၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှာ ဘာလင်တံတိုင်းကြီး ပြိုလဲသွားခဲ့တာကြောင့် ကမ္ဘာကြီးမှာ ဒုတိယကမ္ဘာစစ်အပြီးကတည်းက အဓိကဝါဒကြီးနှစ်ခုဖြစ်တဲ့ အရင်းရှင်စနစ်နဲ့ ကွန်မြူနစ်စနစ်တို့ရဲ့ အားပြိုင်မှု ချုပ်ငြိမ်းသွားခဲ့ပြီး လစ်ဘရယ်ဝါဒ အနိုင်ရလာတာနဲ့အမျှ ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာခဲ့ပါတယ်။
ဒါပေမဲ့လည်း နှစ်ပေါင်း ၂၇ နှစ်အကြာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှာ ဒေါ်နယ်ထရန့်ကို အမေရိကန်သမ္မတအဖြစ် အမေရိကန်လူထုက တစ်ခဲနက်ရွေးချယ်တင်မြှောက်လိုက်ချိန်မှာတော့ အဆိုပါ ယူဆချက်တွေအားလုံးဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ရပြီး သမိုင်းဘီးက အရင်သူတို့မောင်းနှင်ခဲ့ရာ လမ်းတစ်လျှောက်ကို လက်တုံ့ပြန်လိုစိတ်နဲ့ ပြန်လည်သွားဖို့တာ စူနေပြီ ဖြစ်ပါတယ်။
ဒီအတွက် စီးပွားရေးအတိုင်ပင်ခံပညာရှင်တွေ၊ နိုင်ငံရေးအတွေးအခေါ်ပညာရှင်တွေနဲ့ စစ်တမ်းကောက်ယူသူတွေ လက်မှိုင်ချသွားခဲ့ရတာနဲ့အမျှ အမေရိကန်နိုင်ငံရေးလောကရှိ အဖွဲ့အစည်းတွေရဲ့ နောင်ရေးအတွက်ပါ ရတက်မအေး ဖြစ်လာကြရပါတယ်။
သူတို့တွေသာ မဟုတ်သေးပါဘူး။ နိုင်ငံရပ်ခြားရှိ မဟာမိတ်တွေကြားမှာလည်း အပြင်းအထန် လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီအတွက်လည်း နေတိုးမဟာမိတ်တပ်ပေါင်းစု ဗိုလ်ချုပ်ကြီးတွေကအစ အရှေ့ဖျားရှိ ဂျပန်ဝန်ကြီးချုပ်ပါမကျန် ဒေါ်နယ်ထရန့်ဆီကို ဖုန်းနဲ့သာမက လူကိုယ်တိုင်ပါတွေ့ဆုံပြီး သွေးတိုးစမ်းမေးမြန်း စုံစမ်းမှုတွေ ပြုလာကြရပြန်ပါတယ်။ သူတို့တွေအနေနဲ့ စစ်ပြီးခေတ်နောက်ပိုင်း အမေရိကန်သမ္မတအဆက်ဆက်က သူတို့ကို ရန်အသွယ်သွယ်ကနေ အမေရိကန်က သူ့ရဲ့ နျူကလီယားထီးကြီးနဲ့ ကာကွယ်ပေးခဲ့တယ် မဟုတ်လား။ အခုအချိန်မှာတော့ ဒီထီးရိပ်ကြီးအောက်မှာ အရင်ကလို အလကားမတ်တင်း ခိုလှုံလို့မရတော့ဘူးလို့ ဆိုလာနေပြီဖြစ်တဲ့အတွက် တုန်လှုပ်လာကြပါတယ်။
