နွားချေးတောက ငှက်ကလေး

ငှက်ကလေးတစ်ကောင်ဟာ ဆောင်းခိုဖို့ တောင်ဘက်ကို ပျံသန်းနေရင်း ရာသီဥတု တအားအေးလာတဲ့အတွက် ငှက်ကလေးဟာ အေးခဲပြီး မြေကြီးပေါ်ထိုးကျရာကနေ လယ်ကွင်းကြီးတစ်ခုထဲ ရောက်သွားရောတဲ့။ အဲဒီလယ်ကွင်းထဲမှာ လဲနေတုန်း ငှက်ကလေးရဲ့အပေါ်ကို နွားမတစ်ကောင်က အညစ်အကြေးစွန့်ချလိုက်တယ်။ နွားချေးပုံထဲ ရောက်သွားတဲ့ ငှက်ကလေးဟာ တစ်ကိုယ်လုံးအေးခဲလောက်အောင် ခံစားနေရရာကနေ အနွေးဓာတ်ရပြီး သက်သောင့်သက်သာ ဖြစ်သွားသတဲ့။ အတော်လေးနေလို့ထိုင်လို့ကောင်းပြီး စိတ်ချမ်းသာလာလို့ သီချင်းတောင် အသံထွက် ဆိုလိုက်မိသတဲ့။ ဒါပေမဲ့ ငှက်ကလေးရဲ့ တေးသံကို ဖြတ်သွားဖြတ်လာ ကြောင်တစ်ကောင်ကြားသွားပြီး သီချင်းသံကြားရတဲ့ နွားချေးပုံကို စိတ်ဝင်တစား လာကြည့်ရသတဲ့။ တေးသံကြားရာ နွားချေးပုံကို ယက်ဖြဲလိုက်ရာက ငှက်ကလေးကိုလည်းတွေ့ရော ဖျတ်ခနဲဆွဲယူပြီး စားပစ်လိုက်ပါသတဲ့။

ynn1

ဥပဒေသ ။    ။

၁။ သင့်အပေါ်ကို အညစ်အကြေးတုံး ပစ်ချသူတိုင်းဟာလည်း သင့်ရန်သူ မဟုတ်တတ်ပါ။

၂။ သင့်ကို အညစ်အကြေးပုံထဲက ဆွဲထုတ်ယူတိုင်းလည်း သင့်မိတ်ဆွေမဖြစ်နိုင်ပါ။

၃။ အညစ်အကြေးပုံထဲနစ်နေတဲ့ အခြေအနေမျိုးရောက်တဲ့အခါ အကောင်းဆုံးက သင့်ပါးစပ်ကို ပိတ်ထားဖို့ပါ။

ရီနေနိုင်