အရှုံးအမြတ်ပြောဖို့ စောနေသေးသည့် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ

ကမ္ဘာ့စီးပွားရေးပုံစံကိုပြောင်းလဲစေခဲ့တဲ့ အဓိကအကြောင်းအရာကတော့ နည်းပညာတိုးတက်လွန်မှုပါပဲ။ နည်းပညာကြောင့် ပြောင်းလဲဖြစ်ပေါ်လာတဲ့ စီးပွားရေးပုံစံတွေထဲမှာ ထင်ရှားတာတွေကတော့ Airbnb လို ဟိုတယ်လုပ်ငန်းတွေကို ခြိမ်းခြောက်လာနေတဲ့ အင်တာနက်သုံး အိမ်ခန်းအငှားဝန်ဆောင်မှုနဲ့ နေ့စဉ်ဘဝထဲက သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေကို ခြိမ်းခြောက်လာနေတဲ့ အင်တာနက်သုံး အငှားယာဉ်ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာမှ နိုင်ငံတကာမှာ လက်တလော လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအကြောင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြပေးလိုက်ပါတယ်။

taxiservice1

ကမ္ဘာပေါ်မှာရှိတဲ့ မြို့ပေါင်း ၅၇၄ မြို့က ၅၅ သန်းသော လူတွေဟာ Uber Taxi Service ကို လစဉ်အသုံးပြုနေကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ Uber ရဲ့ Underlying Sales က ဒေါ်လာလေးဘီလီယံ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Underlying pretax က ဒေါ်လာသုံးဘီလီယံကနေ ၃.၅ ဘီလီယံဆုံးရှုံးခဲ့ပြီး အနီးဆုံး ၃ လပတ်ကာလမှာတော့ ဒေါ်လာရှစ်ရာမီလီယံနီးပါး ဆုံးရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာတစ်ဘီလီယံကနေ နှစ်ဘီလီယံကြား လိုငွေပြမှုဟာ Uber အနေနဲ့ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ Uber ကို ရွေးချယ်အသုံးပြုအောင်ဆွဲဆောင်ဖို့ ထောက်ပံ့ကြေးငွေတွေ၊ လျှော့ဈေးတွေ ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။ အခြားကုန်ကျစရိတ်တွေနဲ့ မောင်းသူမဲ့ကားတွေ တည်ထောင်ဖို့အတွက်ကိုတော့ အနည်းဆုံး ဒေါ်လာ တစ်ဘီလီယံလောက် သုံးစွဲခဲ့ပါတယ်။

taxiservice2

၂၀၂၆ ရောက်တဲ့အခါ Uber ရဲ့ Sales ဟာ ဆယ်ဆအထိ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ သူ့ရဲ့ Operating Margins ကလည်း လက်ရှိ အနုတ် ၈၀ ရာခိုင်နှုန်းရှိရာကနေ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင်ခြေရှိပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက Uber ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အမေရိကားက Lyft နဲ့ အရှေ့တောင်အာရှက Grab တို့လို ပြိုင်ဘက်တွေဟာ အကြမ်းဖျင်းအားဖြင့် မတည်ငွေ ဒေါ်လာ ၁၁ ဘီလီယံလောက် မြင့်တက်ခဲ့ပါတယ်။ ငွေကြေးထောက်ပံ့မှုတွေက ဈေးကွက်ဝေစုရရှိဖို့ ပြိုင်ဘက်ကုမ္ပဏီတွေ အပြိုင်အဆိုင် ဈေးလျှော့ရောင်းချမှုကို ပိုပြီးဖြစ်ပေါ်စေတုန်းပဲ ဖြစ်ပါတယ်။

သန်းထောင်ပေါင်းများစွာ ကုန်ကျခံခဲ့ပေမယ့် ငွေကြေးတောင့်တင်းပြီး ပါးနပ်တဲ့ ပြည်တွင်းပြိုင်ဘက်တွေကြောင့် ရုရှားနဲ့တရုတ်မှာ Uber က နောက်ဆုတ်သွားပြီးတဲ့နောက်မှာ ဒီရင်းနှီးမြှုပ်နှံမှုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ Uber က Grab အပြင် အင်ဒိုနီးရှားနိုင်ငံက သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း GoJek နဲ့ပါ ယှဉ်ပြိုင်နေရပါတယ်။

