ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း သန်းပေါင်းများစွာသော လူအများဆင်းရဲတွင်းမှ လွတ်မြောက်အောင် ဆွဲထုတ်နိုင်ခဲ့ပြီး ရှေ့ကို တစ်ဟုန်ထိုးတိုးတက်အောင် ဘယ်အာရှနိုင်ငံက ပြုလုပ်နိုင်ခဲ့ပါသလဲ။ ကျေးလက်စီးပွားရေး အဆင့်လောက်သာ ရှိနေရာမှာ အာရှတိုက်ကြီးရဲ့ စီးပွားရေးမှာ စွမ်းအားရှင်နိုင်ငံတစ်ခု ဘယ်နိုင်ငံ ဖြစ်လာခဲ့ပါသလဲ။ လူအများစုက ပထမမေးခွန်းကို တရုတ်နိုင်ငံလို့ ဖြေကြမှာဖြစ်ပြီး ဒုတိယမေးခွန်းကိုမူ အိန္ဒိယလို့ ဖြေဆိုကြမယ်ဆိုတာ မလွဲပါဘူး။ ဒီလိုသာ ဖြေဆိုလိုက်မယ်ဆိုရင် အတိတ်ကအောင်မြင်မှုတွေနဲ့ အနာဂတ်မှာလည်း အလားတူ အောင်မြင်ဖို့ အလားအလာများစွာရှိနေတဲ့ နိုင်ငံတစ်နိုင်ငံကို မျက်စိလျှမ်းသွားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မယ်။
ဒီလို မျက်စိလျှမ်းသွားခြင်း မရှိတဲ့လူတစ်ဦးကတော့ Jonathan Moreno ဆိုသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက ဆေးဝါးနဲ့ဆိုင်တဲ့ စက်ကိရိယာတွေ ထုတ်လုပ်ဖို့ နေရာအကွက်အကွင်းကို ရှာနေသူလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဥရောပနဲ့ အမေရိကန်က ဈေးကြီးလွန်းလှပါတယ်။ အိန္ဒိယရဲ့ ကြိုးနီစနစ်ကလည်း ရှုပ်ထွေး ကျယ်ပြန့်လွန်းပါတယ်။ တရုတ်ကျပြန်တော့လည်း မူပိုင်ခွင့်မှာ ရေရေရာရာ ဥပဒေပြဋ္ဌာန်းထားခြင်းမရှိဘဲ ဟိုမရောက် ဒီမရောက်ဖြစ်နေပါတယ်။
နောက်ဆုံး မျက်စိမလျှမ်းဘဲ မှန်မှန်ကန်ကန် ရွေးချယ်လိုက်တဲ့ နိုင်ငံကတော့ ဗီယက်နမ်ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် မျက်စိကျစရာ အကွက်အကွင်းကြီးအဖြစ် ပေါ်လာတာဟာ သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံနဲ့ စံချိန်တင်ရရှိခဲ့ပြီး ဒါဟာ ၂၀၁၅ ခုနှစ်တစ်နှစ်လုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၀၅ ရာခိုင်နှုန်း ပိုလာပါတယ်။
ကမ္ဘာတစ်ဝန်းလုံး စီးပွားရေးတိုးတက်မှုနှုန်းဟာ ပက်ကျိလိုဖြစ်နေချိန်မှာ ဘာကြောင့် အခုလိုဖြစ်လာရသလဲ။ တစ်စိတ်တစ်ပိုင်းကတော့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်တွေ နိုင်ငံတစ်ခုချင်းစီနဲ့ ချုပ်ဆိုနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါပြင် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ တိုးတက်ခဲ့မှုမှာ အဓိကပါဝင်ခဲ့တဲ့ အခြင်းအရာတွေကလည်း ဗီယက်နမ်မှာ မှန်မှန်ကန်ကန်နဲ့ အချိုးကျကျ ရှိနေခဲ့ပါတယ်။
