ကျွန်တော်တို့ ဘာကြောင့်စေ့စပ်ညှိနှိုင်းရေးစားပွဲကို ရောက်လာခဲ့ကြသလဲ။ ဘာတွေအပေးအယူလုပ်မှာလဲ။ ကိုယ်လိုချင်တဲ့နေရာကို ဘယ်လိုရောက်အောင်သွားကြမှာလဲ။ ဒီ ''ဘ'' သုံးလုံးဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲတိုင်းမှာ မေးရမယ့်မေးခွန်းများဖြစ်ကြပြီး များသောအားဖြင့် စေ့စပ်ညှိနှိုင်းသူများစွာဟာ အဖြေမရှိဘဲ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ကို ရောက်သွားကြတာများပါတယ်။ တချို့ကျတော့လည်း ဒီမေးခွန်းများနဲ့အဖြေများဟာ ဆွေးနွေးပွဲအောင်မြင်ရေးအတွက် ဘယ်လောက်လွှမ်းမိုးမှုရှိတယ်ဆိုတာကို မသိတာလည်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတဲ့ ''ဘ'' တစ်လုံးနဲ့ ကျွန်တော်တို့ စတင်ဆွေးနွေးကြပါမယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲကို ဘာကြောင့်ရောက်လာခဲ့သလဲဆိုတဲ့ကိစ္စက သိပ်လွယ်ကူရှင်းလင်းတဲ့ကိစ္စပဲလို့ ထင်ရပေမဲ့ အဲ့ဒီမှာမျက်စိမှောက်မှားတတ်တာကလေးတွေလည်း ရှိနိုင်ပါတယ်။ ပထမတစ်ချက်က ဘာကြောင့်စေ့စပ်ညှိနှိုင်းရသလဲဆိုတာ စေ့စပ်ညှိနှိုင်းရေးမလုပ်ပဲနေလို့ကိုမရလို့ လုပ်ရတာဖြစ်တယ်။ တစ်နည်းအားဖြင့် စေ့စပ်ညှိနှိုင်းဖို့မဖြစ်မနေလိုအပ်နေလို့ လုပ်ရတာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ စေ့စပ်ညှိနှိုင်းမှုဆိုတာ အဖွဲ့အစည်းတစ်ခုအတွက် သို့မဟုတ် ပုဂ္ဂလိကအတွက် အရှုံးအနိုင် အဆုံးအဖြတ်ပေးနိုင်တာဖြစ်တဲ့အတွက် အတတ်ပညာပိုင်းဆိုင်ရာ (Professional) နဲ့၊ ပုဂ္ဂိုလ်ဆိုင်ရာ (Personal) စွမ်းဆောင်နိုင်သောအရာမှန်သမျှကို ပေါင်းစုပြီး ပါဝင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။
စေ့စပ်ညှိနှိုင်းရာမှာ အတတ်ပညာကျွမ်းကျင်ပိုင်နိုင်မှုအပိုင်းနဲ့ ပတ်သက်ပြီး ဘာမျှထပ်မံညှိနှိုင်း သတ်မှတ်စရာမလိုပါ။ စနစ်တွေ၊ စည်းမျဉ်းတွေဟာ မဖြစ်မနေပါဝင်ရမယ့် လိုအပ်ချက်ဖြစ်ပါတယ်။ အတတ်ပညာကျွမ်းကျင်ပိုင်နိုင်မှုမပါခဲ့ရင် မည်သည့်စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲမဆို အလွယ်တကူ လမ်းလွဲသွားနိုင်ပါတယ်။ ဒါကြောင့် ပြင်ဆင်ချိန်မှာ ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်ပန်းတိုင်များကိုသာမက လမ်းကြောင်းမလွဲမမှားနိုင်ရအောင် ထိန်းကျောင်းသွားရမည့် အမှတ်များကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားရပါမယ်။ ဒီလိုပါပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာမှာလည်း စေ့စပ်ညှိနှိုင်းစရာမလိုတဲ့ အချက်တွေရှိပါတယ်။ တစ်ခါတစ်ရံမှာ စေ့စပ်ညှိနှိုင်းသူအချင်းချင်းပင်လျှင် လက်ခံအသိအမှတ်ပြုဖို့ ခက်ခဲတဲ့ကိစ္စတွေလည်း ဖြစ်တတ်ပါတယ်။ ဒါတွေထဲက တစ်ခုကတော့ ကိုယ်ပိုင်ထားရှိတဲ့ တန်ဖိုးများပါပဲ။ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲတွေအများအပြားကို ပျက်ပြားသွားစေတဲ့ အကြောင်းရင်းတစ်ခုက တစ်ဘက်အဖွဲ့အစည်းတွေက အခြားအဖွဲ့အစည်းတွေရဲ့ တန်ဖိုးထားမှုများကို နားမလည်ဘဲ ပစ်ပယ်ခဲ့ကြတဲ့အတွက်ဖြစ်တယ်ဆိုတာကို သတိပြုမိကြဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ပတ်သက်လို့ စေ့စပ်ညှိနှိုင်းဖို့ မလိုတဲ့ကိစ္စကို အတင်းကိုယ်လိုရာသို့ ကိုယ့်အမြင်နဲ့ဆွဲယူညှိနှိုင်းခြင်း မလုပ်သင့်ပါဘူး။
နှစ်ဦးနှစ်ဖက်တန်းတူညီမျှမှုကို အခြေခံထားသော စေ့စပ်ညှိနှိုင်းရေးစားပွဲများတွင် လူသားဆန်မှုဟာ ဆွေးနွေးပွဲလုပ်ငန်းစဉ်ရဲ့ အသဲနှလုံးပါပဲ။ ဒီလိုဆွေးနွေးပွဲကိုသွားတော့မယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးအမြင့်ဆုံးထားပြီး နေထိုင်ဆက်ဆံဖို့ သတိပေးရပါမယ်။ အနည်းဆုံးရိုးသားဖြောင့်မတ်မှု၊ တည်ကြည်မှုနဲ့ ဆက်ဆံရေးမှာလေးစားသမှုရှိဖို့ လိုပါလိမ့်မယ်။ တကယ်လို့တစ်ဖက်အဖွဲ့အစည်းကလည်း ဒီအတိုင်းပဲသဘောထားပြုမူလာမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အကြားမှာ ဘုံသဘောတူညီချက်တစ်ခုရရှိသွားပါပြီ။ ဒါဟာ ဒီဆွေးနွေးပွဲအတွက် ကျင့်ဝတ်တစ်ခုဖြစ်သွားပါလိမ့်မယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲတစ်ခုအတွက် အစကောင်းခြင်းပါပဲ။ ချောချောမွေ့မွေ့ဆွေးနွေးသွားနိုင်ကြမယ့်အပြင် ပဋိပက္ခတွေကလျော့ကျလာပါလိမ့်မယ်။
စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ကျွန်တော်တို့ ဘာကြောင့်ရောက်နေရသလဲဆိုတဲ့အချက်ကို အလေးထားဆင်ခြင်ပြီးသောအခါတွင် ဆွေးနွေးပွဲ၏ရည်ရွယ်ချက်နှင့် လိုလားချက်များ ကောင်းစွာပုံပေါ်လာမှာဖြစ်ပါတယ်။ ၎င်းရည်ရွယ်ချက်အောင်မြင်စေဖို့အတွက် အပြန်အလှန်အပေးအယူ လုပ်စရာတွေ မိမိလက်ဝယ်မှာ အသင့်ရှိနေဖို့ပဲလိုပါတော့တယ်။ မိမိဘက်က အပေးအယူလုပ်ဖို့ လက်ဆုပ်လက်ကိုင်ရှိတဲ့ စာရင်းလုပ်ရပါမယ်။ အဲ့ဒီအထဲမှာ စေ့စပ်ဆွေးနွေးသူ မိမိကိုယ်တိုင်လည်း ပါဝင်ပါတယ်။ မိမိဟာ မိမိအဖွဲ့အစည်းအတွက် မယုံကြည်နိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့ ကုန်ပစ္စည်းတစ်ခုလို သဘောထားရပါမယ်။ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ လူတိုင်းနေရာတကာမှ လုပ်နေကြတာဖြစ်ပေမဲ့ မိမိအဖွဲ့အစည်းအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ကိစ္စတွေမှာ စေ့စပ်ညှိနှိုင်းခွင့်ရတာကိုက မိမိရဲ့ထူးခြားတဲ့ အရည်အချင်းတစ်ရပ်ကြောင့်လို့ မှတ်ယူသင့်ပါတယ်။ အပေးအယူလုပ်နိုင်တဲ့ အချက်တွေမှာ ထုတ်ကုန်တွေ၊ ကျွမ်းကျင်မှုတွေ၊ ဝန်ဆောင်မှုတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ပါဝင်နိုင်ပါတယ်။ ဒါတွေကို တစ်ခုချင်းတစ်ချက်ချင်းရဲ့ ထူးခြားစွာအသုံးဝင်မှု၊ တန်ဖိုးရှိမှုတို့ကို စေ့စပ်ညှိနှိုင်းသူကိုယ်တိုင်က နားလည်ထားပြီးမှ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အပေးအယူလုပ်သင့်ပါတယ်။
တကယ်တော့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲဆိုတာ ခရီးစဉ်တစ်ခုသွားနေရတာပါပဲ။ ခရီး တိုတာနဲ့ ရှည်တာပဲ ကွာပါတယ်။ ပန်းတိုင်တစ်ခုဆီမရောက်မချင်း ချီတက်နေရသလိုပါပဲ။ ခရီးစဉ်ဆိုတော့ လမ်းပြမြေပုံရှိဖို့ လိုပါတယ်။ ဘယ်လိုသွားမလဲ၊ ဘာနဲ့သွားမလဲ၊ စေ့စပ်ညှိနှိုင်းရေးနည်းနာလည်းရှိရပါမယ်။ ဘာကြောင့်သွားရသလဲဆိုတာသိပြီ၊ ဘာတွေယူဆောင်သွားရမလဲဆိုတာ သိပြီဆိုရင် ဘယ်လိုခရီးဆက်ရမလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။ ခရီးသွားရမယ့်နည်းလမ်းသည် ပြောင်းလွယ်ပြင်လွယ်မရှိရင် တစ်နေရာရာမှာ ရပ်တန့်သွားနိုင်ပါတယ်။ ရပ်တန့်ခြင်းဟာ ပဋိပက္ခအတွက် အရှိန်ယူတာပါပဲ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရပ်တန့်မနေဖို့လိုပါတယ်။ နည်းလမ်းတစ်ခုခု အပေါ်မှာသော်လည်းကောင်း၊ လမ်းကြောင်းတစ်မျိုးမျိုး အပေါ်မှာသော်လည်းကောင်း နက်ရှိုင်းစွာမစွဲလန်းရပါဘူး။
စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲဟာ ခရီးစဉ်ဖြစ်သလို၊ တစ်ဖက်အဖွဲ့အစည်းဟာ မိမိအဖွဲ့ရဲ့ခရီးသွားဖော်လည်း ဖြစ်ပါတယ်။ သူ့ခရီးနဲ့ကိုယ့်ခရီးဟာ စားပွဲဝိုင်းတစ်ခုထဲမှာ သူ့ပန်းတိုင်ကိုယ့်ပန်းတိုင်ဆီကို အပြိုင်သွားနေကြတာပါ။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် အလဲထိုးမယ့်အစား အပြန်အလှန်အကူအညီပေးရပါတယ်။ အတူတကွလက်တွဲဆောင်ရွက်သောနည်းနဲ့ ချီတက်ပါမှ အောင်မြင်သောဆွေးနွေးပွဲဖြစ်လာပြီး နှစ်ဦးနှစ်ဖက်စလုံး ပန်းတိုင်အသီးသီးဆီသို့ ရောက်ရှိသွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲတစ်ခုရဲ့ အောင်မြင်မှုကို လိုလားတယ်ဆိုရင် အချင်းချင်းအပြန်အလှန်ဆက်စပ်နေသော စကားသုံးလုံးတစ်စုံဖြစ်တဲ့ ဘာကြောင်းလဲ၊ ဘာတွေလဲ၊ ဘယ်လိုလဲဆိုတဲ့ ''ဘ'' သုံးလုံးကို ခိုင်ခိုင်လုံလုံဖြစ်အောင် တည်ဆောက်ရပါမယ်။
မင်းဗထူး