အမေရိကန်ပြည်သူတွေက ဒေါ်နယ်ထရန့်ကို ရွေးချယ်ခဲ့ကြတာဟာ အပြောင်းအလဲကိုသာ လိုလားတာမဟုတ်ကြဘဲ Change of Regime ဆိုတဲ့ အုပ်ချုပ်သူလူတန်းစားတစ်ရပ်လုံးကို ဖြုတ်ချချင်ခဲ့တာက ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လက်ရှိအမေရိကန်ရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာ သာမန်အမေရိကန် ပြည်သူတစ်ယောက်အဖို့ သူနဲ့မသက်ဆိုင်သလို ဖြစ်လာနေရပါတယ်။ ပျမ်းမျှအမျိုးသားတစ်ယောက်ရဲ့ ဝင်ငွေဟာ ငွေကြေးဖောင်းပွမှုကို ဖယ်ထုတ်တွက်ချက်ထားတဲ့ Real Terms နဲ့ဆိုရင် ၁၉၇၀ ပြည့်နှစ်တွေကထက်တောင် နည်းပါးနေပါသေးတယ်။
လူလတ်တန်းစား အမေရိကန်အိမ်ထောင်စုတွေဆိုရင် တိုင်းပြည်စီးပွားရေး အကြိမ်ကြိမ်ကပ်ဆိုက်ခဲ့တာတွေကြောင့် ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့အဖြစ်ကို မနည်းကြီးရုန်းကန်နေရပါတယ်။ ဒီအတွက် လက်ရှိအနေအထားကနေအပေါ်ကို တစ်ဆင့်တက်လှမ်းဖို့ တွေးတောင်မတွေးရဲအောင် ဖြစ်နေတဲ့အနေအထားမှာ ကျရောက်နေခဲ့ပါတယ်။
လက်ရှိစီးပွားရေးစနစ်ကြီးကို သူတို့အပေါ် ခွစီးထားတဲ့ တရားမမျှတတဲ့စနစ်ကြီးအနေနဲ့ ရှုမြင်လာကြပြီး ဝါရှင်တန်ရှိ အခွင့်ထူးခံအီလစ်တွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက သူတို့အကျိုးအတွက် ပူးပေါင်းကြံစည်အမြတ်ထုတ်နေမှုကို မခုခံမကာကွယ်နိုင်ရကောင်းလားဆိုပြီး ဒေါသထွက်လာခဲ့ကြပါတယ်။
ဒါတွေအားလုံးကို ကောင်းစွာအသုံးချနိုင်ခဲ့သူကတော့ ဒေါ်နယ်ထရန့်ပဲ ဖြစ်ပါတယ်။ နိုင်ငံတွင်း ဖြစ်ပျက်နေမှုတွေကို ပြောင်းပြန်လှန်ပစ်မယ့် သူရဲကောင်းအဖြစ် ပုံဖော်လာခဲ့ပါတယ်။ ထရန့်ကသူဟာ အမေရိကန်အုပ်ချုပ်ရေးနဲ့ စီးပွားရေးမှာ အပြင်လူတစ်ယောက်လိုမျိုး အမြဲတမ်းပြောဆိုခဲ့သူ ဖြစ်ပါတယ်။ သူပြောတာကလည်း မှန်သင့်သလောက်မှန်ပါတယ်။ သူကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်နေသူဖြစ်ပေမဲ့ တခြားအရင်းရှင်ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ရင် ဘာမှပြောပလောက်သူမဟုတ်ပါဘူး။ အိမ်ပွဲစားသာသာ တီဗီရှိုးသမားတစ်ယောက်လိုသာ သဘောထားခဲ့ကြပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ နယူးယောက်ရှိ သူနေထိုင်ရာ ထရန့်တာဝါကြီးကို ခြေရှုပ်အောင် ဝင်ထွက်နေကြသူတွေများလာပြီး သူတို့အရင်က အလေးမထားခဲ့တဲ့ ဒေါ်နယ်ထရန့်ဆိုသူ အာဏာရလာတဲ့အခါမှာ စီးပွားရေးကို ဘယ်လိုပုံစံဖော်ဆောင်မလဲဆိုတာကို တီးခေါက်မေးမြန်းတာတွေ ပြုလာနေကြပါတယ်။
သူတို့ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ တစ်ခုနဲ့တစ်ခု သဟဇာတမဖြစ်တဲ့ စီးပွားရေးပေါ်လစီသုံးမျိုး ဖြစ်ပါတယ်။
