အနောက်တိုင်းနည်းပညာကို ပုံတူကူးချမှုတွေကြောင့် တရုတ်အင်တာနက်ကုမ္ပဏီကြီးတွေကို ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေ အခြေစိုက်ရာ Silicon Valley က ရင်းနှီးမြှုပ်နှံသူတွေက တစ်ချိန်က ဖယ်ကြဉ်ထားခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ တရုတ်အင်တာနက်ကုမ္ပဏီကြီးတွေက နိုင်ငံတကာနယ်ပယ်ကို သိသိသာသာ ခြေဆန့်လို့လာခဲ့ကြပါပြီ။ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးနည်းပညာကုမ္ပဏီဖြစ်တဲ့ Alibaba ဆိုရင် eBay နဲ့ Amazon တို့ထက်တောင် တစ်နှစ်ထက်တစ်နှစ် ပိုပြီးသိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့တာကို တွေ့ရမှာပါ။ Alibaba ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Jack Ma ကတော့ နှစ်နှစ်ရာအတွင်း ကမ္ဘာတစ်ဝန်းက ဖောက်သည်နှစ်ဘီလီယံကို ဝန်ဆောင်မှုပေးနိုင်ရမယ်လို့ ကြွေးကြော်ထားပါတယ်။ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းဂိမ်းနယ်ပယ်မှာ ဆရာတစ်ဆူဖြစ်နေတဲ့ Tencent ဆိုရင် ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီစာရင်းမှာ အဆင့် ၁၀ ထိ ချိတ်လာပြီး ပိုင်ဆိုင်မှုဒေါ်လာ ၂၇၅ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ Tencent ရဲ့ ဥက္ကဋ္ဌ Pony Ma ကတော့ အနာဂတ်ကမ္ဘာ့နည်းပညာတော်လှန်ရေးမှာ တရုတ်ကဦးဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အခုလို တရုတ်အင်တာနက်ကုမ္ပဏီကြီးနှစ်ခုက ကမ္ဘာ့အဆင့်ထိပ်တန်းကုမ္ပဏီကြီးတွေ ဖြစ်လာချိန်မှာ တစ်ဖက်မှာလည်း Baidu က ပြည်တွင်း Google လို့တောင် ဆိုစမှတ်ပြုရမလို အသုံးတွင်ကျယ်လာပြန်ပါတယ်။ ဆင်ဆာဥပဒေပိုင်းမှာ နောက်ကောက်ကျနေတဲ့ တရုတ်နိုင်ငံကို Google က လက်ရှောင်ခဲ့လို့လည်း အင်တာနက်ရှာဖွေရေးအင်ဂျင်ဖြစ်တဲ့ Baidu က Google နေရာကို ယူနိုင်ခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် အခု တရုတ်အင်တာနက်ကုမ္ပဏီကြီးသုံးခုဟာ အနောက်တိုင်းကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်လို့ရရင်တော့ အဓိကကျတဲ့အပိုင်းတွေမှာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ပထမအချက်က အနောက်တိုင်းကုမ္ပဏီတွေက နယ်ပယ်တစ်ခုကို တစိုက်မတ်မတ် လုပ်ကိုင်လေ့ရှိပေမယ့် တရုတ်အင်တာနက်ကုမ္ပဏီတွေကတော့ အွန်လိုင်းငွေချေစနစ်ကအစ စီးပွားရှာနိုင်သမျရှာဖို့ ကြိုးစားကြပါတယ်။ Tencent ရဲ့ WeChat အက်ပလီကေးရှင်းက ဒီနည်းနဲ့အောင်မြင်မှုရရှိနေတာကတော့ အထင်ကြီးစရာပါပဲ။ ဒုတိယအချက်က နိုင်ငံရေးအရ ဆင်ဆာပိုင်းထိန်းချုပ်မှုကလွဲရင် တရုတ်နိုင်ငံရဲ့ အင်တာနက်ကွန်ရက်မှာ ဥပဒေပိုင်းအရ တင်းကျပ်မှုအနည်းငယ်သာရှိပါတယ်။ ဒါကြောင့် Facebook ၊ Apple နဲ့ Google တို့လို အနောက်တိုင်းကုမ္ပဏီတွေက အင်တာနက်ဥပဒေတွေကြောင့် ဗျာများနေရချိန်မှာ တရုတ်အင်တာနက်ကုမ္ပဏီတွေက ဈေးကွက်ထိုးဖောက်မှုတွေကို ပိုပြီးထိထိရောက်ရောက် လုပ်ကိုင်နိုင်ကြပါတယ်။
