ထိုင်းဒီဂျစ်တယ် TV Operator တွေအတွက် အရေးကြီးဆုံးအချိန်

ထိုင်းနိုင်ငံက အပြိုင်အဆိုင်များတဲ့ ဒီဂျစ်တယ် TV Operator နယ်ပယ်မှာ လာမယ့်နှစ်အနည်းငယ်အတွင်း ဆယ်ခုလောက်ပဲ ရှင်သန်ကျန်ရစ်မယ်လို့ မျှော်မှန်းထားကြပါတယ်။

ဒီဂျစ်တယ် TV Operator တွေကို ၂၀၁၄ ခုနှစ်၊ မေလ ၂၅ ရက်မှာ တရားဝင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒီသုံးနှစ်တာကာလအပြီးမှာ ဘယ်သူတွေက တိုးတက်ပြီး၊ ဘယ်သူတွေက ကျရှုံးသွားမလဲဆိုတာ ပုံပေါ်နေပါပြီ။

TV ကြည့်ရှုသူဦးရေနှုန်းနဲ့ ကြော်ငြာဝင်ငွေပေါ် မူတည်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီဂျစ်တယ် TV Operator ဆယ်ခုပဲ ရှင်သန်ကျန်ရစ်ပြီး ကျန်တာအားလုံးက အခက်အခဲတွေကြားမှာ ရုန်းကန်ရင်းနဲ့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားလိမ့်မယ်လို့ လုပ်ငန်းကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

ဇွန်လအတွင်းမှာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဒီဂျစ်တယ် TV လိုင်းဆယ်လိုင်းက Bangkok Broadcasting & Television ရဲ့ (BBT) Channel 7 ၊ BEC World ရဲ့ Channel 3 HD ၊ Workpoint TV ၊ RS Plc ရဲ့ Channel 8 ၊ Mono 29 ၊ GMM Grammy ရဲ့ ONE HD ၊ Amarin TV HD ၊ Thairath TV ၊ Channel 3 SD နဲ့ ဂြိုဟ်တု TV လိုင်း Boomerang တို့ဖြစ်ကြောင်းကို TV ကြည့်ရှုသူနှုန်းတိုင်းတာတဲ့ ဝန်ဆောင်မှုပေးတဲ့ Nielsen Thailand ကုမ္ပဏီရဲ့ မကြာသေးခင်က လေ့လာမှုအရသိရပါတယ်။

ThaiTV1

လာမယ့်သုံးနှစ်အတွင်းလုပ်ငန်းမှာ အပြင်းအထန်ပြိုင်ဆိုင်မှုကနေ ဒီဂျစ်တယ် TV လိုင်းငါးလိုင်းကနေ ရှစ်လိုင်းလောက်ထိပဲ ကျန်ခဲ့လိမ့်မယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ကုမ္ပဏီ BEC World Plc အုပ်စုရဲ့ Chief Executive Prachum  Maleenont က ခန့်မှန်းထားပါတယ်။ TV လိုင်းတစ်လိုင်း နေရာကောင်းရဖို့က ထုတ်လွှင့်တဲ့ အကြောင်းအရာကောင်းတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါမှလည်း ကြည့်ရှုသူတွေကိုဆွဲဆောင်နိုင်ပြီးတော့ TV ကြည့်ရှုနှုန်းကို တိုးလာစေမှာဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။

''ဒီဂျစ်တယ် TV လိုင်းတွေက ကြော်ငြာဝင်တွေ တိုးဖို့သာမက ဒီဂျစ်တယ် TV လုပ်ငန်းကို အထောက်အကူ ပြုနိုင်ဖို့ လူမှုကွန်ရက်မီဒီယာနဲ့ အွန်လိုင်းတွေကတစ်ဆင့် သူတို့ရဲ့အကြောင်းအရာကို ပူးတွဲထုတ်လွှင့်ဖို့တွေကို အရေးစိုက်သင့်တယ်'' လို့ Mr. Prachum က ပြောကြားခဲ့ပါတယ်။