ဒေါ်နယ်ထရန့်က နဂိုရှိရင်းစွဲပုဂ္ဂလိကလုပ်ငန်းတွေရဲ့ ကြီးမားတဲ့စွမ်းအင်ကို အပြည့်အဝအသုံးချပြီး စီးပွားရေးပြန်လည်ရှင်သန်အောင်ပြုလုပ်ရေးဖြစ်ပါတယ်။ အခုလိုပြောတာကလည်း သူ့မှာ ခိုင်လုံတဲ့အကြောင်းရှိနေပြန်ပါတယ်။ မနှစ်က အလယ်အလတ်တန်းစားကုမ္ပဏီတွေက သူတို့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ငွေပမာဏရဲ့ ၄၆ ရာခိုင်နှုန်းကိုသာ ရင်းနှီးမြှုပ်နှံခဲ့ကြသေးတာ ဖြစ်ပါတယ်။ သူကိုယ်တိုင်က အမေရိကန်စီးပွားရေးဟာ ကုမ္ပဏီကြီးတွေနဲ့ အရင်းရှင်ခရိုနီတွေကိုသာ ပစားပေးနိုင်အောင် ပုံဖော်ထားတာဖြစ်တယ်လို့ ယုံကြည်နေတဲ့ ပေါ်ပြူလစ်ဝါဒီသမားတစ်ဦးဖြစ်တဲ့အပြင် ကိုယ်ကျိုးစီးပွားကာကွယ်လိုသူလည်း ဖြစ်ပါတယ်။
ခုနက ပြောခဲ့တဲ့ တစ်ခုနဲ့တစ်ခု သဟဇာတမဖြစ်နိုင်တဲ့ ပေါ်လီစီသုံးမျိုးထဲက ပထမတစ်မျိုးကိုတော့ ကုမ္ပဏီကြီးတွေ အတော်သဘောတွေ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ပိုရေးရှင်းတွေရဲ့ ဝင်ငွေခွန်ဆောင်မှုကို ၄၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမယ်ဆိုလိုက်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေကို အခွန်ရှောင်ဖို့ ခွင့်ပြုထားတဲ့ ခြွင်းချက်တွေကိုလည်း ပိတ်ဆို့ပစ်မယ်လို့ ဆိုပါတယ်။ ဒါပြင် အမေရိကန်မှာ ကြီးမားလှတဲ့ အခွန်ပမာဏကို ရှောင်ရှားနိုင်ဖို့ အရင်က ပြည်ပမှာသိမ်းဆည်းထားတဲ့ အမြတ်ငွေတွေ ပြန်လည်ယူဆောင်လာနိုင်အောင်လည်း လမ်းဖွင့်ပေးထားတာ ဖြစ်ပါတယ်။
အဆိုပါကုမ္ပဏီတွေက ယူလာတဲ့ငွေတွေကို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမလား၊ ရှယ်ယာတွေ ဝယ်ယူလာကြမလားဆိုတာကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြည်ပမှာရှိတဲ့ သူတို့ရဲ့ လက်ခွဲကုမ္ပဏီတွေအဖို့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံရမယ့်ငွေတွေ လျော့ပါးသွားနိုင်ပြန်ပါတယ်။
ဒုတိယပေါ်လစီကတော့ ကုမ္ပဏီအငယ်တွေ လှုပ်မရအောင် ချည်နှောင်ထားသလို ဖြစ်နေတဲ့ ဗျုရိုကရေစီကြိုးနီစနစ်ကို တိုက်ဖျက်သွားမယ်လို့ ထရန့်က ကတိပြုခဲ့ပါတယ်။ ဒီအထဲမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေအလိုကျ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားသလိုဖြစ်နေတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးလုပ်ငန်းတွေကိုပါ လျှော့လျှော့ပေါ့ပေါ့ ပြုလုပ်ပေးဦးမယ်လို့ ဆိုပါတယ်။ Hydraulic Fracking လို့ခေါ်တဲ့ ကျောင်ဆောင်ကျောက်သားတွေကို ရေအားနဲ့ဖြိုခွဲပြီး ကျောက်ဆောင်တွေကြားမှာ ခိုအောင်းနေတဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်ရေးကို ဦးဆောင်ဦးရွက်ပြုခဲ့သူ Harold Hamm ကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
တတိယပေါ်လစီဖြစ်တဲ့ အမေရိကန်ရှိ ဆိုဗီယက်တို့နဲ့အားပြိုင်နေတဲ့ ကာလတွေကတည်းက တည်ဆောက်ခဲ့တဲ့လမ်းတွေ၊ လေဆိပ်တွေ အိုမင်းရင့်ရော်နေတာတို့ကို ပြန်လည်ပြင်ဆင်ရေးမှာ အစိုးရအနေနဲ့ ငွေတွေ ဗုံးပေါလအောသုံးမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ရွေးကောက်ပွဲပြီးပြီးချင်းမှာ ကိုးရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပါတယ်။
ဒါတွေအားလုံးကိုခြုံပြီး ပြည်တွင်းမှာ ဝယ်လိုအားတွေကောင်းလာကာ ပြည်ပကငွေတွေ ပြန်လည်စီးဝင်လာမယ်ဆိုတဲ့ ယူဆမှုတွေကြောင့် ဒေါ်လာဈေးပြန်လည်အားကောင်းလာခဲ့ပါတယ်။ ပြည်ပက ပြန်ယူလာမယ့် အမြတ်ငွေတွေကြောင့် အမေရိကန်ကုမ္ပဏီတွေမှာ ငွေတွေ အလျှံပယ်ဖြစ်လာပြီး ပြည်တွင်းမှာ တိုးမြှင့်သုံးစွဲလာရဖို့ ရှိနေပါတယ်။ ဒါပေမဲ့လည်း အဆိုပါအမြတ်ငွေတွေအပေါ် အခွန်လည်း သက်သက်သာသာနဲ့ ကောက်ဦးမယ့်အပြင် ပြည်တွင်းရှိ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးမှာ ငွေတွေ တိုးမြှင့်သုံးစွဲမယ်လို့ဆိုနေတာကြောင့် ဘတ်ဂျက်လိုငွေပြမှုတွေ ပိုမိုကြီးထွားနိုင်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ရောင်းထားတဲ့ ဆယ်နှစ်နဲ့ အနှစ် ၃၀ ပါ ငွေချေးစာချုပ်တန်ဖိုးကျသွားပေမဲ့ ပေးရန်ကတိပြုထားတဲ့ အတိုးပေးရမှုတွေ မြင့်တက်သွားနိုင်ပါတယ်။
ဒါအပြင် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတချို့ သက်တမ်းကုန်လို့ မကြာမီအချိန်အတွင်း အနားယူရမယ့်နေရာမှာ အတိုးနှုန်းတွေမြှင့်တင်ဖို့လိုလားသူတွေနဲ့ ဖြည့်ဆည်းသွားမယ့်အရေးရှိနေတာကြောင့် အမေရိကန်ဒေါ်လာကလည်း ရှေ့ကိုတက်ဖို့သာ တာစူလာနေမယ့် အလားအလာရှိနေပါတယ်။