တတိယကွဲပြားချက်ကတော့ ပြည်တွင်းစီးပွားရေးလိုအပ်ချက်ကြောင့် တရုတ်ကုမ္ပဏီတွေဟာ မြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်နိုင်ကြတာပါ။ သာဓကအနေနဲ့ တရုတ်ပြည်တွင်းမှာ လူဦးရေ ၁.၂ သန်းအတွက် ဈေးဝယ်စင်တာတစ်ခုနှုန်းသာ ရရှိနိုင်တဲ့အခြေအနေကို ကြည့်ရပါလိမ့်မယ်။ ဒါက အွန်လိုင်းစီးပွားရေးအတွက် အလုပ်ဖြစ်တဲ့ အခြေအနေတစ်ရပ်ပါပဲ။
ကြီးမားတဲ့ပြည်တွင်းဈေးကွက်ကြောင့် တရုတ်အင်တာနက်ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်လှပါတယ်။ Tencent နဲ့ Alibaba က ရှေ့ရောက်လာပြီး Baidu က နောက်ကျကျန်ခဲ့တာက ပြည်တွင်းကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်နေတာကို ပိုထင်ရှားစေပါတယ်။ ပြည်တွင်းက ကျွမ်းကျင်သူတွေကတော့ တီထွင်ဆန်းသစ်မှုနဲ့ စီမံခန့်ခွဲမှုပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေသေးတဲ့ Baidu ဟာ တရုတ်နိုင်ငံရဲ့ Yahoo ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။
ဒါပေမဲ့ Baidu ရဲ့ ဘဏ္ဍာငွေဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း တဖြည်းဖြည်းကျဆင်းလို့ လာပါတယ်။ Baidu ရဲ့ဝင်ငွေဆယ်ပုံကိုးပုံဟာ အွန်လိုင်းကြော်ငြာလုပ်ငန်းကနေ ရရှိနေခဲ့တာပါ။ ဈေးကွက်ထိုးဖောက်သူတွေဟာ Google လို အင်တာနက်ရှာဖွေရေးအင်ဂျင်ဖြစ်တဲ့ Baidu က တစ်ဆင့်ခံကြော်ငြာထည့်မယ့်အစား WeChat လို ဆိုရှယ်မီဒီယာနဲ့ Alibaba ရဲ့ မိုဘိုင်းသုံးအွန်လိုင်းပလက်ဖောင်းတွေကနေ တိုက်ရိုက်ကြော်ငြာထည့်လာခဲ့ကြလို့လည်း Baidu ရဲ့ ကြော်ငြာဝင်ငွေရရှိမှုကို အထိနာစေခဲ့တာပါ။ ဒါကြောင့် အခုချိန်မှာ Baidu က အဘက်ဘက်က ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ တရုတ်စီးပွားရေးကျွမ်းကျင်သူတစ်ဦးကတော့ နောင်လာမယ့်ငါးနှစ်အတွင်း တရုတ်နည်းပညာကုမ္ပဏီသုံးခုရဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ရှိနေနိုင်မယ့် အခွင့်အလမ်းနည်းပါးတယ်လို့ သုံးသပ်ထားပါတယ်။
လက်ရှိအခြေအနေကောင်းနေတဲ့ Tencent နဲ့ Alibaba ကုမ္ပဏီနှစ်ခုမှာတော့ Tencent က ပိုကြောက်စရာကောင်းပါတယ်။ Tencent ရဲ့ ဘဏ္ဍာငွေနဲ့ အမြတ်ငွေပမာဏဟာ အခုဆိုရင် Alibaba ထက်တောင် မြင့်မားနေပါတယ်။ WeChat က ရရှိတဲ့ကြော်ငြာဝင်ငွေကလည်း ဆက်လက်မြင့်တက်လာဖို့ ရှိနေဆဲပါ။ Tencent အနေနဲ့ Alibaba ကို တိုက်ခိုက်နိုင်တဲ့လက်နက်ကတော့ jd.com ကုမ္ပဏီမှာ ရှယ်ယာဝင်ထားတဲ့အချက်ပါ။ Richardliu ဦးဆောင်တဲ့ jd.com ဟာ တရုတ်နိုင်ငံမှာ ဒုတိယမြောက်အကြီးဆုံးနဲ့ အောင်မြင်မှုအရှိဆုံး အင်တာနက်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
အနောက်တိုင်းနဲ့ နှိုင်းယှဉ်ရင်တော့ jd.com ဟာ အမေရိကရဲ့ Amazon လိုပါပဲ။ ပို့ဆောင်ရေးလုပ်ငန်း၊ သိုလှောင်ရုံနဲ့ ကုန်သည်တွေက jd.com ရဲ့ လက်အောက် မှာ ရှိနေတဲ့အတွက် Alibaba ရဲ့ လုပ်ငန်းလိုအပ်ချက်တွေကို ဖြတ်တောက်ပြီး ပြိုလဲအောင်လုပ်လို့ ရနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ Alibaba ရဲ့ဝင်ငွေ ယမန်နှစ်ထက် မြင့်တက်လာတာကိုတွေ့ရပြီး ရှယ်ယာတွေလည်း မြင့်တက်လာခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် Alibaba ရဲ့ Jack Ma အနေနဲ့ ပြည်တွင်းအင်တာနက်စီးပွားရေးလုပ်ငန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပေမယ့် မရောင့်ရဲနိုင်တဲ့ အကြောင်းအရင်းကိုတော့ ထင်ရှားစေပါတယ်။ ဒါကြောင့်လည်း အရှေ့တောင်အာရှရဲ့ အကြီးဆုံးအင်တာနက်ဈေးကွက်ဖြစ်တဲ့ Lazada ကို ဝယ်ယူနိုင်ဖို့ Alibaba က ဒေါ်လာတစ်ဘီလီယံအထိ သုံးစွဲခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ကလည်း JackMa က G20 အစည်းအဝေးပွဲမှာ အီလက်ထရွန်းနစ်ကမ္ဘာ့ကုန်သွယ်ရေးပလက်ဖောင်း (eWTP) ကို အကောင်အထည်ဖော်ဖို့ ဆော်သြခဲ့ပါသေးတယ်။ ကနဦးအကောင်အထည်ဖော်မှုအနေနဲ့လည်း မလေးရှားမှာ Digital Free-trade Zone တစ်ခုကို ပြီးခဲ့တဲ့လက Alibaba က စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာကိုထိုးဖောက်ဖို့ Jack Ma ရဲ့ လက်ကိုင်တုတ်က Ant Financial ပါ။ Alibaba လက်အောက်က ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Ant Financial ဟာ အွန်လိုင်းဘဏ်လုပ်ငန်းကနေ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်အထိ ဝန်ဆောင်မှုပေးနေပြီး တရုတ်နိုင်ငံမှာ ဖောက်သည် သန်း ၄၅၀ ရှိထားသလို ပြည်ပကိုနယ်ပယ်ချဲ့ထွင်ဖို့ စိုင်းပြင်းနေပါပြီ။ ဒါအပြင် ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံက ပြည်တွင်းအွန်လိုင်းငွေချေး ဝန်ဆောင်မှုကုမ္ပဏီတွေမှာလည်း Ant Financial က ရင်းနှီးမြှုပ်နှံထားပါသေးတယ်။ အမေရိကမှာတော့ ငွေကြေးလွှဲပြောင်းရေး ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ MoneyGram International ကို ဝယ်ယူဖို့အတွက် အမေရိကန်စီးပွားရေးပြိုင်ဘက် Euronet နဲ့ အားပြိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ Ant က Euronet ထက် ဈေးပိုကမ်းလှမ်းပြီး MoneyGram ကို ရရှိဖို့ ကြိုးစားခဲ့ပါတယ်။
တစ်ဖက်မှာလည်း Tencent က ဖင်လန်နိုင်ငံရဲ့ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဂိမ်းကုမ္ပဏီဖြစ်တဲ့ Supercell ကို ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၈.၆ ဘီလီယံအထိ သုံးစွဲဝယ်ယူဖို့ ကြိုး စားခဲ့ပါတယ်။ အခုလို Supercell ကို ဝယ်ယူဖို့ သဘောတူညီချက်က Tencent ကို ကမ္ဘာ့အွန်လိုင်းဂိမ်းနယ်ပယ်မှာ အကြီးမားဆုံးကုမ္ပဏီတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါအပြင် ထိုင်ဝမ်နည်းပညာကုမ္ပဏီနဲ့ပူးပေါင်းပြီး အိန္ဒိယမက်ဆေ့ချ် အက်ပလီကေးရှင်း Hike Messenger မှာ ဒေါ်လာ ၁၇၅ သန်း ရင်းနှီးမြှုပ်နှံထားပါသေးတယ်။
ဒီလိုလုပ်ငန်းတွေ လိုက်လံဝယ်ယူရတဲ့ အကြောင်းပြချက်တစ်ခုက Tencent အနေနဲ့ နိုင်ငံရပ်ခြားအထိ ထိုးဖောက်ဖို့ ကြံရွယ်ထားတဲ့ WeChat အက်ပလီကေးရှင်းက အလုပ်မဖြစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ Facebook နဲ့ WhatsApp တို့လို ဆိုရှယ်ကွန်ရက်တွေကလည်း သူတို့နေရာကို အလွယ်တကူနဲ့ အစားထိုးဖို့ နေရာယူဖို့ မလွယ်ဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။ Tencent ရဲ့ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွေကတော့ Alibaba နဲ့ Baidu တို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အလှမ်းဝေးပါတယ်။