Softbank က Uber ရဲ့ ပြိုင်ဘက်ကုမ္ပဏီတွေမှာ ပထမဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ Grab နဲ့ အိန္ဒိယနိုင်ငံက Ola မှာ ရင်းနှီးမြှုပ်နှံမှုမတိုင်ခင်က Didi မှာ ပထမဆုံး ဒေါ်လာသန်းငါးထောင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အာရှမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီကြီးတွေက Uber နဲ့ပြိုင်ဖို့ အသင့်ပြင်နေကြပါတယ်။ Uber က အမေရိကနဲ့ ဥရောပကို ဖောက်ထွက်ပြီးတော့ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် အင်တာနက်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့ အလားအလာရှိတဲ့ အရှေ့တောင်အာရှက သူ့အတွက်အရေးပါပြီး ကျယ်ပြန့်တဲ့ဈေးကွက် ဖြစ်လာနိုင်ပါတယ်။

taxiservice3

လက်တလောမှာ Uber က သူ့ရဲ့ CEO Travis Kalanick အပါအဝင် ရာထူးကြီးပုဂ္ဂိုလ်တွေ နုတ်ထွက်သွားမှုနဲ့ ကျားမခွဲခြားဆက်ဆံမှုအစရှိတဲ့ ပြဿနာတသီကြီးနဲ့ အမေရိကန်နိုင်ငံမှာ ရင်ဆိုင်နေရပါတယ်။ သူ့ရဲ့ရှယ်ယာရှင်တွေနဲ့ သူ့ဆီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီ Benchmark ရဲ့ ဒါရိုက်တာတွေက သူတို့ရဲ့ရှယ်ယာအချို့ကို Softbank နဲ့ အခြားအလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချနေကြောင်းသိရပါတယ်။

စင်ကာပူနိုင်ငံမှာ ဌာနချုပ်တည်ရှိပြီး နိုင်ငံပေါင်းခုနစ်နိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ တက္ကစီဝန်ဆောင်မှုပေးနေတဲ့ Grab ကုမ္ပဏီက Uber နဲ့အပြိုင် ဈေးကွက်မှာ နေရာယူနိုင်ဖို့ ရင်းနှီးမြှုပ်နှံငွေကို ၂.၅ ဘီလီယံဒေါ်လာအထိ တိုးမြှင့်ထားပါတယ်။ ဂျပန်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီး Softbank နဲ့ တရုတ်နိုင်ငံမှာ Uber ရဲ့ လုပ်ငန်းကိုဝယ်ယူလိုက်တဲ့ တရုတ်နိုင်ငံက တက္ကစီဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီး Didi Chuxing တို့က အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှာ အများဆုံး (၂ ဘီလီယံ) ထည့်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါက လက်ရှိအချိန်အထိ အရှေ့တောင်အာရှမှာ Startup ကုမ္ပဏီတစ်ခုအတွက် ရင်းနှီးမြှုပ်နှံငွေထည့်ဝင်ကြတဲ့အထဲမှာ အများဆုံးဖြစ်ပါတယ်။

မလေးရှားကနေ ထိုင်းအထိ ဈေးကွက်ထဲမှာ Uber နဲ့အပြိုင်လုပ်ဆောင်ခဲ့တဲ့ Didi နဲ့ Grab တို့ရဲ့ မဟာမိတ်အဖြစ်ကို ဒီရင်းနှီးမြှုပ်နှံမှုက ခိုင်မာစေပါတယ်။ အရှေ့တောင်အာရှမှာ ဒေါ်လာသန်းခြောက်ထောင်တန်ဖိုးရှိတဲ့ Startup ကုမ္ပဏီတစ်ခုဖြစ်လာဖို့ Grab က ဒေါ်လာသန်း ငါးရာရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်နေကြောင်းလည်း ပြောထားပါတယ်။