ဒီနှစ်ဝက်မှာ ဒီဂျစ်တယ် TV လုပ်ငန်းရဲ့ အပြိုင်အဆိုင်က ပိုပြီးပြင်းထန်လာမယ်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာနဲ့ နယ်ပယ်ထဲမှာ နာမည်ကောင်းရနေတဲ့ TV လိုင်းတွေကပဲ အခက်အခဲကို ကျော်လွန်ပြီး နေရာကောင်းရမယ်လို့ ထိုင်းကုန်သွယ်မှုတက္ကသိုလ်ရဲ့ ဆက်သွယ်မှုအနုပညာကျောင်းက ဌာနမှူး Mana Treela-yapewat က ပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဆက်လုပ်နိုင်ဖို့နဲ့ ခုနစ်နှစ်လောက် အချိန်ယူပြီးတော့ လုပ်ငန်းရဲ့ ရုပ်လုံးမပေါ်ခင်အတွင်းမှာ ကြုံတွေ့ရနိုင်တဲ့ ဆုံးရှုံးမှုတွေကို လက်ခံနိုင်ဖို့ကို ကာမိစေမယ့် သူတို့ရဲ့ဘဏ္ဍာတောင့်တင်းမှုပေါ်အခြေခံပြီး လာမယ့်သုံးလေးနှစ်အတွင်း ထိပ်တန်းဒီဂျစ်တယ် TV Operator ဆယ်ခုကပဲ ရှင်သန်ကျန်ရစ်မယ်လို့ Mr. Mana က ပြောကြားခဲ့ပါတယ်။

လာမယ့်နှစ်အတွင်း ဒီဂျစ်တယ် TV Operator အများစုက ဆုံးရှုံးမှုတွေကို ကြုံရနိုင်တယ်လို့ Nation Broadcasting Corporation ရဲ့ ဥက္ကဋ္ဌဟောင်း Adisak Limparungpatanakij က သူ့ရဲ့ကိုယ်ပိုင် Facebook Page မှာ ပြောကြားခဲ့ပါတယ်။ TV လိုင်းတွေကို သတင်းလိုင်း၊ Standard Definition (SD) Variety လိုင်းနဲ့ High-Definition (HD)Variety လိုင်းဆိုပြီး အုပ်စုသုံးမျိုးအဖြစ် သူက ခွဲခြားပြထားပါတယ်။ TNN ၊ Springnews ၊ VoiceTV ၊ NationTV ၊ BrightTV နဲ့ NewTV တွေပါဝင်တဲ့ ပထမအုပ်စုက သုံးနှစ်အတွင်းမှာ စုစုပေါင်းဝင်ငွေရရှိမှု ဘတ် ၄.၃ ဘီလီယံနဲ့ စုစုပေါင်းအသားတင်ဆုံးရှုံးမှု ဘတ် ၃.၈၆ ဘီလီယံ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

လိုင်းတစ်လိုင်းစီက တစ်နှစ်ကို ထိုင်းဘတ်သန်းသုံးရာ ပျမ်းမျှရရှိနေပြီး အသားတင်ဆုံးရှုံးမှုတွေက သန်းတစ်ထောင်ကျော်နေတယ်လို့ သိရပါတယ်။

ဒီ TV လိုင်းတွေက သူတို့ရဲ့လုပ်ငန်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ သူတို့ဝင်ငွေတွေကို ရာခိုင်နှုန်းထက် ဝက်ထက်မနည်းတိုးမြင့်အောင်လုပ်ဖို့နဲ့ ဆက်လက်ရှင်သန်ကျန်ရစ်ဖို့ နှစ်စဉ်ထိုင်းဘတ် သန်း ၄၅၀ ကျော်ဝင်ငွေကို ရဖို့လိုကြောင်း Mr. Adisak က ပြောကြားခဲ့ပါတယ်။ ဒီအတောအတွင်း WorkPointTV ၊ Now26 ၊ Mono29 ၊ True4U ၊ Channel 8 နဲ့ GMM25 တွေပါဝင်တဲ့ SD Variety လိုင်းအုပ်စုမှာတော့ ပိုပြီးကောင်းမွန်တဲ့ အလားအလာတွေ ရှိပါတယ်၊ Now26 ကလွဲလို့ ကျန်တဲ့လိုင်းအားလုံးမှာ ယမန်နှစ်က ဝင်ငွေမြင့်တက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သုံးနှစ်အတွင်းမှာ ဒီအုပ်စုက စုစုပေါင်းဝင်ငွေဘတ် ၁၂.၄ ဘီလီယံနဲ့ အသားတင်အရှုံးဘတ် ၄.၈ ဘီလီယံရှိတယ်လို့ သိရပါတယ်။

လိုင်းတစ်လိုင်းစီက တစ်နှစ်ကို ပျမ်းမျှ ထိုင်းဘတ်သန်း ၆၉၀ ဝင်ငွေရရှိနေပြီး အသားတင်ဆုံးရှုံးမှုတွေက သန်းရှစ်ရာကျော်နေတယ်လို့ သိရပါတယ်။

