ကမ္ဘာတဝန်းလုံးရဲ့ ဓနဥစ္စာစုစုပေါင်းဟာ တိုးပွားနေခဲ့ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက အဲဒီဓနဥစ္စာတွေကို ကမ္ဘာပေါ်ရှိလူတွေအားလုံး ကိုယ်စီကိုယ်ငှအညီအမျှ ရနေကြတာမဟုတ်ဘူး။
ကမ္ဘာ့ငွေကြေးဈေးကွက်တွေ စည်ပင်နေကာ နောင်အလားအလာကောင်းနိုင်တာကို တွေ့ခဲ့ရတယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လအထိ ကမ္ဘာ့ဓနဥစ္စာများဟာ ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်။ ၂၀၁၂ ခုနှစ်ကစကြည့်ရင် ဒါဟာ အမြန်ဆုံးတိုးတက်နှုန်းဖြစ်တယ်။ ချမ်းသာကြွယ်ဝကြတဲ့ ဦးရေတွေတိုးလာခဲ့တယ်။ ရှိရင်းစွဲထက် ၂.၃ သန်း တိုးလာတာဖြစ်တယ် (Credit Suisse Research Institute) ရဲ့ လေ့လာဆန်းစစ်ချက်အစီရင်ခံစာအရ ဒီအချက်တွေကို သိရတာပါ။
ဆင်းရဲ၊ ချမ်းသာ ကွာဟချက်ကြီးမားလာ
-----------------
ဒီအစီရင်ခံစာအရ ချမ်းသာကြွယ်ဝကြတဲ့ဦးရေနဲ့ ကျန်တဲ့လူတွေကြားမှာ ကွာဟချက်သိသိသာသာကြီး ရှိနေတာကို တွေ့ရပါတယ်။ ကမ္ဘာ့ဥစ္စာဓနအားလုံးကို ကမ္ဘာလူဦးရေအားလုံးအတွက် အညီအမျှ ခွဲဝေပေးလိုက်မယ်ဆိုရင် အိမ်ထောင်တစ်စုချင်းဟာ ဒေါ်လာ ၅၆,၅၄၀ ရမှာဖြစ် တယ်။ အခုတော့ အဲသလိုမဟုတ်ဘူး။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာရှိတဲ့ ထိပ်ဆုံးက သူကြွယ်တွေဟာ ကမ္ဘာ့ဥစ္စာဓနအားလုံးရဲ့ ထက်ဝက်ကျော်ကို ပိုင်ဆိုင်နေကြတယ်။ အိမ်ထောင်တစ်စုချင်းရဲ့ အလယ်အလတ် ဓနဥစ္စာပိုင်ဆိုင်မှုဟာ ၃,၅၈၂ ဒေါ်လာပဲရှိတယ်။ ဒါထက်ပိုမယ်ဆိုရင်တော့ ကမ္ဘာ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးလူတွေထဲမှာ ပါသွားတော့မှာပါ။
သန်းကြွယ်သူဌေးအများဆုံးနိုင်ငံ
------------------
အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ သန်းကြွယ်သူဌေးဦးရေအများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲပါ။ တစ်နိုင်ငံတည်းမှာရှိတဲ့ သန်းကြွယ်သူဌေး ပမာဏက တစ်ကမ္ဘာလုံး ရဲ့ ၄၃ ရာခိုင်နှုန်းပါ။ ဂျပန်နဲ့ ဗြိတိန်နှစ်နိုင်ငံစလုံးဟာ ၂၀၁၆ ခုနှစ်တုန်းကထက် ဒေါ်လာသန်းကြွယ်သူဌေးဦးရေ နည်းသွားတာတွေ့ခဲ့ရတယ်။ ဒါဟာ ဂျပန်သုံးငွေ(ယန်း)နဲ့ ဗြိတိန်သုံးငွေ(စတာလင်) တို့ရဲ့ တန်ဖိုးတွေ ကျသွားလို့ ဖြစ်တယ်။ စီးပွားရေးဖြစ် ထွန်းစနိုင်ငံတွေကတော့ ဒီသန်းကြွယ်စာရင်းများ အမီလိုက်လာတာ တွေ့ရတယ်။ အဲဒီဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကမ္ဘာ့သန်းကြွယ်စာရင်းမှာ ၈.၄ ရာခိုင်နှုန်းရှိနေတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ရှိခဲ့တဲ့ ၂.၇ ရာခိုင်နှုန်းကနေ တက်လာတာဖြစ်ပါတယ်။
