ဗီယက်နမ်ဥပဒေစည်းမျဉ်း အပြောင်းအလဲတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေ စိုးရိမ်ပူပန်

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဟာ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးမီအချိန်က ဗီယက်နမ်ဟာ နိုင်ငံတကာမှာ အကောင်းဆုံးကျင့်သုံးနေမှုတွေနဲ့ အဆက်အစပ်မတည့်လှတဲ့ မူဝါဒနဲ့ စည်းမျဉ်းသတ်မှတ်ချက် အပြောင်းအလဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီပေါ်လစီနဲ့ စည်းမျဉ်းသတ်မှတ်ချက်အသစ်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို သူတို့ရဲ့ ရင်းနှီးမြှုပ်နှံထားမှုတွေမှာ အဟန့်အတားတွေ၊ စွန့်စားရမှုအန္တရာယ်တွေကို မြင်တွေ့သွားစေခဲ့တယ်။

အထက်ပါစကားကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham) ရဲ့ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ Adam Sitkoff က ပြောခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း(AmCham) ၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းရှင်ကြီးတွေပါဝင်တဲ့ ဗီယက်နမ်ကုန်သည်ကြီးများအသင်း (VCCI)  နဲ့ ဗီယက်နမ်နိုင်ငံရဲ့ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို  ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ 'ဗီယက်နမ်နိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မူဝါဒနှင့် စည်းမျဉ်းသတ်မှတ်ချက် ပြောင်းလဲမှုများဆိုင်ရာ စိန်ခေါ်မှုများ' လို့ အမည်ပေးထားတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ Adam Sitkoff က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

vlaw

ဒေါ်လာ ၁၆၅ ဘီလီယံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

---------------

ဗီယက်နမ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖွဲ့ (VAFIE) ရဲ့ ဥက္ကဋ္ဌဖြစ်သူ Nguyen Mai က ဗီယက်နမ်မှာ ရှိတဲ့ စီးပွားရေးကိန်းဂဏန်းအချက်အလက်တွေက စီးပွားရေးမှာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ အရေးပါမှုကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဗီယက်နမ်ဟာ နိုင်ငံပေါင်းတစ်ရာကျော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး နိုင်ငံတွင်းကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၅ ဘီလီယံထည့်ဝင်နိုင်ခဲ့တယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ FDI လုပ်ငန်းတွေရဲ့ ထည့်ဝင်မှုက ပြည်တွင်းဝင်ငွေရဲ့ ၁၉ ရာခိုင်နှုန်း၊ နိုင်ငံဂျီဒီပီရဲ့ ၁၉ ရာခိုင်နှုန်းနဲ့ ပို့ကုန်လည်ပတ်ငွေကြေးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ Mai က ဆိုပါတယ်။

ဒါပေမဲ့ Mai ဟာ Sitkoff ရဲ့အမြင်ကိုလည်း အသိပေးခဲ့ပါသေးတယ်။ တချို့သော တိုင်းပြည်ရဲ့မူဝါဒတွေအရ ညှိနှိုင်းမှုလုပ်ငန်းစဉ်တွေမှာ ရှေ့နောက်ညီညွတ်မှုကင်းမဲ့နေသလို၊ ပွင့်လင်းမြင်သာမှုလည်းမရှိပါဘူး။ ဒါက ရင်းနှီးမြှုပ်နှံသူတွေကို ရှုပ်ထွေးမှုတွေဖြစ်စေပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ရည်မှန်းချက်တွေ ချမှတ်ဖို့ရာ အခက်အခဲဖြစ်စေတယ်လို့ Sitkoff က ရှုမြင်ခဲ့တာဖြစ်ပါတယ်။

Mai က အခုလို ဆက်ပြောခဲ့ပါသေးတယ်။ ဗီယက်နမ်အစိုးရအနေနဲ့ ၂၀၀၆ ခုနှစ်ကတည်းက FDI စီမံကိန်းတွေအတွက် လိုင်စင်တွေထုတ်ပေးဖို့ရာ မြို့အဆင့်၊ ပြည်နယ်အဆင့်ကော်မတီတွေဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်အာဏာတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လို့ တချို့ကော်မတီတွေအနေနဲ့ ဒီလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့တာတွေ၊ သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်ပြီး ဥပဒေနဲ့မညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တွေရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နယ်မြေဒေသအလိုက် ကောင်းမွန်တဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေ ဖြစ်ထွန်းမလာတာ၊ ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုနေစဉ်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်စေတာတွေ ကြုံတွေ့ခဲ့ရပါတယ်။

