ဒေါ်နယ်ထရန့်ရဲ့ ရက် ၇၀

Trump70day1

ဒေါ်နယ်ထရန့်ကို အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြတဲ့နေ့ နံနက်မှာ သူအောင်ပွဲခံနေတဲ့ ထရန့်တာဝါနဲ့ ငါးမိုင်ခန့်သာဝေးတဲ့ မက်ဟက်တန်ရှိ အဆောက်အအုံတစ်ခုရဲ့ ၂၅ ထပ်က အခန်းကျယ်ကြီးတစ်ခုမှာ လူတစ်စုက စာရွက်စာတမ်းတွေ တစ်ထပ်ကြီးနဲ့ ခေါင်းချင်းရိုက်လျက် ရှိနေကြပါတယ်။ သူတို့ရဲ့ ကွန်ပျူတာကီးဘုတ်ရိုက်ချက်တွေက ထွက်လာတဲ့အသံတွေသာ တစ်ခန်းလုံးကို လွှမ်းမိုးလျက် ရှိပါတယ်။

အဆိုပါ ရုံးခန်းအတွင်းမှာ နယူးယောက်ရှေ့နေချုပ် ဒီမိုကရက်တစ်ဦးဖြစ်တဲ့ Eric Schneiderman ဆိုသူက သူ့ရဲ့လက်အောက်ရှိ အထက်တန်းရှေ့နေကြီးတွေကို ဆင့်ခေါ်ကာ War Council တစ်ခုပုံသဏ္ဌာန် ဖွဲ့စည်းလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ထရန့်ရဲ့ ခပ်ကြမ်းကြမ်းပေးခဲ့တဲ့ ရွေးကောက်ပွဲကတိတွေကို ပြန်လည်စုစည်းရှာဖွေကြဖို့ ဖြစ်ပါတယ်။

Schneiderman က အမေရိကန်ရဲ့ တည်ဆဲဥပဒေတွေကို လက်တစ်လုံးခြားလုပ်ပြီး အာဏာရှင်ပုံစံပြုလုပ်လာမယ့် အမေရိကန်သမ္မတကို စတင်ပြီးဆန့်ကျင်ကြဖို့ နိုင်ငံကို တည်ထောင်ပေးခဲ့ကြတဲ့ ဖခင်ကြီးတွေ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေပါ Check and Balance ကို စတင်အသုံးချခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_29894" align="alignnone" width="370"]Eric Schneiderman[/caption]

သူ့ရဲ့ရည်ရွယ်ချက်ကို စောလွန်းသေးတယ်လို့ ပြောလို့မရပါ။ ထရန့်အဖို့ ရက်ပေါင်း ခုနစ်ဆယ်ကျော်ကြာ အာဏာရလာခဲ့ပြီဖြစ်ပေမယ့် သဲထဲမှာ ခေါင်းမြုပ်နေသူတစ်ဦးလို ပြုမူနေတုန်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးလုပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ Obamacare လို့ အမည်တွင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ပြန်လည်ရေးဆွဲအတည်ပြုဖို့ ကြိုးပမ်းလာခဲ့မှုက သူ့ရဲ့ပါတီ ရီပတ်ဘလီကန်တွေကြီးစိုးတဲ့ ကွန်ဂရက်မှာပဲ အရှက်တကွဲရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီဥပဒေကြမ်းကို အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan ကိုယ်တိုင်ရေးဆွဲပြီး ထရန့်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ထရန့်ထပ်တလဲလဲ အမိန့်ထုတ်နေတဲ့ မူဆလင်နိုင်ငံတချို့က အမေရိကန်ကို ခရီးသွားလာခွင့် ပိတ်ဆို့တဲ့အမိန့်ကို တရားရုံးတွေက ပိတ်ဆို့တာခံရပြန်ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုဟာ ရုရှားလက်ရာ ခြေရာမကင်းလို့ဆိုကာ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်လာပြန်တဲ့အတွက် သူ့ရဲ့အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟာ ရာထူးက စောစောစီးစီးထွက်ပေးလိုက်ရပြီး သူ့ရဲ့အစိုးရအဖွဲ့ကို နောက်ကနေ အရိပ်လိုလိုက်နေတာကို ခံနေခဲ့ရပါတယ်။ ထရန့်အဖို့ သူ့ရဲ့ကိုယ်ပိုင်ဝင်ငွေခွန် ကြေညာလွှာကို အခုထိမထုတ်ပြန်ခဲ့တာနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိရှိ မသိနိုင်ခဲ့ရတာတွေကြောင့် ရုရှားအကျိုးစီးပွားနဲ့ ဘယ်လောက်ထိ ဆက်နွှယ်နေလဲဆိုတာ သို့လော သို့လော ဖြစ်လာနေပြီး သူ့ရဲ့ဆုံးဖြတ်ချက်တွေအပေါ် သံသယပွားများလာခဲ့ရပါတယ်။

