သန်းပေါင်းများစွာသော လူတွေဟာ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ အာဟာရဓာတ် ဖြည့်ဆည်းဖို့အတွက် ဗီတာမင်ဆေးလုံးတွေကို ဒေါ်လာဘီလီယံနဲ့ချီပြီး အကုန်အကျခံ သုံးစွဲကြပါတယ်။ ဒါပေမယ့် ထင်ရှားတဲ့ လတ်တလောလေ့လာမှု နှစ်ခုအရ အဲဒီလို အားဖြည့်ဆေးတွေ သောက်သုံးတာဟာ ဦးနှောက်ကောင်းစေတာ၊ နှလုံး ကျန်းမာရေး ထိန်းသိမ်းပေးတာစတဲ့ အာနိသင်တွေ မရှိဘူးလို့ ဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရ အကြံပေးအဖွဲ့ဖြစ်တဲ့ အမေရိကန်ရောဂါကာကွယ်ရေးဝန်ဆောင်မှု အထူးလုပ်ငန်းအဖွဲ့က နိုဝင်ဘာလမှာ အစီရင်ခံစာ မူကြမ်းတင်သွင်းရာမှာ အများလက်ခံထားတဲ့ အားဆေးတွေနဲ့ အချို့သော အာဟာရဓာတ်တွေဟာ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ ဆိုလိုက်ပါတယ်။ ဗီတာမင် အားဖြည့်ဆေးတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ ဆွေးနွေးအကြံပြုထားတာတွေကတော့ - - အားဆေးတွေရဲ့ တန်ဆေး၊ လွန်ဘေး အန္တရာယ် ဗီတာမင်အားဆေး တစ်မျိုး (ဥပမာ ဗီတာမင် A ရဲ့ Beta-carotene ဓာတ်) ကို တစ်ကြိမ်တည်းနဲ့ ပမာဏအများကြီး မှီဝဲတာဟာ အန္တရာယ်များတယ်လို့ မကြာသေးမီက သုတေသနများက ဖော်ပြခဲ့ပါတယ်။ Multivitamin တွေဟာ တစ်နေ့တာ လိုအပ်တဲ့ အာဟာရပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်း ထက်ပိုပြီး ပါဝင်လေ့မရှိပါဘူး။ အာဟာရ ချို့တဲ့နိုင်တဲ့ အခြေအနေတွေမှာ အကာအကွယ်ရအောင် ရည်ရွယ်ပြီး ဗီတာမင်တွေကို ဈေးကွက်တင်တာ ဖြစ်ပါတယ်။ ဒီဆေးတွေကို အထွေထွေ ကျန်းမာရေးအတွက် များသောအားဖြင့် မှီဝဲလေ့ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ - နောက်ဆုံး တွေ့ရှိချက်များ အသက်ကြီးလာရင် သွက်ချာပါဒ Alzheimer's ရောဂါ ဖြစ်တတ်လာတဲ့အတွက် ဗီတာမင်တွေ ရေရှည်မှီဝဲစေတာက အသက်ကြီးသူတွေရဲ့ ဦးနှောက်ကို အကျိုးပြုသလားဆိုပြီး ဟားဗတ်သုတေသီတွေဟာ အသက် ၆၅ နှစ်အထက် အမျိုးသား ဆရာဝန် ၆၀၀၀ နီးပါးကို ဆယ်နှစ်ကြာ လေ့လာခဲ့ပါတယ်။ ရလဒ်ကတော့ ဗီတာမင် မှီဝဲသူတွေဟာ မမှီဝဲသူတွေထက် မှတ်ဉာဏ်နဲ့ အခြားသော သိမှုဆိုင်ရာ စမ်းသပ်မှုတွေမှာ ပိုကောင်းမလာဘူးလို့ တွေ့ရှိခဲ့ကြောင်း Annals of Internal Medicine ဆေးပညာစာစောင်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ - အဆိုပါ ဟားဗတ်သုတေသနအရ ဗီတာမင်တွေရဲ့ အခြားအကျိုးကျေးဇူးများ ဗီတာမင် မှီဝဲသူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ၈ ရာခိုင်နှုန်းတော့ မဆိုစလောက် လျော့နည်းသွားပါတယ်။ ဒါပေမယ့် အစားအသောက်နဲ့ အားကစားက ကင်ဆာ မဖြစ်အောင် ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်တွေက လူကြီးတွေမှာ ဖြစ်တတ်တဲ့ မျက်စိရေတိမ် ဖြစ်နိုင်ခြေကိုလည်း လျော့နည်းသွားစေပါတယ်။ ဒါပေမယ့် နှလုံးရောဂါနဲ့ အခြားမျက်စိဝေဒနာတွေကိုတော့ ဗီတာမင်တွေက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ - အားဆေးသောက်သူတွေအတွက် သတိထားရမယ့် အချက်တွေ အလွယ်တကူ ဝယ်လို့ရတဲ့ အားဆေးတွေထဲက သင်မှီဝဲနေတဲ့ ဆေးအမျိုးအစားကို သင့်ဆရာဝန်ထံ အမြဲတမ်း ပြောပြသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အချို့ဗီတာမင်တွေဟာ အခြား ဆေးဝါးတွေနဲ့ ဓာတ်ပြုမှု ရှိပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် အာဟာရချို့တဲ့တယ်လို့ စိုးရိမ်မိရင်တော့ နေ့စဉ် စားသောက်နေတာတွေကို မိမိပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်လို့လည်း အကြံပေးထားပါတယ်။ Ref :
AP