Sitkoff ရဲ့ အပြောအရတော့ အမေရိကန်ကုမ္ပဏီတွေ ဗီယက်နမ်မှာ စီးပွားရေးလာလုပ်ကြတာဟာ ဗီယက်နမ်နိုင်ငံကို ကုန်ထုတ်လုပ်မှု ပိုအားကောင်းလာအောင်၊ ပိုပြီးအကျိုးဖြစ်ထွန်းလာစေအောင်၊ ဘေးကင်းလုံခြုံပြီး အဂတိကင်းစင်တဲ့ နိုင်ငံဖြစ်လာအောင်ကူညီပေးဖို့ အားထုတ်ကြိုးပမ်းမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ စိန်ခေါ်မှုတွေ၊ အလွန်အကျွံရှုပ်ထွေးပြီး ရေရေရာရာမရှိဘဲ၊ ကန့်သတ်ချက်တွေများတဲ့ လိုင်စင်ထုတ်ပေးမှုနဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်လုံးပေါ်မလာတာကို ကျွန်တော်တို့မကြာခဏဆိုသလို တွေ့မြင်နေရတယ်လို့ သူက ဆိုပါတယ်။

''ကျွန်တော်တို့ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အဖွဲ့ဝင်တွေအနေနဲ့ အခုထက်ပိုမျှမျှတတရှိပြီး ပိုပြီးပြိုင်ဆိုင်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်အောင် ကြီးမားတဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။ အဲဒီလိုပတ်ဝန်းကျင်မျိုးမှာ ဆုံးဖြတ်ချက်ချမှတ်မှုတွေ ပိုမြန်လာမယ်၊ လုပ်ထုံးလုပ်နည်းတွေမှာ ရှုပ်ထွေးမှုတွေ နည်းလာမယ်၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို မျှမျှတတပြဋ္ဌာန်းထားရမယ်၊ ကုမ္ပဏီတွေအနေနဲ့လည်း သူတို့ရဲ့အရည်အသွေးအပေါ်မှာ ပြိုင်ဆိုင်လာကြမှာ ဖြစ်သလို၊ မြေယာနဲ့အခွင့်အလမ်းတွေကို ရယူသုံးစွဲနိုင်ဖို့လည်း အပါအဝင် ဖြစ်ပါတယ်'' လို့ သူက ဆက်ပြောခဲ့ပါတယ်။

အထူးသဖြင့် အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၁၆-၂၀၁၉ ခုနှစ်ကာလအတွင်းမှာ မူကြမ်းရေးဆွဲခဲ့တဲ့ ဥပဒေတွေ၊ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေစည်းမျဉ်းတွေကို အပြောင်းအလဲတွေလုပ်ဖို့ရာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးခဲ့တဲ့အထဲမှာ အထူးစားသုံးမှုအခွန်ဥပဒေ၊ ဆေးဝါးဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ရန် လမ်းညွှန်အမိန့်အမှတ် 54/2017/ N-CP နဲ့ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွေအပါအဝင် အခွန်ဥပဒေငါးမျိုးကို ပြင်ဆင်တာတွေ၊ ထပ်မံဖြည့်စွက်တာတွေလုပ်ဖို့ ပါဝင်တာ တွေ့ရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဗီယက်နမ်ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Her-bert Cochran က မကြာခဏဥပဒေ စည်းမျဉ်းအပြောင်းအလဲလုပ်မှုတွေက ဗီယက်နမ်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုပြီးအန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်လာစေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ၊ လုပ်ငန်းတိုးချဲ့ဖို့ဖြစ်စေ ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရချက်ကို ခန့်မှန်းဖို့ရာ ငါးနှစ်မှဆယ်နှစ်ကြား စီးပွားရေးလုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲရမှာဖြစ်ပါတယ်။ အခွန်ကောက်ခံမှုအပြောင်းအလဲတွေက စီးပွားရေးစီမံချက်ကြီးတစ်ရပ်လုံးအပေါ် ပြောင်းပြန်သက်ရောက်မှုတွေ ဖြစ်စေပါလိမ့်မယ်။ ကုန်ကျစရိတ်တွေ တက်လာပြီး ဝင်ငွေတွေ နိမ့်ကျလာတာကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ်ပြန်ရချက်နှုန်း ကျဆင်းသွားတာ၊ ဒါမှမဟုတ် အချိန်ပိုကြာသွားတာတွေ ဖြစ်စေလိမ့်မယ်လို့ သူကဆက်ပြောခဲ့ပါတယ်။

အံ့ဘုန်းကျော်