အခုလို အကြောင်းတွေ ပေါင်းဆုံလာခဲ့ရတဲ့အတွက်လည်း အမေရိကန်သမိုင်းမှာ မကြုံစဖူးအောင် ရက်ပေါင်း ခုနစ်ဆယ်အတွင်း ရွေးကောက်ခံသမ္မတကို လူကြိုက်နည်းမှု အနိမ့်ဆုံးအဆင့် ထိုးကျသွားခဲ့ရတာ ဖြစ်ပါတယ်။

ထရန့်လို စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက စီးပွားရေးနဲ့ နိုင်ငံရေးဟာ အကြောင်းခြင်းရာကွဲပြားပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ နည်းလမ်းခြင်း မတူညီဆိုတဲ့ သဘောကို နားမလည်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အိမ်ယာမြေအရောင်းအဝယ်မှာ တစ်ဦးနဲ့အဆင်မပြေရင် နောက်တစ်ဦးကို အယုံသွင်းပြီး အလွယ်တကူ ရှာနိုင်ပေမယ့် နိုင်ငံရေးမှာတော့ အဆင်မပြေတာကို နောက်တစ်ခု အလွယ်တကူ ပြောင်းလို့မရနိုင်ပါဘူး၊ အခု ရီပတ်ဘလစ်ကန် ပါတီထဲမှာပဲ သူ့ကိုအာခံနေတဲ့ House Freedom Caucus ဆိုပြီး အဖွဲ့ဖွဲ့ထားတဲ့ လူသုံးဆယ်ကို ဘယ်လောက်ပဲ ရွံရှာနေပါစေ၊ ထရန့်အဖို့ သူရဲ့ပြဋ္ဌာန်းသမျှ ဥပဒေတွေကို အတည်ပြုဖို့ အောက်လွှတ်တော်ကို မျက်နှာလွှဲခဲပစ်လုပ်လို့ မရနိုင်ပါ။

CEO ဖြစ်တဲ့ ဒေါ်နယ်ထရန့်အဖို့ သူ့ရဲ့စီးပွားရေးအင်ပိုင်ယာကို တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်လို့ဖြစ်ပေမယ့် နိုင်ငံရေးရဲ့သဘောသဘာဝမှာ ဒီလိုလုပ်လို့ မဖြစ်နိုင်အောင် ဟန့်တားထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက မားမားမတ်မတ် ရပ်တည်နေပြီး ဖြစ်ပါတယ်။ တရားရေးကဏ္ဍမှာ ကြည့်ရင် လစ်လပ်နေတဲ့ ဗဟိုတရားရုံးချုပ် တရားသူကြီးရာထူးကို တော်တည့်မှန်ကန်ပြီး ရှေးရိုးစွဲရှိတဲ့ ဥပဒေပညာရှင်ကြီးတစ်ဦးကို အမည်စာရင်း တင်သွင်းခဲ့တာဟာ သမ္မတတယောက်အနေနဲ့ သင့်တင့်လျောက်ပတ်စွာ ပြုမူခဲ့တဲ့အတွက် အားလုံးက ထောက်ခံခဲ့ကြပေမယ့် သူထုတ်ပြန်ခဲ့တဲ့ ခရီးသွားလာခွင့်အမိန့်ကို ဥပဒေနဲ့ညီညွတ်မှုရှိ မရှိ တရားရေးဘက်ဆိုင်ရာတွေက  မေးခွန်းထုတ်လာခဲ့ကြတာကလည်း သူတို့အဖို့ သူတို့လုပ်ရမယ့်အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်က အဆိုပါအမိန့်ကို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးလို့ ကင်ပွန်းတပ်ထားပေမယ့် ဖွဲ့စည်းပုံမှာ တားမြစ်ထားတဲ့ဘာသာရေးကို အခြေခံပြီး ခွဲခြားဆက်ဆံမှုမြောက်မမြောက် ဆန်းစစ်ခဲ့ကြခြင်းသာ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ဥပဒေကြမ်း အရေးနိမ့်သွားခဲ့ရခြင်းကလည်း ပါတီအတွင်း အယူအဆ အလယ်အလတ်ရှိသူတွေနဲ့ တင်းမာသူတွေအကြား ကွဲလွဲတာကြောင့် မဟုတ်ဘဲ ဥပဒေကြမ်းကိုယ်က ပြစ်ချက်တွေရှိလာခဲ့တာကြောင့် ဖြစ်ပါတယ်။ အဆိုပါ ဥပဒေက အခွန်ထမ်းပြည်သူတွေရဲ့ ငွေကိုချွေတာနိုင်ခြင်းလည်းမရှိဘဲ အရင်ရှိပြီးသား ကျန်းမာရေး စောင့်ရှောက်မှုအနေအထားကို ပိုပြီးဆိုးလာနိုင်စေတာသာမက နောက်ထပ်သန်းနဲ့ချီပြီး အမေရိကန်နိုင်ငံသားတွေ အကာအကွယ်မရှိ ဖြစ်သွားနိုင်ပါတယ်။

