မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ (အခန်း-၃)
မဟာဗျူဟာဆိုင်ရာ စည်းမျဉ်းများ . . .
- မတိုက်ဘဲနိုင်အောင်လုပ်ပါ။
- အားနည်းချက်ကို အားသာချက်နဲ့ အမြဲယှဉ်ကြည့်ပါ။
- အထက်က 'ရမ်းပြောတာတွေ' သတိထားပါ။
- အဓိကကျတဲ့ သဘောတရားတွေကို လိုက်နာပါ။
စစ်ဆင်ရေး အဆင့်ဆင့်တိုင်းမှာ မဟာဗျူဟာဆိုတာ 'မြေပုံပေါ်မှာတိုက်ရတဲ့ စစ်ပွဲ' လို့ ခေါ်ဆိုရမှာဖြစ်တယ်။ ''စာရွက်ပေါ်မှာလုပ်ရမယ့် အစီအစဉ်တွေကို ရေးဆွဲရတာ'' ပဲ ဖြစ်တယ်။ မဟာဗျူဟာရဲ့အလုပ်က တိုက်ပွဲအောင်နိုင်ရေးအတွက် မိမိမှာရှိတဲ့အရာတွေကို ဘာတွေကို ဘယ်လိုသုံးမလဲဆိုတာ စီစဉ်ချမှတ်ရတဲ့ အလုပ်ဖြစ်တယ်။ B.H Liddell Hart က ဆိုတဲ့ စာအုပ်ထဲမှာ မဟာဗျူဟာဆိုတာ ဘယ်တပ်ကို ဘယ်အချိန် ဘယ်နေရာမှာ တိုက်ပွဲအကွက်ချထားရမယ်ဆိုတာ ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ဆိုတယ်။
B.H. Liddell Hart က သူ့ရဲ့ Strategy ဆိုတဲ့ စာအုပ်ထဲမှာ မဟာဗျူဟာရဲ့ ဦးတည်ချက်ကို ရှင်းလင်းတင်ပြထားတယ်၊ ''တကယ့်ရည်ရွယ်ချက်က စစ်ပွဲကို ရှာတိုက်နေဖို့ မဟုတ်ဘူး။ မိမိကို အကျိုးပြုနိုင်တဲ့ မဟာဗျူဟာ ချမှတ်နိုင်တဲ့ အခြေအနေတစ်ရပ်ကို တွေ့အောင်ရှာဖို့ပဲ ဖြစ်တယ်။ အဲဒီအခြေအနေကိုမှီပြီး ဆုံးဖြတ်ချက် မချနိုင်သေးရင်တောင် ဒီအခြေအနေကို တိုက်ပွဲနဲ့ဆက်ထိန်းထားနိုင်ရင် လိုအပ်တဲ့ ဦးတည်ချက်ကိုရဖို့ သေချာသွားမှာ ဖြစ်တယ်'' တဲ့။
မဟာဗျူဟာနဲ့ပတ်သက်တဲ့ ပထမဦးဆုံး စည်းမျဉ်းတစ်ရပ်ကတော့ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူစားသုံးနေကြသူတွေရဲ့ လိုအပ်ချက်တွေကို သိရအောင် အပတ်တကုတ်ကြိုးစားနေဖို့နဲ့ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားနိုင်ရေး ဖြစ်ပါတယ်။ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်းကအစ၊ ကုန်ဝယ်သူထံတင်ပို့ပေးမှု အလယ်၊ ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးခြင်းအဆုံးအထိ ဂရုစိုက်သွားရမှာ ဖြစ်တယ်။ အဲဒီလိုတွေ သေသေချာချာ လုပ်ကိုင်ပြီဆိုမှ မိမိရဲ့မဟာဗျူဟာဟာ ပြိုင်ဘက်တွေနဲ့ လက်တွေ့ယှဉ်ပြိုင်လုပ်ကိုင်တဲ့အခါ အောင်မြင်နိုင်မှုရှိမရှိ သိရမှာဖြစ်တယ်။ မဟာဗျူဟာကောင်းတစ်ရပ်ဆိုတာ ယှဉ်ပြိုင်သူတွေလုပ်တာတွေကို ကြည့်ပြီး နောက်ကလိုက်လုပ်နေတာ မဟုတ်ဘူး။ ဝယ်ယူစားသုံးသူတွေကို