လူဦးရေ သန်း ၉၀ သာရှိပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှာ လူတစ်ဦးချင်းစီရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်မှုနှုန်းဟာ ၆ ရာခိုင်နှုန်းရှိနေပြီး တရုတ်ပြီးရင် ဒုတိယမြောက် အလျင်မြန်ဆုံး ဖြစ်လာခဲ့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
တကယ်လို့သာ တိုးတက်မှုနှုန်းကို တစ်နှစ်မှာ ၇ ရာခိုင်နှုန်းသာ ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် နောက်ဆယ်နှစ်အကြာမှာ အရင်အာရှကျားကြီးတွေဖြစ်ကြတဲ့ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့လမ်းကြောင်းအတိုင်း အလွယ်တကူ လိုက်ပါသွားဖို့သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ (ဇယားကို ကြည့်ပါ)။ ဒါပေမဲ့ တစ်နှစ်ကို ၇ ရာခိုင်နှုန်း တိုးတက်ဖို့ဆိုတာဟာလည်း လွယ်ကူလှတာတော့ မဟုတ်ပါ။ လက်ရှိ ၆ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းလောက်သာ ပြန်ကျသွားခဲ့ရင် ထိုင်းနဲ့ဘရာဇီးလို ထင်သလောက်ဖြစ်မလာတဲ့ အနေအထားကို ဆိုက်ရောက်သွားနိုင်ပါတယ်။
ဗီယက်နမ်ဟာ တရုတ်နဲ့ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကျယ်ဝန်းခြင်းမရှိဘဲ နိုင်ငံသေးတစ်ခုသာ ဖြစ်တာကြောင့် တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေ အတုယူဖို့ အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ အတုယူသင့်ပါတယ်။
စီးပွားရေးမှာ နည်းပညာတွေက မတရားလွှမ်းမိုးလာတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်မှုတွေ တိုးတက်များပြားလာနေပါတယ်။ စက်ရုံတွေမှာ လူအစား စက်အားကိုသုံးတဲ့ Automation စနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာကြောင့် လူအရင်းအမြစ်ကို အဓိကထားကာ ကုန်ထုတ်လုပ်ငန်းတွေ တည်ထောင်ပြီး စီးပွားရေးကို ဦးမော့အောင် ပြုလုပ်လိုကြတဲ့ ဆင်းရဲတဲ့နိုင်ငံတွေအနေနဲ့ စိုးရိမ်မကင်း ဖြစ်လာနေကြပါတယ်။ ဒီနေရာမှာ ဗီယက်နမ်ရဲ့ ထိရောက်စွာ ဖြေရှင်းနိုင်ခဲ့တဲ့ မော်ဒယ်ကို လေ့လာသင့်ပါတယ်။
အသိသာဆုံးကတော့ ကမ္ဘာ့စီးပွားရေးနဲ့ပေါင်းစပ်နိုင်ဖို့ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ နိုင်ငံကို အမှန်အကန် ဖွင့်ပေးခဲ့တာတွေ့ရပါတယ်။ ဒီနေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ တကယ်တမ်းယုံကြည်မှုရှိလာအောင် ဖန်တီးပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအတွက် တရုတ်မှာ အလုပ်သမားခတွေ ဈေးကြီးလာတဲ့ ဒဏ်ကိုမခံနိုင်တဲ့ ကုမ္ပဏီတော်တော်များများက တရုတ်ရဲ့ နောက်ဖေးတံခါးပေါက်မှာ ဗီယက်နမ် ရှိနေတဲ့အတွက် တရုတ်ရဲ့ Supply Chain ကို ကောင်းကောင်းကြီး အသုံးချနိုင်မယ့် ဗီယက်နမ်ကို ရွှေ့ပြောင်းလာကြပါတယ်။ ဗီယက်နမ်က တရုတ်နဲ့ရေလမ်းရော ကုန်းလမ်းပါ ဆက်သွယ်နိုင်တဲ့နိုင်ငံ ဖြစ်နေခဲ့တာကလည်း တစ်ပန်းသာခဲ့ပြန်ပါတယ်။