ဒီအတွက် အမေရိကန်ရဲ့ Check and Balance က အလုပ်ဖြစ်ပါ့မလားလို့ စိုးရိမ်နေကြတဲ့လူအများ သက်ပြင်းချနိုင်ခဲ့ကြပါတယ်။

ဒေါ်နယ်ထရန့် ဝါရှင်တန်နိုင်ငံရေးလောကကို မုန်တိုင်းကြီးပမာ ဝင်ရောက်လာခဲ့ပေမယ့် သူဟာ တိုက်ခတ်ခြင်းကိုခံရမယ့် ပထဝီအနေအထားကို မသိသူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ နိုင်ငံရေးမှာ အပေးအယူ လုပ်ရမယ့် အတတ်ပညာဆိုတာက သူ့အတွက် အသစ်အဆန်းသဖွယ် ဖြစ်နေပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရဲ့အကျိုးစီးပွားကိုတောင် ပိုင်းပိုင်းခြားခြား မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။

သူ့ရဲ့အုပ်ချုပ်မှုကို စိစစ်လာမှုတွေအပေါ် သည်းညည်းမခံနိုင်ဖြစ်လာနေပြီး ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ဖြစ်လာပြီလို့ ထင်နေခဲ့ရာက အကန့်အသတ်တွေ ကြုံတွေ့လာရမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာနေပါတယ်။ ဒါတွေအားလုံးကို ထရန့်ရဲ့ မကြာခဏဆိုသလို ရေးတင်နေတဲ့ Tweet တွေမှာ လေ့လာသိရှိနိုင်ပါတယ်။

သတင်းစာတွေက သူနဲ့ပတ်သက်ပြီး လိမ်ညာနေကြခြင်း၊ ရွေးကောက်ပွဲရလဒ်မှာ သူ့ကိုပေးတဲ့ သန်းပေါင်းများစွာသော မဲတွေကို ချန်လှပ်ထားခံခဲ့ရခြင်း၊ နိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေက သူ့အပေါ်သစ္စာမရှိကြခြင်းနဲ့ အရင်သမ္မတက သူ့ရဲ့ဖုန်းတွေကို ကြားဖြတ်ဖမ်းယူစေခဲ့ခြင်း အစရှိတဲ့ ယုံမှားသံသယတွေ လွန်ကဲနေမှုက သူရဲ့ သဘောထားသေးသိမ်မှုကို ပြသခဲ့ရုံသာမက သမ္မတတစ်ယောက်အနေနဲ့ မပြောသင့် မဆိုသင့်တာတွေ ဖြစ်နေပါတယ်။

ဒီလိုမျိုး ပြုမူပြောဆိုလာနေခြင်းက အမေရိကန်ဒီမိုကရေစီစနစ်ရဲ့အင်အားကို တစ်ဖက်တစ်လမ်းက သက်သေခံပေးနေသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအဖွဲ့အစည်းတွေ တိုက်စားပွန်းပဲ့ခံရမှုနဲ့ နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားလာမယ့်အန္တရာယ်တွေ ရှိလာနေပြန်ပါတယ်။ ဒီအတွက် ထရန့်သာ သူသွားနေတဲ့ လမ်းကြောင်းကို မပြောင်းလဲနိုင်ခဲ့ရင်တော့ ဒီအန္တရာယ်က ပိုပြီးကြီးထွားပြန့်ပွားလာနိုင်စရာ တွေ့နေရပါတယ်။

