[caption id="attachment_7099" align="alignnone" width="250"] ဦးသောင်းစုငြိမ်း
Managing Director (Information Matrix)[/caption] နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲ များ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေးပြုပြင်ပြောင်းလဲသင့်သည်များကို ဦးသောင်းစုငြိမ်း ၊ Managing Director (Information Matrix) နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ အစိုးရကတော့ ပြုပြင်ပြောင်းလဲရေးတွေကို တစ်နှစ်တစ်မျိုးလုပ်ဆောင်သွားတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သက်တမ်းတစ်ဝက်ကျော်ကာလအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုပဲ ပီပီပြင်ပြင်ထပ်လုပ်နိုင်မယ်ဆိုရင် ကောင်းမှာပါ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဥပမာ- နိုင်ငံရေးဆိုရင် အဓိကအပိုင်းတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်တာ၊ လွှတ်တော်ထဲကို ရောက်အောင်ခွင့်ပြုခဲ့တာ စတာတွေကိုတော့ လုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်နေသေးတာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှု တွေပြုဖို့လိုနေပါသေးတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှု စီးပွားရေးပြုပြင်ပြောင်းလဲမှုအပိုင်းကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်တာကို အများကြီးလုပ်ဆောင်နေပေမဲ့ ဝန်ကြီးဌာနတွေနဲ့ လက်အောက်ဌာနအစိုးရလုပ်ငန်းတွေမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ တကယ်လာလုပ်ကြည့်တော့ ရှေ့ဆက်တိုးလို့မရတဲ့ အခက်အခဲတွေအများကြီးကြုံ တွေ့ရပါတယ်။ ကြိုးနီစနစ်တွေ ကျန်သေးတယ်။ အချို့ကတော့ ကြိုးနီစနစ်မဟုတ်ဘဲ ဥပဒေအရကို တားမြစ်ထားတာ မျိုးရှိပါတယ်။ အချို့ကိစ္စကတော့ အထက်လူကြီးက ဒါကိုလုပ်ရင် မကောင်းဘူးလား၊ လုပ်လိုက်လေလို့ဆိုပေမဲ့ တကယ်တမ်း ဥပဒေနဲ့က ဆန့်ကျင်နေတာမျိုးရှိတဲ့အတွက် လုပ်လို့မရပါဘူး။ တချို့ဟာကျတော့ ဥပဒေက ခွင့်ပြုထားပေမဲ့ လက်အောက်ဌာနတွေက နားမလည်ဘဲနဲ့ ခွင့်မပြုတာမျိုးလည်းရှိပါတယ်။ တကယ်တမ်း အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဥပဒေဆိုင်ရာကျွမ်းကျင် သူတွေနဲ့တိုင်ပင်တော့ လုပ်လို့ရတယ်၊ လက်အောက်ဌာနတွေက ခွင့်မပြုတာ ဘာကြောင့်လဲမေးလို့မရတဲ့အတွက် အဲဒါက ခြောက်လလောက်ကြာသွားတယ်။ အဲဒါမျိုးတွေ ဖြစ်နေသေးတော့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ ဝန်ကြီးဌာနတွေအနေနဲ့ အဲဒီလို ဟန့်တားပိတ်ပင်မှုတွေမရှိဖို့ ထိထိရောက်ရောက်လုပ်ဆောင်သွားဖို့လိုပါတယ်။ အရင်ကတော့ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှု (Sanctions) နဲ့ ပြည်တွင်းမှာပဲ အမျိုးသားလုံခြုံရေးအရ လုပ်ခွင့်မပြုတာ၊ နိုင်ငံသားပဲလုပ်ခွင့်ရှိပြီး နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတာ စတဲ့ အစိုးရရဲ့ ပိတ်ပင်တားမြစ်မှုဆိုပြီး စီးပွားရေးပိတ်ပင်တားမြစ်မှုနှစ်မျိုး ရှိပါတယ်။ အဲဒီလိုပိတ်ဆို့မှုတွေရှိတာတောင် မြန်မာပြည်ရဲ့စီးပွားရေးလောက အခုလောက်ထိ ရပ်တည်နိုင်တာဟာ အံ့အားသင့်စရာပါပဲ။ အခု အချိန်မှာတော့ ပြင်ပက အရေးယူပိတ်ဆို့မှုတွေ လျော့နေပြီဆိုတော့ ပြည်တွင်းကလည်း မြန်မြန်သွက်သွက်နဲ့ လျော့ပေးဖို့လိုပါတယ်။ အစိုးရအဖွဲ့အစည်းပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှု နောက်တစ်ခုကတော့ အစိုးရဲ့အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲမှုဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ဝန်ကြီးတွေအပြောင်းအလဲတွေ လုပ်နေတယ်ဆိုပေမဲ့ စောင့်ကြည့်တဲ့သူတွေကတော့ သိပ်ပြီးအားရကျေနပ်မှု မရှိသေးတာကို တွေ့ရပါတယ်။ လူဟောင်းတွေကပဲ နေရာပြောင်းပြီးထိုင်တာမျိုးပဲ ဖြစ်တယ်လို့ယူဆကြပြီး လိုချင်တဲ့ပုံစံက စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ လူသစ်တွေကို ပါဝင်ဦးဆောင်စေချင်တာဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတကာရဲ့ ယုံကြည့်မှုအပြည့်အဝရတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးတွေကို လုပ်စေချင်ကြတာဖြစ်တယ်။ နည်းပညာပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှု နည်းပညာပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့၊ နည်းပညာတွေကို တိုးမြှင့်အသုံးချဖို့ အများကြီးလိုနေပါသေးတယ်။ နည်းပညာပိုင်း ပြုပြင်ပြောင်းလဲမှုက လက်တွေ့မှာ သိပ်အကောင် အထည်မဖော်နိုင်သေးပါဘူး။ ဥပမာ- ကြီးကြီးမားမား E-government နဲ့ပတ်သက်တဲ့စီမံကိန်းမျိုးတွေ များများစားစား သိပ်မတွေ့ရသေးပါဘူး။ ကြီးကြီးမားမားဆိုတာ ဒေါ်လာသန်းနဲ့ချီတဲ့ စီမံကိန်းတွေ ကိုဆိုလိုတာမဟုတ်ဘဲ လူတိုင်းလက်လှမ်းမီပြီး အသုံးပြုနိုင်မယ့်ဟာမျိုးကိုပြောချင်တာဖြစ်ပါတယ်။ ဘာမဆို Online ကနေ ကြည့်လို့ရတယ်၊ လျောက်လို့ရမယ်၊ သုံးစွဲလို့ရမယ် စတာတွေကို အများကြီးအသုံးချလို့ရအောင် လုပ်စေချင်ပါတယ်။ အဲဒါတွေကို မလုပ်ပေးနိုင်တဲ့အတွက် ပြည်သူတွေက အချိန်ကုန်လူပင်ပန်းဖြစ်နေရပါတယ်။ Digital Divide ဆိုတဲ့ အရင်ကခေတ်စားတဲ့အသုံး အနှုန်းတစ်ခု ရှိပါတယ်။ အဲဒါကို