ဒီအုပ်စုထဲမှာ Workpoint TV က ၂၀၁၆ ခုနှစ်မှာ အသားတင် အမြတ်ထိုင်းဘတ် ၁၀၆ သန်းနဲ့ ထိပ်ဆုံးမှာရပ်တည်ခဲ့ပြီး ကျန်လိုင်းတွေကတော့ အရှုံးထဲမှာ ပိတ်မိနေဆဲဖြစ်ခဲ့ပါတယ်။ SD Variety လိုင်းတွေက အမြတ်ရဖို့ဆိုရင် တစ်နှစ်အတွင်း သူတို့ရဲ့ဝင်ငွေကို ထိုင်းဘတ်သန်း ၂၆၀ ကနေ ၂၇၀ အထိရောက်အောင် တိုးမြှင့်ဖို့လိုကြောင်း Mr. Adisak က ပြောကြားခဲ့ပါတယ်။

ThaiTV2

MCOT ၊ ONE3 ၊ Thairath TV ၊ Channel3 ၊ Amarin TV ၊ Channel 7 နဲ့ PPTV တွေ ပါဝင်တဲ့ HD Variety လိုင်းအုပ်စုကတော့ စုစုပေါင်းဝင်ငွေဘတ် ၂၃.၄ ဘီလီယံနဲ့ စုစုပေါင်းဆုံးရှုံးမှု ဘတ်သုံးဘီလီယံနဲ့ ငွေကြေးလည်ပတ်မှု အဆိုးဆုံးလုပ်ဆောင်ခဲ့ကြောင်း Mr. Adisak က ပြောကြားခဲ့ပါတယ်။

ဒီအုပ်စုနဲ့ပတ်သက်ပြီး သူတို့အများစုရဲ့ ဘဏ္ဍာအခြေအနေက တောင့်တင်းကြောင်း ပြောတာကလွဲလို့ အခြားထင်မြင်ချက်တွေကို Mr. Adisak က မပြောခဲ့ပါဘူး။

လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ စတော့အိတ်ချိန်း SET (Stock Exchange of Thailand) စာရင်းဝင်တဲ့ Workpoint Entertainment Plc က လုပ်ဆောင်နေတဲ့ Workpoint TV ကို ဘန်ကောက်မြို့မှာ သူ့ရဲ့အစောပိုင်းကာလအတွင်း ဇွန်လမှာ Channel 3 နဲ့ Channel 7 ကို ကျော်လွန်ပြီး ပိုများတဲ့ကြည့်ရှုသူနှုန်း ရှိတဲ့အတွက် အအောင်မြင်ဆုံး ဒီဂျစ်တယ် TV Operator တွေထဲကတစ်ခုလို့ ယူဆထားကြပါတယ်။

အကြောင်းအရာကို တစ်မူထူးခြားအောင်ဖန်တီးနိုင်မှုနဲ့ အရည်အသွေးကောင်းမွန်မှုဆိုတဲ့ အချက်နှစ်ချက်ကြောင့် ဒီကုမ္ပဏီက အပြိုင်အဆိုင်များတဲ့ဈေးကွက်မှာ အောင်မြင်မှုရတာဖြစ်ပါတယ်။

TV လုပ်ငန်းနယ်ပယ်ထဲမှာ တစ်ခါမှမလုပ်ဖူးသေးတဲ့ ဒီဂျစ်တယ် TV Operator အသစ်တစ်ခုက ပြိုင်ဘက်ကြီးတွေကြားထဲမှာ ခေါင်းဆောင်ဖြစ်သွားနိုင်ကြောင်းကို ဘန်ကောက်ရဲ့ အကျော်ကြားဆုံး TV လိုင်းနှစ်လိုင်းကို အနိုင်ရရှိမှုက ပြသခဲ့တယ်လို့ Workpoint TV Operator က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ Channel 7 က ထိုင်းနိုင်ငံတစ်ဝိုက်မှာတော့ ဦးဆောင်နေဆဲဖြစ်ပြီး Channel 3 က ခါတိုင်းလိုပဲ ဘန်ကောက်မှာ ထိပ်တန်းအဆင့်ကို ပြန်လည်ရရှိနေပါတယ်။

TV လုပ်ငန်းက အပြိုင်အဆိုင်အလွန်များပြီး ဒီဂျစ်တယ် TV Operator အများစုက သူတို့ရဲ့ကြည့်ရှုသူဦးရေနှုန်းကို တိုးအောင်ကြိုးစားနေရင်တောင် ကြည့်ရှုသူတွေကို ဆက်လက်ဆွဲဆောင်နိုင်ဖို့ Work-point TV က The Mask Singer Season 2 တို့လို ပရိုဂရမ်တွေနဲ့ အရည်အသွေးမြင့်တဲ့ အကြောင်းအရာတွေကို ထုတ်လွှင့်သွားမယ်လို့ Workpoint TV ရဲ့ Chief Operating Officer Chalakorn Pany-ashom က ပြောကြားခဲ့ပါတယ်။