[caption id="attachment_29895" align="alignnone" width="720"]Trump70day3ထရန့်အဖို့ ရက်ပေါင်းခုနှစ်ဆယ်ကျော်ကြာ အာဏာရလာခဲ့ပြီ ဖြစ်ပေမယ့် သဲထဲမှာ ခေါင်းမြုပ်နေသူတစ်ဦးလို ပြုမူနေတုန်းပဲဖြစ်ပါတယ်။[/caption]

ထရန့် နောက်ထပ်ရင်ဆိုင်ရမယ့် စမ်းသပ်မှုတစ်ခုကတော့ အမေရိကန်ဘတ်ဂျက်ရေးဆွဲ ပြဋ္ဌာန်းရေးပဲ ဖြစ်ပါတယ်။ ရီပတ်ဘလီကန်ပါတီသာ ရေတိုအသုံးစရိတ်အစီအစဉ်ကို အတည်ပြုအောင် မလုပ်နိုင်ခဲ့ရင် အခုလာမယ့် ဧပြီလ ၂၉ ရက်နေ့ကစပြီး အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားရဖို့ ရှိနေပါတယ်။

ထရန့်က ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့နဲ့ မက္ကဆီကိုနယ်ခြားမှာ တံတိုင်းကာရံဖို့ ဘတ်ဂျက်တိုးတောင်းနေပါတယ်။ ဒီအတွက် အခြားအသုံးစရိတ်တွေဖြစ်တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အလုပ်အကိုင် ဖန်တီးရေးပရိုဂရမ်တွေကို အကြီးအကျယ် လျှော့ချပစ်ရမှာဖြစ်နေတဲ့အတွက် ဒီမိုကရက်တွေကလည်း အကြောက်အကန်ငြင်းဆန်မယ့် သဘောရှိနေတာ တွေ့ရပါတယ်။ ဒီအတွက် ဘတ်ဂျက်အသစ်ကို အချိန်မီမပြဋ္ဌာန်းနိုင်ရင် အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းသွားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဈေးကွက်အသိုက်အဝန်းကတော့ ထရန့်အနေနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

သူတို့က ထရန့်ရဲ့ နောက်ထပ်အစီအမံတစ်ခုဖြစ်တဲ့ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ အခြေခံအဆောက်အအုံတွေ (အထူးသဖြင့် ခရီးသည်တွေနဲ့ မနိုင်မနင်းဖြစ်နေတဲ့ လေဆိပ်အတော်များများနဲ့ ချိုင့်တွေ ကျင်းတွေ ထူပြောလာပြီဖြစ်တဲ့ အမေရိကန် အဝေးပြေးလမ်းတွေ ပြုပြင်ထိန်းသိမ်းရေး) တွေကို မျှော်လင့်စောင့်စားနေကြတာဖြစ်ပါတယ်။ အခုလုပ်မယ့် ထရန့်ရဲ့အစီအစဉ်တွေက ဒီမိုကရက်တွေ သည်းခြေကြိုက်မို့ အပေးအယူ ပြုလုပ်နိုင်မယ်လို့ ယူဆနေကြပါတယ်။

အခွန်စနစ်ပြုပြင်ပြောင်းလဲရေးက အလွန်ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်နေပါတယ်။ ဘဏ္ဍာရေးစနစ်တစ်ခုလုံး ပိုပြီးစွမ်းဆောင်ရည်ထက်မြက်လာစေရေးနဲ့ မျှမျှတတ ပိုဖြစ်အောင်ပြုလုပ်နိုင်ရေးအတွက် ရည်ရွယ်ထားတာ ဖြစ်နေလို့ပါပဲ။ လောလောဆယ်မှာ အမေရိကန်ကုမ္ပဏီတွေအဖို့ အခွန်အခတွေ အများအပြား ပေးဆောင်နေရတဲ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ရတဲ့အမြတ်ငွေတွေကို ပြည်တွင်းကို သယ်ယူလာဖို့ အဟန့်အတားတွေနဲ့ ပြည့်နှက်နေဆဲ ဖြစ်ပါတယ်။ ဒီလိုအနေအထားရှိနေပေမယ့် ၂၀၀၆ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း Government Accountability Office (GAO) ရဲ့ စစ်တမ်းတွေအရ အမေရိကန်ရှိ ကုမ္ပဏီသုံးပုံနှစ်ပုံခန့်ဟာ ဖက်ဒရယ်အစိုးရကို အခွန်ပေးဆောင်မှု မရှိတာ တွေ့ခဲ့ရပါတယ်။ ပုဂ္ဂလိက အခွန်ဆောင်ရေးမှာလည်း ရှုပ်ထွေးလွန်းလှပြီး ယိုပေါက်တွေ ပြည့်နေပြန်တဲ့အတွက် ချမ်းသာကြွယ်ဝသူတွေအဖို့ ကျွမ်းကျင်သူတွေ ငှားရမ်းပြီး အဆိုပါယိုပေါက်တွေကို အခွင့်အရေးယူကာ အခွန်တိမ်းရှောင်ခွင့်တွေ ရရှိနေပြန်ပါတယ်။