တစ်ခါတလေ ကုမ္ပဏီသုံးခုဟာ အဆုံးသတ်မှာ ပူးပေါင်းဆောင်ရွက်မှုဆီ ဦးတည်သွားမယ့်ဟန်မျိုးလည်း ရှိနေတတ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Didi Chuxing ကို အဓိကပံ့ပိုးပေးထားတာကလည်း ဒီကုမ္ပဏီသုံးခုပါပဲ။ ဒါပေမဲ့ တစ်ခါတလေ ကုမ္ပဏီသုံးခုရဲ့ စီးပွားရေးအားပြိုင်မှုတွေဟာ နိုင်ငံခြားဈေးကွက်တွေအထိအောင် ကျယ်ပြန့်သွားတတ်ပါတယ်။ အိန္ဒိယဟာ ဒီကုမ္ပဏီသုံးခုရဲ့ နိုင်ငံခြားစီးပွားရေး ဈေကွက်အားပြိုင်တဲ့ နေရာတွေထဲက တစ်ခုအပါအဝင်ပါပဲ။
သိပ်မကြာသေးခင်က Tencent ဟာ eBay ၊ Microsoft တို့နဲ့ပူးပေါင်းပြီး အိန္ဒိယအွန်လိုင်းဈေးကွက်တစ်ခုဖြစ်တဲ့ Flipkart မှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Alibaba နဲ့ Ant တို့ကလည်း အတူပူးပေါင်းပြီး အိန္ဒိယရဲ့ ထိပ်တန်းအွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Paytm မှာ ဒေါ်လာသန်းကိုးရာ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။
နောက်တစ်ခုကတော့ Tencent က ဥရောပကုမ္ပဏီတွေကို တရုတ်ပြည်မှာ ကုန်ပစ္စည်းတိုက်ရိုက်ရောင်းချနိုင်ဖို့အတွက် WeChat ကို အသုံးပြုခွင့်ပေးခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ ကြိုးနီစနစ်ကိုကျော်ဖြတ်ပြီး ဝယ်သူကို တိုက်ရိုက်ရောင်းချနိုင်မယ့်ဝန်ဆောင်မှုက Tencent နဲ့ ဥရောပကုမ္ပဏီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးအားကောင်းလာစေဖို့ ရှိနေပါတယ်။ အမေရိကမှာ လျှပ်စစ်ကားနဲ့ ကားအမျိုးမျိုးထုတ်လုပ်မှုလုပ်ငန်းတွေမှာ နေရာတစ်ခုရရှိထားတဲ့ Tesla မှာ Tencent က အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံရင်းနှီးမြှုပ်နှံလိုက်တာကတော့ Baidu အတွက် သီးခြားစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်လာနိုင်ပါတယ်။
Baidu ဟာ အခုမှ အမေရိကတက္ကသိုလ်တွေက နည်းပညာကျွမ်းကျင်သူတွေကို စတင်စုဆောင်းနေချိန်မျိုးမှာ Tencent ကတော့ အမေရိကရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီရဲ့ ရှယ်ယာဝင်ဖြစ်လာတဲ့အထိ ရှေ့ရောက်လို့ နေခဲ့ပါပြီ။ Baidu မှာတော့ Alibaba နဲ့ Tencent တို့လို Silicon Valley မှာ နည်းပညာအရင်းအမြစ် မရှိသေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နည်းပညာကုမ္ပဏီသုံးခုအနေနဲ့ ကမ္ဘာလုံးဆိုင်ရာလျာထားချက်တွေမှာ ပိုပြီး လေးနက်မှုရှိသင့်ပါတယ်။ ပြည်တွင်းဈေးကွက် အကျိုးအမြတ်ကို လျစ်လျူရှုထားခဲ့ရင်တော့ ဒါဟာ အမှားတစ်ခု ဖြစ်လာပါလိမ့်မယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အမေရိကန်ဘဏ် Goldman Sachs က ၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံရဲ့ အွန်လိုင်းလက်လီဈေးကွက်ဟာ နှစ်ဆကြီးမားလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
စီးပွားရေးလုပ်ငန်းအကြံပေးကုမ္ပဏီ BDA China ကို တည်ထောင်ခဲ့သူ Duncan Clark က Alibaba ကို သုံးသပ်ရေးသားထားတဲ့ စာအုပ်ထဲမှာတော့ Jack Ma နဲ့ တရုတ်အင်တာနက်စီးပွားရေးလုပ်ငန်းရှင်တွေ ဘာပဲလုပ်လုပ် ပြည်တွင်းနဲ့အလှမ်းကွာနေကြပေမယ့် ပြည်တွင်းပြည်ပဈေးကွက်မှာ တရုတ်နိုင်ငံက အင်တာနက်သုံးစွဲသူတွေကို ဥပေက္ခာပြုထားလို့မရတာ ထင်ရှားတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ကိုဇေ (ရေဦး)