စီးပွားရေးလုပ်ငန်းတွေဟာ အချင်းချင်းယှဉ်ပြိုင်ကြရာမှာ ကုန်ကျစရိတ်၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ တစ်စတစ်စ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းကြရင်း အဲဒီဝဲဂယက်ထဲမှာပဲ ရုန်းမထွက်နိုင်ဘဲ ဖြစ်လာလေ့ရှိခဲ့ကြပါတယ်။ Value Innovators (တန်ဖိုးဆန်းသစ်ထီထွင်ကြသူတွေ) ကတော့ အဲဒီဝဲဂယက်ထဲကနေ ရုန်းထွက်ပြီး ဈေးကွက်သစ်တစ်ခု အပိုင်ရအောင် လုပ်ကိုင်ကြတယ်။ တိုက်ရိုက်ယှဉ်ပြိုင်မှုမရှိဘဲ ကုန်ပစ္စည်းတွေ သို့မဟုတ် ဝန်ဆောင်မှုတွေကို ဆန်းသစ်တီထွင် ထုတ်လုပ်ကြခြင်းကနေ ဈေးကွက်အသစ် ဖန်တီးယူကြတယ်။ (ဤသို့ လုပ်ကိုင်ခြင်းကို ဆန်းသစ် ထီထွင်လုပ်ကိုင်ခြင်း (Value Innovation) ဟုခေါ်ပါတယ်။
အယူအဆ . . .
အထက်ပါ Value Innovation အယူအဆကို W. Chan Kim ဆိုသူနဲ့ Renee Mauborgne ဆိုတဲ့ အမျိုးသမီး တို့က စတင်ဖော်ထုတ်တင်ပြခဲ့တာဖြစ်တယ်။ သမားရိုးကျ အတွေးအခေါ်ကို စိန်ခေါ်သွေဖည်ကာ ဈေးကွက်သစ်တစ်ရပ် ဖန်တီးမှုကို ဖော်ထုတ်တင်ပြထားတာဖြစ်တယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံက တီဗီချယ်နယ်တင်ပြကြတဲ့ လုပ်ငန်းရှင်တွေဟာ သတင်းတွေ၊ တင်ဆက်ပုံတွေမှာ အားလုံးအတူတူတွေချည်းပါပဲ။ စတင်ထုတ်လွှင့်တင်ဆက်ချိန်ကလည်း အတူတူပဲ။သူတို့က တင်ဆက်တဲ့ ကဏ္ဍအသီးသီးမှာ လူကြိုက်များမှု၊ အကြောင်းအရာပိုင်းဆိုင်ရာ ကျွမ်းကျင်နိုင်နင်းမှု၊ သတင်းတင်ပြမှု၊ ဝေဖန်ဆန်းစစ်မှု စတာတွေမှာ သူ့ထက်ငါသာအောင် ယှဉ်ပြိုင်နေခဲ့ကြတယ်။ ဒါတွေကို ၁၉၈၀ ပြည့်နှစ်ထဲမှာ CNN က ပြောင်းပစ်လိုက်တယ်။ အဲဒီနှစ်ထဲမှာ CNN ဟာ ကမ္ဘာအရပ်ရပ်က သတင်းတွေကို ဖြစ်ပျက်နေတဲ့ အချိန်နဲ့တပြေးညီ ဖြစ်ပျက်နေတဲ့ အချိန်မှာပဲ ၂၄ နာရီလုံးလုံး ထုတ်လွှင့်တင်ဆက်လိုက်တယ်။ ကုန်ကျစရိတ်လည်း အရင်က ကုန်ကျစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းပဲရှိတော့တယ်။
ဒီလိုပါပဲ ၁၉၈၄ ခုနှစ်မှာ Virgin ကုမ္ပဏီအုပ်စုဟာ အစဉ်အလာကနေ သွေဖည်လုပ်ကိုင်ခဲ့တယ်။ လေယာဉ်စီးသူတွေအတွက် ပထမတန်းထိုင်ခုံနေရာ (First Class) ဝန်ဆောင်မှုကို ဖျက်သိမ်းပစ်လိုက်တယ်။ အဲဒီတုန်းက အယူအဆအရ စီးပွားရေးလုပ်ငန်းတိုးတက်ဖို့ဆိုရင် ဈေးကွက်ကြီးပြီး စားသုံးသူအုပ်စု အမျိုးမျိုးတွေထဲက အုပ်စုတစ်ခုချင်းစီအကြိုက် ဈေးကွက်ခွဲလေးတွေ ပိုမိုလုပ်ကိုင်နိုင်ဖို့ လိုတယ်လို့ ယူဆထားတဲ့ အချိန်ကာလဖြစ်တယ်။ Virgin ကတော့ First-Class ထိုင်ခုံအတန်းကိုဖျက်ပြီး Business- Class ကို အာရုံစိုက်လုပ်ကိုင်လိုက်တယ်။ First-Class ပယ်ဖျက်လိုက်လို့ အပိုထွက်လာတဲ့ငွေကို Business Class အတွက် သုံးလိုက်တယ်။ လေယာဉ်ရှိအခန်းတွေကို ပိုကောင်းအောင်လုပ်တာမျိုး မဟုတ်တော့ဘဲ လေယာဉ်ပျံသန်းနေချိန်အတွင်း ခရီးသည်တွေ အဆင်ပြေပြေ လုပ်စရာရှိတာတွေ လုပ်နိုင်အောင်၊ အပန်းဖြေအနားယူနိုင်အောင် အမျိုးမျိုးဖန်တီးပေးထားလိုက်တယ်။ ဒီလုပ်နည်းလုပ်ဟန်အတိုင်း Virgin ဟာ သူရဲ့ တခြားလုပ်ငန်းတွေဖြစ်တဲ့ လက်လီအရောင်းလုပ်ငန်း၊ တေးဂီတဆိုင်ရာလုပ်ငန်း စတာတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။
လက်တွေ့ဆောင်ရွက်ရန် . . .