ဒေါ်လာဈေးအတက်အကျက Credit Cycle အတက်အကျနဲ့ သွားပြီးဆက်စပ်နေပြန်ပါတယ်။ ဒေါ်လာဈေးကျပြီး အတိုးနှုန်းနည်းနေတဲ့အခါမျိုးမှာ အမေရိကန်ပြင်ပရှိကုမ္ပဏီတွေက ဒေါ်လာတွေကို ဈေးပေါပေါနဲ့ရလို့ ပိုပြီးချေးယူလာကြပါတယ်။ ဒါအပြင် သူတို့ဈေးပေါပေါနဲ့ရထားတဲ့ ချေးငွေတွေကို ပြည်တွင်းရှိ ကုမ္ပဏီငယ်တွေဆီ ထပ်ပြီးချေးငှားခဲ့ကြပြန်ပါတယ်။ ဒေါ်လာဈေးတက်လာတဲ့အခါမှာတော့ အဆိုပါကုမ္ပဏီတွေက ဒေါ်လာနဲ့ ချေးထားတဲ့ငွေတွေကို အလုအယက် ပြန်ဆပ်ဖို့ ကြိုးပမ်းခဲ့ကြတဲ့အတွက် ပြည်တွင်းရှိ ကုမ္ပဏီငယ်တွေအဖို့ ချေးငွေတွေရစရာလမ်း မရှိသလောက် ဖြစ်သွားကြရပါတယ်။ အခုလို အနေအထားကို ကြုံနေတဲ့နိုင်ငံတွေက မက္ကဆီကို၊ ချီလီ၊ တူရကီ၊ ဖီလစ်ပိုင်နဲ့ ရုရှားတို့ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီခွန်တွေဖြတ်တောက်ပေးခြင်း၊ စည်းမျဉ်းစည်းကမ်းတွေလျှော့ချခြင်းနဲ့ အခြေခံအဆောက်အအုံတွေ ပြုပြင်ခြင်းတွေဆိုတဲ့ ဒေါ်နယ်ထရန့်ရဲ့အဆိုကို နိုင်ငံတဝန်းရှိကုမ္ပဏီတွေက ကောင်းချီးပေးနေကြပေမဲ့ ကုမ္ပဏီကြီးတွေက စည်းမျဉ်းစည်းကမ်းတွေလျှော့ချမယ်ဆိုတာကို စိုးရိမ်မကင်း ဖြစ်လာနေကြပါတယ်။ အမေရိကရဲ့ Antitrust ဆိုတဲ့ဥပဒေက ကုမ္ပဏီကြီးတွေက လုပ်ငန်းငယ်တွေအပေါ် လက်ဝါးကြီးအုပ်လာခြင်း၊ စွန့်ဦးတီထွင်သူတွေ အညှောက်ထွက်မလာနိုင်ခင်မှာပဲ ငွေတွေအဆမတန်ပေးပြီး ဝယ်ယူပစ်လိုက်ခြင်းတို့နဲ့ အညွန့်တုံးအောင် ပြုလုပ်နေခြင်းတွေကို တားဆီးတဲ့ဥပဒေအပေါ် ထရန့်ရဲ့ သဘောထားက မရေမရာဖြစ်လာနေတာကြောင့် ဖြစ်ပါတယ်။
အောက်တိုဘာလအတွင်းက အမေရိကန်ရဲ့ AT&T မှ Time Warner ကို ဒေါ်လာ ၁၀၉ ဘီလီယံနဲ့ ဝယ်ယူမှုအပေါ် ထရန့်က ကန့်ကွက်ခဲ့ပါတယ်။ တစ်ဖက်မှာ ဆေးဝါးကုမ္ပဏီကြီးတွေရဲ့ သူတို့ထုတ်လုပ်တဲ့ ဆေးတွေအပေါ် ဈေးနှုန်းတွေတိုးမြှင့်လာခြင်းကိုတော့ သဘောထားပျော့ပျောင်းခဲ့တာ တွေ့ရတဲ့အတွက် ရွေးကောက်ပွဲနောက်ပိုင်းမှာ ဆေးကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတွေ ပြန်ဦးမော့လာခဲ့ပြန်ပါတယ်။
ကုမ္ပဏီအချင်းချင်းယှဉ်ပြိုင်မှုတွေ တိုးမြှင့်လာစေပြီး ခရိုနီဝါဒကို တိုက်ဖျက်ပစ်မယ်ဆိုတဲ့ သူ့ရဲ့မူဝါဒက အဓိပ္ပာယ်ရှိပေမဲ့ အခုလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပြုလုပ်နေမှုတွေကြောင့် စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေ ရှိနေပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး အချက်အခြာရပ်ဝန်းတွေဖြစ်တဲ့ Wall Street နဲ့ Silicon Valley တို့လည်း အထိတ်တလန့် ဖြစ်လာနေပါတယ်။