ဒါပေမဲ့လည်း အခွန်စနစ် ပြုပြင်ပြောင်းလဲရေးဟာ ကျန်းမာရေးစောင့်ရှောက်မှု ပြင်ဆင်ရေးလိုပဲ နိုင်ငံရေးအရ ခြေရှုပ်မှုတွေ ရှိနေပြန်ပါတယ်။ ဒီကိစ္စကို အပြင်းအထန် လော်ဘီလုပ်လာမယ့် အရေးရှိနေရုံသာမက ရီပတ်ဘလီကန်တွေရဲ့ အဆိုပြုချက်တွေက ထရန့်ကိုယ်စားပြုမယ်ဆိုတဲ့ အလုပ်သမားလူတန်းစားတွေအတွက်တောင် တုန်လှုပ်စရာကောင်းလောက်အောင် ခေတ်နောက်ပြန်ဆွဲလာနေပါတယ်။ အခွန်ကင်းလွတ်ခွင့် ပေးထားတာတွေကို ဖြတ်တောက်မယ့် အစီအစဉ်တွေက အဆိုပါ လူတန်းစားတွေကို ထိခိုက်လာစရာရှိနေပါတယ်။ Paul Ryan က သူ့ရဲ့ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ်အရ အစိုးရအနေနဲ့ သန်းပေါင်း တစ်ထရီလီယံခန့်အထိ သက်သာမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ဖြစ်မလာတော့တာကြောင့် နောက်ထပ်အခွန်သက်သာခွင့်ပေးမယ့် အစီအစဉ်တွေကို မဖြစ်မနေ ဖျက်သိမ်းလာရဖို့ ရှိနေပါတယ်။

ဒီအတွက် အခွန်ကို သင့်တင့်လျောက်ပတ်စွာ ပြုပြင်နိုင်ဖို့ဆိုရင် ထရန့်နဲ့ သူ့အစိုးရအနေနဲ့ ကျွမ်းကျင်လိမ္မာစွာနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်လာအောင် သိမ်းသွင်းဖို့ လိုအပ်နေပေမယ့် ခုထိတော့ အဲဒီလိုလုပ်မယ့် အရိပ်အယောင်တောင် မတွေ့ရသေးပါဘူး။ နောက်တစ်ချက်က ထရန့်ကို လူကြိုက်နည်းလာတာနဲ့အမျှ ရီပတ်ဘလီကန် အမတ်တွေလည်းပိုပြီး သူနဲ့ခပ်ဝေးဝေး နေလာကြမှာ ဖြစ်ပါတယ်။

