတယ် ခင်ဗျာ။
ရိုးဆက်
Ref : wikipedia, forbes