၂၀၀၈ စီးပွားရေးအကျပ်အတည်းကြီးနောက်ပိုင်း ပြဋ္ဌာန်းခဲ့တဲ့ ဘဏ်လုပ်ငန်းတွေကို ကြီးကြပ်ရေးဥပဒေဖြစ်တဲ့ Dodd-Frank အက်ဥပဒေကို ထရန့်က ဖျက်သိမ်းပစ်လိုပါတယ်။ ဒါအပြင် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ဘဏ်လုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနဲ့ လူအများရဲ့ နိစ္စဓူဝဘဏ်လုပ်ငန်းများ ကိုင်တွယ်လုပ်ကိုင်နေမှုကို သီးသန့်ခွဲထုတ်ဖို့ပါ အဆိုပြုလာတဲ့အတွက် JP Morgan လို ဘဏ်ကြီးတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ အခက်တွေ့နေကြပါတယ်။
Silicon Valley မှာ အလွန်အကျွံ တန်ခိုးထွားနေတဲ့ Facebook တို့၊ Google တို့လို ကုမ္ပဏီကြီးတွေက ဒေါ်နယ်ထရန့်ကို အပြင်းအထန် ရန်လိုမှုတွေ ပြလာပါတယ်။ အခုထိတော့ အဆိုပါကုမ္ပဏီတွေနဲ့ပတ်သက်ပြီး ဘာမှပြောဆိုခြင်းမရှိသေးပေမဲ့ Amazon လို e-commerce ကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးထားမှုကို တိုက်ခိုက်ခဲ့တဲ့အပြင် Uber လို တက္ကစီကုမ္ပဏီကြီးက ယာဉ်မောင်းသူတွေအပေါ် ကန့်ကွက်ပြောဆိုလာခြင်း၊ iPhone ထုတ်လုပ်နေတဲ့ Apple က သုံးစွဲသူတွေရဲ့ ဖုန်းကို Unlock လုပ်ရန် ငြင်းဆန်ခဲ့မှုတွေကို အမျိုးသား လုံခြုံရေးအကြောင်းပြချက်နဲ့ အတင်းအကျပ်ခိုင်းစေလာနိုင်ပါတယ်။
နောက်တစ်ခုက ထရန့်ရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်လိုတဲ့မူဝါဒကြောင့် ပြည်ပမှာ သွားရောက်အခြေစိုက်နေတဲ့ အမေရိကန်ကုန်ထုတ်လုပ်ငန်းတွေ ပြည်တွင်းကို ပြန်လည်ရွှေ့ပြောင်းရေးဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွေတုန်းက ကားကုမ္ပဏီဖြစ်တဲ့ Ford နဲ့ အစားအသောက်တွေထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Mondelez တို့ ပြည်တွင်းမှာ အလုပ်သမားအနည်းငယ်သာ ငှားရမ်းအသုံးပြုနေမှုကို အပြင်းအထန် တိုက်ခိုက်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပြည်ပက တင်သွင်းလာမှုတွေကို ကုန်သွယ်ခွန်တိုးမြှင့်ကောက်ယူမယ်ဆိုတဲ့ အပြောကြောင့် ကျန်နိုင်ငံတွေက လက်တုံ့ပြန် ပြုလုပ်လာကြမယ်ဆိုရင် ကုန်သွယ်ရေးစစ်ပွဲကြီး ဖြစ်ပေါ်လာပြီး အစဉ်အလာအရ ရှိနေပြီးသား Global Supply Chain ကို ဖရိုဖရဲဖြစ်သွားနိုင်ပါတယ်။