The Mask Singer ဆိုတာက သူတို့ဘယ်သူဘယ်ဝါဆိုတာ မသိရအောင် ပြိုင်ပွဲဝင်တွေက မျက်နှာဖုံး (Mask) တပ်ပြီးဆိုရတဲ့ သီချင်းဆိုပြိုင်ပွဲဖြစ်ပါတယ်။ Second Season မတိုင်ခင်က The Mask Singer ဟာ Workpoint TV ကို မနှစ်က အောက်တိုဘာလမှာ ပထမဆုံးထုတ်လွှင့်တဲ့ပွဲနဲ့ နှစ်လသုံးလအတွင်း အဆင့်ထိပ်ဆုံးရောက်အောင် ကူညီခဲ့ပါတယ်။

Channel 7 နဲ့ Channel 3 တို့လို သြဇာရှိတဲ့ ဒီဂျစ်တယ် TV Operators တွေကို သီးသန့်ဈေးကွက်ကို ဆွဲဆောင်နိုင်လာနိုင်တဲ့ TV လိုင်းအသစ်တွေက ထိုးဖောက်လာနေပြီး လုပ်ငန်းကပြောင်းလဲနေပါတယ်လို့ ထိုင်းနိုင်ငံရဲ့ ကြော်ငြာအေဂျင်စီကုမ္ပဏီ Media Intelligence မှ ဒုတိယဥက္ကဋ္ဌ Pawat Ruangdejworachi က ပြောကြားခဲ့ပါတယ်။

''အကြောင်းအရာနဲ့ပတ်သက်ပြီး ကြည့်ရှုသူတွေမှာ ရွေးချယ်စရာတွေများလာတာနဲ့အမျှ TV လုပ်ငန်းက ပြိုကွဲသွားဖို့ များလာတယ်'' လို့ သူက ပြောကြားခဲ့ပါတယ်။

ကဏ္ဍအမျိုးမျိုးကတစ်ဆင့် အကြောင်းအရာကောင်းတွေကို ဈေးကွက်နဲ့အညီ အလိုက်သင့်ထုတ်လွှင့်နေတဲ့အတွက် ထိပ်တန်း TV ကြည့်နှုန်းကို ရရှိခဲ့တာက မဆန်းဘူးလို့ Mr.Pawat က ပြောကြားခဲ့ပါတယ်။

ကြည့်ရှုသူနဲ့ ကြော်ငြာရှင်နှစ်ဖက်လုံးကို ဆွဲဆောင်နိုင်မယ့်  အကြောင်းအရာတွေကို ထုတ်လွှင့်ရင်းနဲ့ ဒီဂျစ်တယ် TV Operator က လိုက်လျောညီထွေဖြစ်အောင် ကြိုးစားသင့်ကြောင်း သူကပြောကြားခဲ့ပါတယ်။

စီးပွားရေးနာလန်ထမှုအားမကောင်းတဲ့အတွက် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံရဲ့ မီဒီယာမှာ ကြော်ငြာသုံးစရိတ်စုစုပေါင်းက ဆက်ပြီးကျဆင်းနေခဲ့ကြောင်း Nielsen Thailand ရဲ့ မှတ်တမ်းအရသိရပါတယ်။

၂၀၁၆ ခုနှစ်က အချိန်ကာလအတူတူနဲ့ယှဉ်ရင် ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ကြော်ငြာသုံးစရိတ်က ၇. ၀၈ ရာခိုင်နှုန်းကျဆင်းပြီး ဘတ် ၅၂. ၈ ဘီလီယံထိ လျော့သွားခဲ့ပါတယ်။

ဒီဂျစ်တယ် TV ကြော်ငြာမှာ ကုန်ကျစရိတ်က မနှစ်ကနဲ့ ဒီနှစ်ကိုနှိုင်းယှဉ်လိုက်ရင် ဘတ် ၁၀.၇ ဘီလီယံကနေ ၃.၆၄ ရာခိုင်နှုန်းတက်သွားပြီး ဘတ် ၁၁.၁ ဘီလီယံ ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ စုစုပေါင်းကြော်ငြာသုံးစရိတ်ကို ဘတ် ၁၄၄ ဘီလီယံထိ ၁၀ ရာခိုင်နှုန်းတက်လာပြီး  ကြော်ငြာကဏ္ဍမှာ ကောင်းမွန်တဲ့နာလန်ထမှုရရှိဖို့ မျှော်မှန်းထားပါတယ်။

အယ်ဒီတာအဖွဲ့