ကွန်ဂရက်မှာ ထရန့်အဖို့ သူလုပ်ချင်တိုင်းလုပ်မရဖြစ်လာနေတဲ့အတွက် သူ့အဖို့ လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ သမ္မတအမိန့်တွေကို အားကိုးလာတာ တွေ့ရပါတယ်။ ဒီအတွက် သူအာဏာရလာချိန်ကစပြီး အဆိုပါ အမိန့်တွေကို တရစပ် ထုတ်ပြန်လာခဲ့ပါတယ်။ ဗျူရိုကရေစီယန္တယား ကြီးထွားလာမှုကို ထိန်းချုပ်ဖို့ ကတိပြုထားခဲ့တဲ့အတွက် ဘဏ္ဍာရေးကဏ္ဍမှာ စည်းမျဉ်းစည်းကမ်းတွေ ထူပြောနေတာကို လျှော့ချနိုင်ပေမယ့် ထိထိရောက်ရောက် မလုပ်ခဲ့တာတွေ့ရပြီး အိုဘားမားရဲ့ ပတ်ဝန်းကျင်ဆိုင်ရာဥပဒေကို ပယ်ဖျက်ခဲ့ပြီး ကျောက်မီးသွေးအလုပ်သမားတွေ အလုပ်ပြန်ရအောင် စီမံခဲ့ပေမယ့် တကယ်တမ်းမှာ ဖြစ်လာနိုင်စရာမရှိပါဘူး၊ အမေရိကန်ပြည်နယ် သုံးဆယ်လောက်က Renewable Energy ဘက်ကို အားစိုက်ရင်းနှီးမြှုပ်နှံနေကြတဲ့အတွက် ကျောက်မီးသွေးထုတ်လုပ်မှုက ကျဆင်းလာနေပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကျောက်မီးသွေးကရရှိတဲ့ လျှပ်စစ်ဓာတ်အားက တစ်နိုင်ငံလုံးရဲ့ ၄၉ ရာခိုင်နှုန်းသာရှိပေမယ့် ၂၀၁၅ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ရပြီး ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲနောက်ပိုင်းမှာ ကျောက်မီးသွေးနဲ့ မောင်းနှင်တဲ့ စက်ရုံကြီးခြောက်ခု ပိတ်ပစ်ခဲ့ရပါတယ်။ အမေရိကန်က ၁၉၄၀ ပြည့်နှစ်မှာ ကျောက်မီးသွေးကို အရင်ထုတ်လုပ်ခဲ့တဲ့ ပမာဏထက် ၅၀ ရာခိုင်နှုန်းခန့် ပိုထုတ်လုပ်လာပေမယ့် အလုပ်အကိုင် ဖန်တီးပေးရေးမှာ ၁၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တယ်လို့ အစိုးရရဲ့ အလုပ်သမားရေးရာ စာရင်းဇယားတွေက ပြဆိုနေပါတယ်။

ကုန်သွယ်ရေးမှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ ဈေးကွက်တွေကို ပိုမိုထိုးဖောက်နိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကြီးနဲ့အတူတွဲလုပ်ကိုင်နိုင်ပေမယ့်  အမျိုးသားရေးအနံ့အသက်မကင်းတဲ့ စီးပွားရေးပညာရှင်တွေက သူ့အဖွဲ့မှာ ကြီးစိုးနေတာ တွေ့ရပါတယ်။ အမေရိကန်က အခုလို ကမ္ဘာ့အဖွဲ့အစည်းကြီးနဲ့အတူ လုပ်ကိုင်ရမယ့်အစား နိုင်ငံတစ်ခုချင်းစီနဲ့ စီးပွားရေး သဘောတူညီချက်တွေရဖို့ ကြိုးစားလိုစိတ်ရှိနေတာကြောင့် ကမ္ဘာတစ်ဝန်း ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒတွေ တိုးတက်များပြားလာစရာရှိနေပြီး နိုင်ငံခြားရေး မူဝါဒမှာပါ ထိခိုက်စရာ ဖြစ်လာနိုင်ကာ ထိပ်တိုက်ရင်ဆိုင်လိုမှုတွေနဲ့ ကြုံလာရနိုင်ပါတယ်။

အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်နိုင်ခဲ့တယ်လို့ ကြွားဝါခဲ့တဲ့သူတစ်ဦးကို အမေရိကန်ပြည်သူ ၆၃ သန်းက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး သူတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ဒေါ်နယ်ထရန့်လို စီးပွားရေးလုပ်ငန်းရှင်ကြီးကသာ ဝါရှင်တန်နိုင်ငံရေးကို ပြောင်းလဲနိုင်စွမ်းရှိမယ်လို့ ထင်မြင်ယူဆခဲ့ကြတာ ဖြစ်ပေမယ့် အထက်က ဖြစ်လာခဲ့တဲ့အချက်တွေကို သတိမူခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့လည်း ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းက တိုတောင်းဆဲဖြစ်ပြီး ဒီကာလအတွင်း ဆုံးဖြတ်ချက် အမှားတွေဖြစ်ခဲ့တာ ဖြစ်ရိုးဖြစ်စဉ်အသွင်ဆောင်ပေမယ့် သူ့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အသွင်ပြောင်းမှုတွေကတော့ ဘယ်နေရာကစမ်းစမ်း မဲဆန္ဒရှင်တွေရဲ့အကျိုးကို လားလားမျှပင် မဖော်ဆောင်တာ တွေ့ခဲ့ရပါတယ်။

အမေရိကန် အပါအဝင် တစ်ကမ္ဘာလုံးက အခုစိုးရိမ်စရဖြစ်လာနေတာကတော့ ထရန့်အဖို့ သမ္မတရာထူးဟာ သူနဲ့မတန်ကြောင်း ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် သက်သေပြလာမလဲဆိုတာပဲ ဖြစ်ပါတော့တယ်။

လှစိုးဝေ