အဆိုပါ အကျိုးဆက်ကို အမေရိကန်ကုမ္ပဏီတွေ အလူးအလဲခံရနိုင်ကိန်းရှိနေပြီး ပြည်တွင်းရှိ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေက ကုန်ပစ္စည်းတွေကို မတန်တဆဈေးနဲ့ ပေးဝယ်ကြရဖို့ ရှိနေပါတယ်။
တရုတ်ပြည်တွင်းရှိ အမေရိကန်ကုမ္ပဏီတွေရဲ့ အရောင်းတန်ဖိုးက တစ်နှစ်ကို သုံးရာဘီလီယံ ရှိနေတာမို့ ထရန့်ရဲ့ ကုန်သွယ်ရေးစည်းကြပ်ခွန် တိုးမြှင့်ကောက်ယူမယ့်အရေးကို တရုတ်ကလက်တုံ့ပြန်ပြီး သူတို့ ပြည်တွင်းမှာရှိတဲ့ အမေရိကန်ကုမ္ပဏီတွေကို တင်းကျပ်လာမယ့်အရေးကို အထူးစိုးရိမ်မကင်း ဖြစ်လာနေပါတယ်။
ပြည်တွင်းမှာ အခြေခံအဆောက်အအုံတွေအတွက် တိုးမြှင့်သုံးစွဲလာမယ့်အလားအလာတွေရယ်၊ ကုမ္ပဏီတွေက ပိုလျှံလာတဲ့အမြတ်ငွေတွေကို ရင်းနှီးမြှုပ်နှံလာမယ့်အရေးကြောင့် Agreegate Demand လို့ ခေါ်တဲ့ ကမ္ဘာစီးပွားရေးရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုမှာ ဝယ်လိုအားမြင့်တက်လာနိုင်မှာဖြစ်တဲ့အပြင် အမေရိကန်ရဲ့ လတ်တလော စီးပွားရေးအနေအထားတွေ ကောင်းမွန်လာနိုင်ပါတယ်။ ဒီလိုအနေအထားတွေ ပျက်သွားအောင် သူ့ရဲ့ကိုယ်ကျိုးစီးပွားကာကွယ်ရေးဆိုတာကို ဒေါ်နယ်ထရန့် ကိုယ်တိုင်က စီးပွားရေးနားလည်သူဖြစ်တာမို့ ဒီလောက်ထိ ပြောသလိုလုပ်မှာမဟုတ်ဘူးလို့ ကုမ္ပဏီ စီအီးအိုအတော်များများကတော့ ကိုယ့်ဘာသာ ဖြေသိမ့်နေကြပါတယ်။ ဒီလိုပြောဆိုမှုတွေက မမှန်ဘူးလို့တော့ ပြောလို့မရပါဘူး။ အိုဘားမားနဲ့ ကလင်တန်တို့ထက်စာရင်တော့ ကုမ္ပဏီတွေနဲ့အရင်းရှင်စနစ်အကြောင်းကို အူမချေးခါး သိထားသူဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးပြန်လည်ရှင်သန်လာအောင် အမေရိကန်ရှိ လုပ်ငန်းရှင်တွေကို အနိုင်ကျင့်ပြီးတော့ပဲဖြစ်ဖြစ် အခွန်နဲ့မျှားပြီး လိုသလိုပုံပြန်သွင်းလို့ရတယ်လို့ ယုံကြည်နေသူ ဖြစ်ပါတယ်။
အမေရိကန်ကော်ပိုရိတ်လောကမှာတော့ အရင်က လုပ်ငန်းရှင်သူဌေးတစ်ယောက်အနေနဲ့ ပြောပလောက်အောင် မလုပ်နိုင်ခဲ့ပေမဲ့ အခုချိန်မှာ သမ္မတဖြစ်လာတဲ့သူ့အဖို့တော့ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း ထင်ကျန်နေရစ်တော့မှာ မလွဲဧကန် ဖြစ်ပါတော့တယ်။
လှစိုးဝေ