ဓနဥစ္စာတိုးတက်မှု အများဆုံးနိုင်ငံတွေ
-------------------
အစီရင်ခံစာက တင်ပြခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ဓနဥစ္စာအချိုးကျတိုးတက်လာမှု အများဆုံးနိုင်ငံတွေကတော့ ပိုလန်၊ အစ္စရေးနဲ့ တောင်အာဖရိကတို့ ဖြစ်ကြတယ်။ အကြောင်းကတော့ စတော့ဈေးကွက်နဲ့ ငွေကြေးလဲလှယ်ရေး တို့မှာ ရရှိတဲ့အကျိုးအမြတ်တွေကြောင့်ဖြစ်တယ်။ အီဂျစ်နိုင်ငံကတော့ အကြီးမားဆုံး ဆုံးရှုံးမှုနဲ့ ရင်ဆိုင်သွားရတဲ့ နိုင်ငံပါပဲ။
ဒေါ်လာတန်ဖိုးနဲ့တွက်ကြည့်ရင် သူ့ရဲ့ဓနဥစ္စာ ပိုင်ဆိုင်မှု ထက်ဝက်နီးပါး ကျဆင်းသွားခဲ့တာဖြစ်တယ်။ ဆွစ်ဇလန်နိုင်ငံကတော့ တစ်ဦးချင်းပျမ်းမျှ ဓနဥစ္စာပိုင်ဆိုင်မှုနဲ့ ကြည့်ကြည့်၊ အလယ်အလတ်အဆင့်အနေနဲ့ပဲ ကြည့်ကြည့် ဓနဥစ္စာပိုင်ဆိုင်မှု အများဆုံးရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်ဆဲဖြစ်တယ်။
သိပ်မချမ်းသာနိုင်ကြတဲ့ ထောင်စုနှစ်လူသားများ
---------------
မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာကွာဟနေတာကိုလည်း အစီရင်ခံစာမှာ တွေ့ရတယ်။ အခုလက်ရှိ ထောင်စုနှစ်ကာလအတွင်း အရွယ်ရောက်လာခဲ့ကြသူများ (Millennials - ၁၉၈၁ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်အတွင်း မွေးဖွားလာကြသူများ) ဥစ္စာဓနကြွယ်ဝရေးမှာ အမီလိုက်နိုင်ဖို့ အများကြီး ကြိုးစားကြရပါလိမ့်မယ်။ အခုလက်ရှိ အသက် ၃၀ နဲ့ ၃၉ နှစ်အတွင်း ရောက်ရှိနေကြတဲ့ အမေရိကန်များရဲ့ ၂၀၁၇ ခုနှစ်အတွင်း ဓနဥစ္စာပိုင်ဆိုင်မှုဟာ ၂၀၀၇ ခုနှစ်တုန်းက သူတို့ရဲ့ သက်တူရွယ်တူတွေ့ရရှိခဲ့တာထက် ၄၆ ရာခိုင်နှုန်း လျော့နည်းနေတာ တွေ့ရပါတယ်။
တက္ကသိုလ်တက်ဖို့ ချေးယူထားတဲ့ အကြွေးတွေ ပိုများလာတာကြောင့်တစ်ကြောင်း၊ အိုးပိုင်အိမ်ပိုင်ဖြစ်ရေး ခက်ခဲနေတာကြောင့်တစ်ကြောင်း သူတို့ဟာ ငွေကြေးစုဆောင်းထားဖို့ ပိုခဲယဉ်းလာကြရတယ်။ အဲဒီမျိုးဆက်က အဲဒီလိုဖြစ်နေတဲ့ အနေအထားကြောင့် အခုအခါအသက်အရွယ် ၅၀ ကျော်ကနေ ၇၀ ကျော်လောက်ရှိနေကြတဲ့ မျိုးဆက်တွေကိုလည်း ဆက်လက်ထိခိုက်လာနိုင်ဖွယ်ရှိနေတယ်။ ဒီအရွယ်တွေက အလုပ်ကအနားယူဖို့ နီးလာကြတော့ လက်ထဲပိုင်ဆိုင်ထားတာလေးတွေ ငွေပေါ်အောင် သုံးစွဲ ရောင်းချချင်တယ်ဆိုရင် အထက်ပါမျိုးဆက်တွေက ပေါက်ဈေးနဲ့ ဝယ်နိုင်မယ့်အလားအလာနည်းနေပါတယ်။
ညွန့်သောင်း