ဗီယက်နမ်လို တခြားတရုတ်အိမ်နီးချင်းနိုင်ငံတွေက ဒီအခွင့်အရေးကို အပြည့်အ၀ အသုံးမချနိုင်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ဗီယက်နမ်က ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လွယ်ကူချောမွေ့အောင် ပြင်ဆင်ပေးခဲ့ပါတယ်။ လက်ရှိ ဗီယက်နမ်ရဲ့ ဝင်ငွေအဆင့်အတန်းညီတဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ကုန်သွယ်မှုပမာဏက ပိုမိုများပြားလာပြီး GDP ရဲ့ ၁၅၀ ရာခိုင်နှုန်းခန့် ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။
အစိုးရကလည်း နိုင်ငံခြားကုမ္ပဏီတွေ ပြည်တွင်းထွက်ကုန်တွေကို မဝယ်မနေရဆိုပြီး အတင်းအကျပ် စေခိုင်ခြင်းမပြုဖို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။ ဒီနေရာမှာ အင်ဒိုနီးရှားရဲ့ Local Content Rule နဲ့ အကွာကြီး ကွာသွားခဲ့ရပါတယ်။ ဒီအတွက်ကြောင့်လည်း နိုင်ငံခြားကုမ္ပဏီတွေ ဗီယက်နမ်ကို အလုအယက် ဝင်ရောက်လာကြပြီး ကုန်ပစ္စည်းတွေ ထုတ်လုပ်တင်ပို့ခဲ့ကြတဲ့အတွက် စုစုပေါင်း ပို့ကုန်ပမာဏရဲ့ သုံးပုံနှစ်ပုံအထိကို ရောက်ရှိသွားခဲ့ရပါတယ်။
နိုင်ငံတွင်းမှာရှိတဲ့ပြည်နယ် ၆၃ ခုမှာ အချင်းချင်းယှဉ်ပြိုင်မှုတွေ ရှိလာအောင် စည်းမျဉ်းဥပဒေတွေကို လိုတိုးပိုလျှော့ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီအတွက် ဟိုချီမင်းမြို့မှာ စက်မှုဇုန်တွေ အများအပြား ပေါ်ပေါက်လာပြီး ဒါနန်းမြို့မှာလည်း အဆင့်မြင့်နည်းပညာတွေ အသုံးချ စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာပါတယ်။ ဒါအပြင် မြောက်ပိုင်းက ပြည်နယ်တွေကလည်း တရုတ်ပြည်ဘက်က အန်ထွက်လာတဲ့ စက်မှုလုပ်ငန်းတွေကို အကုန် သိမ်းကျုံးလက်ခံခဲ့ပါတယ်။ အခုလို စီးပွားရေးကို အသွင်အမျိုးမျိုးနဲ့ ခွဲဖြာနိုင်ခဲ့တဲ့အကျိုးကတော့ ၂၀၁၁ ခုနှစ်မှာ အိမ်ရာခြံမြေပူဖောင်းကြီး ပေါက်ကွဲခဲ့မှုကို ကောင်းကောင်းကြီး ခံနိုင်ရည်ရှိလာခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ဗီယက်နမ်ကို သဘောကျလာစေတဲ့အချက်ကတော့ ငယ်ရွယ်တဲ့အလုပ်သမားအင်အားတွေ အများအပြားရှိနေတာပါပဲ။ တရုတ်ပြည်လူဦးရေရဲ့ ပျမ်းမျှအသက်က ၃၆ နှစ် ရှိပေမယ့် ဗီယက်နမ်ကတော့ ၃၀ ဒသမ ၇ နှစ် ရှိပါတယ်။ (နိုင်ငံတစ်ခုရှိ လူဦးရေရဲ့ ပျမ်းမျှအသက် Median Age ဆိုတာ အသက်ကို နံပါတ်တစ်ခုမှာ (အများအားဖြင့် ၄၀ မှာ) ပိုင်းခြားပြီး ဒီနံပါတ်ရဲ့ အောက်ငယ်သူတွေနဲ့ အထက်ကြီးသူတွေကို ကိန်းဂဏန်းအရ ပျမ်းမျှပြုလို့ ရတဲ့ရလဒ် ဖြစ်ပါတယ်။ မြန်မာကတော့ ၂၇ ဒသမ ၉ နှစ် ရှိပါတယ်)။