Uber က တရုတ်နဲ့ ရုရှားကနေ ဆုတ်ခွာခဲ့တာ ၁ နှစ်နီး ပါးရှိနေပြီ ဖြစ်ပါတယ်။ အခုဆိုရင် Uber ရဲ့ ပြိုင်ဘက် Grab က အရှေ့တောင်အာရှမှာ ကိုယ်ပိုင်ယာဉ်မောင်းသူတွေအတွက် ဈေးကွက်မျှဝေမှု ၇၁ ရာခိုင်နှုန်း ရှိနေပြီလို့ ထုတ်ဖော်ကြေညာထားပါတယ်။ လက်ရှိအချိန်အထိ Uber ရော Grab ရောက အမြတ်အစွန်းမရရှိကြပါဘူး။ အငှားယာဉ်ဝန်ဆောင်မှု Application တွေရဲ့ ပြိုင်ဆိုင်မှုမှာ ဘယ်သူက ငွေဘယ်လောက်အသုံးပြုနိုင်တယ်ဆိုတာက အဓိကကျနေပါတယ်။

ဒီနှစ်အစပိုင်းကတည်းက Uber နဲ့ Grab က သူတို့ရဲ့ Application တွေဆီကို လူတွေပြန်လှည့်လာအောင် အဆုံးမရှိတဲ့ ဈေးလျှော့မှုတွေနဲ့ အစွမ်းကုန်ဝန်ဆောင်မှုပေးပြီး ဆွဲဆောင်နေကြပါတယ်။ ဒါကိုလုပ်ငန်းကြီးငွေရှင်ကြေးရှင်တွေကနေ တက္ကစီစီးတဲ့ ခရီးသည်တွေဆီသို့ ချမ်းသာကြွယ်ဝမှုကို လက်လွှဲပေးမှုကြီးလို့ ခေါ်လို့ရပါတယ်။ တစ်ဖက်မှာလည်း Uber က မောင်းသူမဲ့အငှားယာဉ်ဝန်ဆောင်မှုကို စတင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်လာနေပါတယ်။

taxiservice5

Apple ကုမ္ပဏီမှာ အမေရိကန် ဒေါ်လာတစ်ဘီလီယံရင်းနှီးမြှုပ်နှံမှုနဲ့အတူ မနှစ်ကဇွန်လအတွင်း နိုင်ငံတကာကုမ္ပဏီများအတွင်း ရင်းနှီးမြှုပ်နှံငွေပမာဏ အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံကို Didi က အဆုံးသတ်ခဲ့ပါတယ်။ ဒါက ဆော်ဒီအာရေဗီးယားရဲ့ Public Investment Fund က Uber စုဆောင်းရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံထက် ပိုများခဲ့ပါတယ်။

မနှစ်က သြဂုတ်လမှာတော့ Uber က တရုတ်ဈေးကွက်ကနေ ထွက်သွားခဲ့ရပေမဲ့ ဒီဖြစ်ရပ်ကနေ သင်ခန်းစာတွေအများကြီးရပြီး အသုံးဝင်တဲ့ အချက်အလက်တွေ အများကြီးရရှိခဲ့ပါတယ်။ Uber ရဲ့ ထွက်ခွာရမှုက တရုတ်အစိုးရအနေနဲ့ အစိုးရပိုင်တက္ကစီကုမ္ပဏီတွေကို နစ်နာစေတဲ့၊ မမျှတတဲ့ ယာဉ်စီးခနှုန်းထားတွေအပေါ် ထိန်းချုပ်မှုအပါအဝင် စည်းမျဉ်းအသစ်တွေချမှတ်မှုနဲ့ တိုက်ဆိုင်သွားခဲ့တာလည်းဖြစ်ပါတယ်။