Value Innovation ရဲ့ အဓိကလိုအပ်ချက်ကတော့ ဖောက်သည်တွေရဲ့ အကြိုက်၊ လိုအပ်ချက်တွေကို အခြေခံပြီး လုပ်နည်းလုပ်ဟန် ပြုပြင်ပြောင်းလဲလုပ်ကိုင်ဖို့ပဲဖြစ်တယ်။ ရောင်းကုန်ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းကို ဝယ်သူဆီအရောက်ပို့ရေးကိစ္စတွေကို ကောင်းသထက်ကောင်းအောင် ကြိုးစားပါ။
စီးပွားရေးလုပ်ငန်းလောကထဲမှာ ယူဆထားတာတွေကို လက်မခံဘဲ ကျော်လွှားနိုင်အောင်လုပ်ပါ၊ အဲဒီအယူအဆတွေဟာ ဘာတွေလဲဆိုတာ နားလည်အောင် ကြိုးစားပြီး ဖောက်သည်တွေအတွက် ဘယ်လိုပိုကောင်းအောင် လုပ်ကိုင်မလဲဆိုတာ သိအောင်ကြိုးစားပါ။ မေးခွန်းမေးတဲ့နည်းကိုသုံးပါ။ လူတွေဘာကြောင့် ဝယ်ကြသလဲ၊ သူတို့တကယ်တန်ဖိုးထားတာဟာ ဘာလဲ၊ ဘာလုပ်ဖို့အတွက် လိုချင်ကြတာလဲ။ သူတို့ဦးစားပေးထားတာတွေနဲ့ အခုပစ္စည်း ဘယ်လိုဆက်စပ်မှုရှိသလဲ စသဖြင့်မေးပါ။
ရည်ရွယ်ချက် ကြီးကြီးထားပါ။ ပြိုင်ဘက်တွေကို စောင့်ကြည့်အကဲခတ်လေ့လာနေတာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ (ဒါမှမဟုတ် သက်ဆိုင်ရာလုပ်ငန်းလောက) ရဲ့ လုပ်နည်းလုပ်ဟန်တွေအတိုင်း ယှဉ်ပြိုင်မှုမျိုးကို ရှောင်ပါ။ တမူထူးခြားအောင် လုပ်ပါ။ စားသုံးသူတွေအတွက်လည်း တန်ဖိုးရှိရမှာပေါ့။ ရည်မှန်းချက် ကြီးကြီးမားမားထားပြီးလုပ်ရင် ယှဉ်ပြိုင်စွမ်းအားက နောက်ကလိုက်လာမှာဖြစ်တယ်။
Segmentation ကို ရှောင်ပါ။ Segmentation လုပ်ရင် ဖောက်သည်တွေကို ပိုမိုနားလည်လာနိုင်မှာဖြစ်ပြီး သူတို့ကိုလည်း ပိုမိုအကျိုးပြုလာနိုင်တယ်လို့ လူအများက စွဲစွဲမြဲမြဲယုံကြည် ပြောဆိုနေကြတယ်။ Value Innovator တွေကတော့ ဖောက်သည်အများစု အကြိုက်ချင်းတူတဲ့ အချက်တွေကိုပဲ အာရုံစိုက်လုပ်ကိုင်ခြင်းကနေ လုပ်ငန်းကို ကြီးမားလာအောင် လုပ်ကိုင်ကြတယ်။ အမြတ်ရနိုင်တဲ့ အချက်နှစ်ချက်ကတော့ လူအများ နှစ်ခြိုက်သဘောကျအောင်လုပ်ခြင်းနဲ့ လုပ်ငန်းကြီးမားအောင် လုပ်ကိုင်နိုင်ခြင်းတို့ ဖြစ်တယ်။
လက်ရှိပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေကို အကြောင်းပြုပြီး လုပ်ကိုင်ဖို့ လက်တွန့်မနေပါနဲ့။ အရေးကြီးတာက လက်ရှိ ရှိနေတဲ့ပစ္စည်းတွေနဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းအားတွေကို ဖောက်သည်တွေ အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာ ဖြစ်တယ်။
သမားရိုးကျ တွေးပုံတွေးနည်းတွေကနေ ဖယ်ခွာပြီး ဆန်းသစ်တဲ့အတွေးအမြင်ရအောင် လုပ်ပါ။ သမားရိုးကျ ခွဲခြားသတ်မှတ်ထားတဲ့ ထုတ်ကုန်ပစ္စည်းက သပ်သပ်၊ ဝန်ဆောင်မှုဆိုတာသပ်သပ်ဆိုပြီး သဘောမထားဘဲ ဖောက်သည်ကို ပိုပြီးအကျိုးပြုနိုင်အောင် လုပ်ကိုင်နည်းတွေကိုသာရှာပါ။
ညွန့်သောင်း