ဗီယက်နမ်ရဲ့ မြို့ပြအလုပ်သမားဦးရေဟာ နောက်ထပ်အများကြီး တိုးပွားလာဖို့ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗီယက်နမ်မှာ လက်ရှိလူဆယ်ဦးမှာ ခုနစ်ဦးက ကျေးလက်မှာ နေကြဆဲ ဖြစ်တာကြောင့်ပါ။ တရုတ်မှာ ၄၄ ရာခိုင်နှုန်းပဲ ကျေးလက်ဒေသမှာ ကျန်ပါတော့တယ်။ အခုလို ကျေးလက်ဒေသက အလုပ်သမားဦးရေ အများအပြား ဝင်ရောက်လာစရာ ရှိနေတာကြောင့် လုပ်ခနှုန်းထားတွေ တက်လာနိုင်မယ့်အရေးကို ဟန့်တားပြီးသား ဖြစ်နေပြန်ပါတယ်။ ဒါအပြင် လူဦးရေ သန်း ၉၀ ရှိတဲ့ ဗီယက်နမ်မှာ လုပ်အားအရင်းအမြစ်ကို အခြေပြုပြီး စက်မှုကုန်ထုတ်လုပ်ငန်းတွေ တည်ထောင်နိုင်အောင် အချိန်တွေ ရနေဆဲဖြစ်ပါတယ်။
ဒီလိုငယ်ရွယ်တဲ့ လုပ်သားအင်အားတွေ အပြည့်အ၀ အသုံးချနိုင်အောင် ဗီယက်နမ်က တရုတ်လိုပဲ ကြိုတင်စီမံခန့်ခွဲထားပြီးသား ဖြစ်ပါတယ်။ ပညာရေးကို GDP ရဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ သုံးစွဲခဲ့တဲ့အတွက် မိမိလို ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေထက်စာရင် ၂ ရာခိုင်နှုန်းတောင် ပိုမိုသုံးစွဲခဲ့တာ တွေ့ရပါတယ်။ ဗီယက်နမ်ထက် ပိုမိုသုံးစွဲတဲ့နိုင်ငံတွေရှိပေမယ့် ဗီယက်နမ်ကတော့ သုံးစွဲသမျှကို တစိုက်မတ်မတ်နဲ့ ကောင်းကောင်းအသုံးချနိုင်ခဲ့တာ တွေ့ရပါတယ်။ အဓိကကတော့ မူလတန်းမှာ ကလေးသူငယ်တွေ စာသင်ခန်းကို ဝင်ရောက်လာတဲ့နှုန်းကို မြှင့်တင်နိုင်ခဲ့ပြီး အနိမ့်ဆုံး ပညာရေးကို တတ်မြောက်အောင် အာမခံနိုင်မယ့် အစီအမံတွေအပြင် ဆရာဆရာမတွေကို လေ့ကျင့်ပေးနိုင်ဖို့ပါ အထူးအာရုံစိုက်ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက် ၁၅ နှစ်သား ဗီယက်နမ်ကလေးတယောက်က သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ အင်္ဂလန်၊ အမေရိကန်နဲ့ ဂျာမန်က ကလေးတွေကို ယှဉ်နိုင်လာခဲ့တာ တွေ့ရပါတယ်။
အကျိုးဆက်ကတော့ စက်ရုံအလုပ်ရုံတွေအနေနဲ့ ရှုပ်ထွေးလှတဲ့စက်ယန္တရားတွေဖြစ်တဲ့ လေဆာစက်တွေကစပြီး အလွန်သန့်စင်တဲ့ရေကို အသုံးပြုတဲ့ Nanobubble Washer တွေ ထုတ်လုပ်တဲ့စက်တွေအထိ ကိုင်တွယ်နိုင်အောင် အလွယ်တကူလေ့လာသင်ယူနိုင်တဲ့ အလုပ်သမားအင်အားတွေ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဘယ်လောက်ပဲ Automation တွေ အသုံးပြုနေပါစေ၊ စက်တွေကို မောင်းနှင်ကိုင်တွယ်မယ့်လူတွေ လိုနေဆဲဖြစ်ပါတယ်။ ဒီနေရာမှာကြည့်ရင် ဗီယက်နမ်အနေနဲ့ လိုအပ်တဲ့ကျွမ်းကျင်မှုတွေရှိတဲ့ အလုပ်သမားတွေကို ပညာရေး ရင်းနှီးမြှုပ်နှံမှုတွေကနေ မွေးထုတ်ပေးနိုင်ခဲ့ပြီး ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က နောက်ကျန်ရစ်ခဲ့ပါတယ်။