ဒီမှာမကျယ်ပြန့်အောင် ကြိုးစားဖို့လိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ပြုပြင်ပြောင်းလဲမှုတွေကို အစကနေပြန်လုပ်နေတဲ့နိုင်ငံမျိုးမှာ ဖြစ်တယ်။ Digital Divide ဆိုတာက ရှိတဲ့သူနဲ့ မရှိတဲ့သူအကြား ကွာခြားမှုကကြီးမားပြီး တအားဟသွားရင် ရှိတဲ့သူတွေက အမြင့်ကိုရောက်၊ တအားချမ်းသာ၊ တအားကောင်းသွား ပြီး၊ မရှိတဲ့သူတွေကတော့ ဘာမှကို မတတ်မသိ နားမလည် တော့တာမျိုးဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် အစိုးရက E-government စနစ်နဲ့ သွားတဲ့အခါမျိုးမှာ ရှိတဲ့အုပ်စုတွေ ကဘာမဆို Online ပေါ်ကနေ လုပ်နိုင်၊ ရနိုင်တာမျိုးဖြစ်ပြီး၊ ကျန်တဲ့ပြည်သူတွေက အဆင်မပြေတာမျိုးဖြစ်မယ်ဆိုရင်လည်း မကောင်းပါဘူး။ ဒါကြောင့် အဲဒီကွာဟမှုကိုစေ့ပေး ဖို့လိုပါတယ်။ ဆိုလိုတာကတော့ လူတော်တော်မျာများကို ရှိတဲ့ဘက်ကို ရောက်အောင်လုပ်ပေးဖို့ပဲဖြစ်ပါတယ်။ အဲဒါ ကိုလုပ်ဖို့က ကွန်ပျူတာစနစ်တွေကို အလွယ်တကူသုံးနိုင်အောင်၊ လူတိုင်းလက်ထဲမှာရှိနေအောင် အရင်ဆုံးလုပ်ဖို့လိုပါတယ်။ အဲဒါက အခြေခံအဆောက်အဦပိုင်း ဖြစ်ပါတယ်။ လူတိုင်းစကားပြောရုံသက်သက်အတွက် Handphone ဝယ် တာမဟုတ်ဘဲနဲ့ စာတိုတွေပို့မယ်၊ Application တွေကို Download လုပ်ပြီးသုံးမယ်၊ မိုးလေဝသနဲ့ဆိုင်တဲ့App တွေကို ထည့်ထားပြီး၊ ဥပမာ- အရေးပေါ်မုန်တိုင်းဝင်တာမျိုးဆိုရင် ဖုန်းထဲက သတိပေးကြေညာချက်ရတာမျိုး စတာတွေကို လုပ်နိုင်ဖို့အတွက် လူတိုင်းဈေးသက်သာတဲ့ စမတ်ဖုန်းတွေ ကိုသုံးနိုင်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။ နောက်ပြီး အစိုးရဝန်ကြီးဌာနတိုင်းအနေနဲ့ သူတို့ရဲ့သတင်းအချက်အလက်တွေ၊ ဝန်ဆောင်မှုတွေကို ပြည်သူ တွေအနေနဲ့ မိုဘိုင်းဖုန်းပေါ်ကနေကြည့်လို့ရနိုင်အောင် AppတွေWebsite တွေကိုလုပ်သင့်ပါတယ်။ အဲဒီလိုမျိုး Hard Infrastructure ရော Soft Infrastructure ပါပြည့်စုံအောင် ပံ့ပိုးပေးနိုင်မှပဲ Digital Divide ဆိုတဲ့အခက်အခဲမျိုးကို ရှောင်ရှားနိုင်မှာပါ။ အခုလောလောဆယ်မှာတော့ အစိုးရက Telenor နဲ့ Ooredo ကိုဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေချပေးထားတယ်ဆိုတော့ သူတို့ကတော့ သူတို့ရဲ့ ဈေးကွက်အတွက် အားကြိုးမာန်တက် လုပ်မှာဖြစ်တဲ့အတွက် သူတို့ကို လုပ်ပိုင်ခွင့်တွေပေးဖို့လိုသလို တစ်ဖက်မှာလည်း သူတို့လုပ်တာတွေက ပြည်သူတွေကိုအမြတ်ကြီးစားတာမျိုး မဖြစ်အောင်လည်း ပြည်သူတွေကိုအကာအကွယ်ပေးဖို့ လိုပါတယ်။ အဲဒါတွေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ လာမယ့်တစ်နှစ်၊ နှစ်နှစ်ဆိုရင် မြန်မာနိုင်ငံဟာ Digital ကိစ္စမှာ တော်တော်ကောင်းမွန်သွားမှာပါ။