ပြီးခဲ့တဲ့နှစ်အတွင်း ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပပို့ကုန် ၁၉ ရာခိုင်နှုန်းမြင့်တက်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပပို့ကုန်ရာခိုင်နှုန်းက ၁၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်နိုင်ငံနဲ့ ဗီယက်နမ်ကြား ကုန်သွယ်မှုမှာဆိုရင် ပို့ကုန်နဲ့ သွင်းကုန်ပမာဏက မျှတတဲ့အတွက် trade surplus ဖြစ်တာကိုတောင်တွေ့ရတယ်လို့ဆိုပါတယ်။ အမေရိကန်ဟာ ဗီယက်နမ်နိုင်ငံအတွက် အကြီးဆုံးပြည်ပပို့ကုန်ဈေးကွက်လည်းဖြစ်ပြီး အမြင့်ဆုံးနှုန်းနဲ့ပို့ကုန်တွေထုတ်ပို့နိုင်ခဲ့တယ်လို့ အစိုးရကထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ၂၀၂၁ ခုနှစ်တစ်နှစ်တာအတွက် စုစုပေါင်း ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၃၃၆.၃၁ ဘီလီယံ ရှိခဲ့ပြီး သွင်းကုန်ပမာဏက ၃၃၁.၃၃ ဘီလီယံဒေါ်လာရှိတဲ့အတွက် (ပို့ကုန်က ၂၆.၅ ရာခိုင်နှုန်းမြင့်တက်လာတာ) နိုင်ငံရဲ့ trade surplus က ၄.၀၈ ဘီလီယံရှိပါတယ်လို့ အကောက်ခွန်ဌာနကထုတ်ပြန်ပါတယ်။

ပို့ကုန်ပမာဏက ပြီးခဲ့နှစ် ဒီဇင်ဘာတစ်လတည်းမှာတင် နိုဝင်ဘာလထက် ၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပြီး ၃၄.၅၉ ဘီလီယံဒေါ်လာရရှိခဲ့ပါတယ်။ သွင်းကုန်ပမာဏကလည်း ၃.၁ ရာခိုင်နှုန်းမြင့်တက်ကာ ၃၁.၆၂ ဘီလီယံရှိခဲ့ပါတယ်။

အမေရိကန်နဲ့ဗီယက်နမ်နိုင်ငံရဲ့ trade surplus က လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကထက်စာရင် ၆၃ ဘီလီယံကနေ ၈၁ ဘီလီယံကို တိုးလာတာပါ။ ဒါပေမဲ့ တရုတ်နဲ့ကျတော့ trade deficit ပိုတိုးလာတာတွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ၃၅ ဘီလီယံ deficit ဖြစ်ရာကနေ ၂၀၂၁ ခုနှစ်မှာတော့ ၅၄ ဘီလီယံကို မြင့်တက်လာပါတယ်။

အမေရိကန်နိုင်ငံကတော့ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းတွေ၊ စမတ်ဖုန်း စတဲ့ ထုတ်ကုန်မျိုးတွေအတွက် ဗီယက်နမ်ရဲ့ အဓိက ပို့ကုန်ဈေးကွက်ကြီးဖြစ်ပြီး တရုတ်ကတော့ ဗီယက်နမ်ရဲ့ အကြီးဆုံး ကုန်သွယ်မှုပါတနာပါ။ လုပ်သားထုအများအပြားနဲ့ထုတ်လုပ်ရတဲ့ လုပ်ငန်းတွေမှာသုံးတဲ့ ပစ္စည်းကိရိယာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုတင်သွင်းဖို့အတွက် တရုတ်နိုင်ငံကို တခြားအရှေ့တောင်အာရှနိုင်ငံများနည်းတူ ဗီယက်နမ်ကလည်း မှီခိုနေရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံကနေ တင်သွင်းရတဲ့ ပမာဏက ၂၀၂၀ ထက် ၂၀၂၁ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းမြင့်တက်လာပြီး ပမာဏအားဖြင့် ၁၁၀ ဘီလီယံဒေါ်လာရှိခဲ့ပါတယ်။

Ref : BKK Post, Internet