အခုအခါ ဗီယက်နမ်ဟာ အလယ်အလတ် ဝင်ငွေရှိ လူလတ်တန်းစား နိုင်ငံဘဝကနေ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်လာရေးအတွက် ဆက်လက်ရုန်းကန်လှုပ်ရှားစရာတွေ အများကြီးကျန်နေပါသေးတယ်။ ဖောင်းပွနေဆဲဖြစ်တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ ပြည်နယ်တစ်ခုနဲ့တစ်ခု အခြေခံအဆောက်အအုံတွေ အပြိုင်အဆိုင် ကြီးထွားအောင် ပြုလုပ်နေတဲ့အတွက် တချို့နေရာတွေမှာ မလိုအပ်ဘဲ လုပ်ငန်းတွေထပ်နေတာတွေကို ပြင်ဆင်စရာတွေရှိနေပြီး ကိုယ်ပိုင် Supply Chain တွေ ဖြစ်လာအောင် လုပ်ဖို့လည်း ကျန်နေပါသေးတယ်။ နောက်ပိုင်းမှာ တရုတ်က တန်ဖိုးကြီးကုန်ပစ္စည်းတွေ ထုတ်လုပ်မှုအပေါ် တင်းကျပ်လာတဲ့အခါမှာ ဗီယက်နမ်အနေနဲ့ အခက်တွေ့စရာ ရှိလာနိုင်ပါတယ်။
အုပ်ချုပ်ရေးမှာ တစ်ပါတီစနစ်နဲ့ ဖိနှိပ်အုပ်ချုပ်မှုကလည်း ကြာရှည်ခိုင်မာနေဖို့ လမ်းမမြင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၅ နှစ်လုံးလုံး ဒီပုံစံနဲ့နေလာနိုင်ခဲ့တယ် ဆိုတာတော့ လျှော့တွက်လို့ မဖြစ်ပါဘူး။ လောလောဆယ် နိုင်ငံပိုင်လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖေါ်ဆောင်ဖို့ လိုအပ်နေပြီး၊ ပစိဖိတ်ဖြတ်ကျော် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု (Trans-Pacific Patnership - TPP) ကလည်း အမေရိကန်လွှတ်တော်မှာ အတည်ပြုခံရဖို့ မသေချာတာမို့ ဥရောပ - အာရှနိုင်ငံတွေနဲ့ နှစ်နိုင်ငံ လွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ်တွေ သီးခြားချုပ်ဆိုနိုင်အောင် ကြံဆောင်လာရမှာ ဖြစ်ပါတယ်။ ဒါအပြင် ပြည်တွင်းမှာ အမျိုးသားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် စီမံကိန်းတွေရေးဆွဲရမှာဖြစ်ပြီး ဒီနေရာမှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို အထိတ်တလန့် မဖြစ်အောင်လည်း ဂရုတစိုက်လုပ်ဆောင်ရဖို့ ရှိပါတယ်။
ဒီအတွက် ဗီယက်နမ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေး လှေကားထစ်ပေါ် ခြေချလိုသူ နိုင်ငံတွေအတွက် အတုယူစရာနိုင်ငံ ဖြစ်လာတဲ့အပြင် ကံကောင်းမယ်ဆိုရင် ဒီလှေကားထစ်တွေကတစ်ဆင့် အပေါ်ရောက်ဖို့ ကြိုးစားနေတဲ့နိုင်ငံတွေအတွက်ပါ နမူနာဖြစ်လာနိုင်ပါတယ်။
လှစိုးဝေ
Ref: “The Other Asian Tiger” and “Good Afternoon, Vietnam” From the Economist , August 6th 2016