 Didi က ၎င်းရဲ့ယာဉ်စီးခလျှော့ချမှုကို ရပ်လိုက်တဲ့အခါ ချက်ချင်းပဲ တက္ကစီခရီးသည်အရေအတွက်က လျော့ကျခဲ့ပါတယ်။ ဆိုလိုတာက ဒီသုံးစွဲသူခရီးသည်တွေက ယာဉ်စီးခနှုန်းသက်သာတာကိုပဲ ကြည့်ပါတယ်။ သူတို့တက္ကစီတံဆိပ်တွေကို အစွဲအလမ်းမထားကြပါဘူး။

ဈေးကွက်ကို တစ်ဦးတည်းပိုင်ဆိုင်ခွင့်ရဖို့ ယှဉ်ပြိုင်ရင်း ဆုံးရှုံးလိုက်ရတာတွေကို ပြန်လည်ကာမိစေနိုင်မယ့် နည်းလမ်းတွေကို Uber နဲ့ Grab တို့က မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ ရှာဖွေလုပ်ဆောင်နေပါတယ်။ Uber အတွက် အောင်မြင်မှုက မောင်းသူမဲ့နည်းပညာမှာ တိုးတက်မှုရှိတဲ့အပေါ်မှာ မူတည်နေနိုင်ပါတယ်။ ဒါက တက္ကစီမောင်းသူတွေအတွက် ကုန်ကျစရိတ်ကို ဖယ်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ မောင်းသူမဲ့ကားပရိုဂရမ်တစ်ခုကို Uber က စတင်ခဲ့ပါ တယ်။ ဒါပေမဲ့ မောင်းသူမဲ့ကားတွေက ရင်းနှီးငွေ အမြောက်အမြားလိုအပ်ချက်ကို လျော့နည်းစေမလားဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

taxiservice4

တစ်ဖက်မှာတော့ ယူဆရတဲ့ Grab ရဲ့ ချဉ်းကပ်ပုံနည်းလမ်းက ၎င်းရဲ့လုပ်ငန်းအတွက် ငွေပေးချေရာမှာ အထောက်အကူပြုဖို့ ငွေဝင်စေမယ့် အွန်လိုင်းငွေပေးချေမှုလုပ်ငန်းကို တည်ထောင်ဖို့ဖြစ်ပါတယ်။ ဒါက အင်ဒိုနီးရှားနိုင်ငံအခြေစိုက် သယ်ယူပို့ဆောင်ရေး၊ Logistics နဲ့ ငွေပေးချေမှုပိုင်းအတွက် Startup ကုမ္ပဏီဖြစ်တဲ့ ပြိုင်ဘက် GoJek ရဲ့ စံနမူနာကို ယူထားတာပါ။ GoJek က ၎င်းရဲ့တက္ကစီ Booking လုပ်ဖို့ အသုံးပြုရတဲ့ Application နဲ့ပဲ ဘဏ်အကောင့်မရှိတဲ့ ခရီးသည်တွေကို ရုပ်ရှင်လက်မှတ်တွေ၊ အနှိပ်သည်တွေနဲ့ Appointment ရဖို့ ကြိုတင် Booking လုပ်နိုင်အောင် အကူအညီပေးနေတာဖြစ်ပါတယ်။

တက္ကစီစီးဖို့ကြိုးစားနေတဲ့ လမ်းသွားလမ်းလာတွေရဲ့ အမြင်အရဆိုရင် သူတို့အတွက်က Uber နဲ့ Grab တို့ရဲ့ ယာဉ်စီးခနှုန်းထားအပြိုင်အဆိုင်တွေ မပြီးဆုံးသရွေ့ကောင်းမွန်တဲ့ အချိန်ကာလတစ်ခုကိုပိုင်ဆိုင်နေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီနှစ်ခုထဲက တစ်ခုခုက ခိုင်မာတဲ့ပုံစံကို သက်သေမပြမချင်း ဘယ်ကုမ္ပဏီက တကယ့်အောင်နိုင်သူဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောဖို့ ခက်ပါတယ်။

Ref : BKK Post, The Economist

အယ်ဒီတာအဖွဲ့