ထည့်တွက်စဉ်းစားကာ မိမိတို့အတွက် ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုတာ ပီပီပြင်ပြင်မြင်အောင် ရေးဆွဲထားခြင်း ဖြစ်တယ်။ အဲဒီနောက် ယှဉ်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာကို ထည့်သွင်းစဉ်းစားတာ ဖြစ်တယ်။ မဟာဗျူဟာရေးဆွဲရာမှာ ကုမ္ပဏီရဲ့ လူအား၊ ငွေအား၊ အကြံဉာဏ်အား၊ အရင်းအနှီးတွေရဲ့ ပမာဏ၊ အစိုးရ စည်းမျဉ်းစည်းကမ်းတွေရဲ့ အကျိုးသက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ပူပန်စရာတွေနဲ့ ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။
မဟာဗျူဟာ ချမှတ်တယ်ဆိုတာ ယှဉ်ပြိုင်အားကစားနည်းမျိုး မဟုတ်ဘူး။ 'ထပ်လုပ်၊ ပိုကောင်းအောင်လုပ်၊ ပိုမြန်အောင်လုပ်' တာမျိုးဟာ မဟာဗျူဟာမဟုတ်ဘူး။ မိမိတို့ဆီမှ ဝယ်ယူစားသုံးကြသူတွေ ဝယ်ရတဲ့ပစ္စည်းနဲ့ ပေးရတဲ့ငွေ ပိုပြီးတန်အောင်ဆောင်ရွက်ပေးနိုင်ရေးကိုပဲ အာရုံစိုက်လုပ်ကိုင်ရတာဖြစ်တယ်။ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်တယ်။ ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် အတိုက်အခိုက်အနည်းဆုံးဖြစ်အောင် ကြိုးစားတယ်။
အင်မတန်ကောင်းတဲ့ မဟာဗျူဟာဟာ သေသေချာချာ နက်နက်နဲနဲ ဆွေးနွေးရာမှ ပေါ်ထွက်လာတာဖြစ်တယ်။ ဆွေးနွေးရာမှာလည်း မိမိတို့ရဲ့အားသာချက်၊ အားနည်းချက်တွေ၊ ပြင်ပက ခြိမ်းခြောက်မှုတွေနဲ့ အခွင့်အလမ်းတွေကိုပါ ထည့်သွင်းဆွေးနွေးကြခြင်း ဖြစ်တယ်။ အဲဒီလို စေ့စေ့စပ်စပ်သုံးသပ် ရေးဆွဲထားတဲ့အတွက် ဒီမဟာဗျူဟာကိုကြည့်ပြီး အရေးကြီးတဲ့ မဟာဗျူဟာဆိုင်ရာ အခွင့်အလမ်းတွေကို ပီပီပြင်ပြင် မြင်နိုင်လာစေနိုင်ပါတယ်။
ဆွန်ဇူးက အောက်ပါအတိုင်းပြောပါတယ်။
''စစ်တိုက်ရာမှာ အကောင်းတကာ့ အကောင်းဆုံးကတော့ ရန်သူရဲ့နယ်မြေကို အပျက်အစီး အယိုအယွင်းမရှိဘဲ သိမ်းပိုက်လိုက်ခြင်းပဲ ဖြစ်တယ်။ ဖျက်ဆီးပစ်လိုက်တာထက် တစ်တပ်လုံးကို လက်ရဖမ်းဆီးလိုက်တာက ပိုကောင်းတယ်။ တပ်ရင်းတစ်ရင်း၊ တပ်ဖွဲ့တစ်ဖွဲ့၊ ဒါမှမဟုတ် ငါးယောက်ပါ အဖွဲ့ငယ်လေးတစ်ဖွဲ့ကို အကွဲကွဲအပြဲပြဲ ဖရိုဖရဲမဖြစ်အောင် သိမ်းပိုက်နိုင်တာဟာ ချေမှုန်းပစ်လိုက်တာထက်ကောင်းတယ်။ ဒါကြောင့် တိုက်ပွဲတစ်ရာတိုက်ပြီး အောင်ပွဲတစ်ရာခံတာမျိုးဟာ ကျွမ်းကျင်မှုရဲ့ အထွတ်အထိပ်ဖြစ်တယ်လို့ မပြောနိုင်ဘူး။ ရန်သူကို မတိုက်ဘဲ နှိမ်နင်းနိုင်တာကတော့ အကောင်းတကာ့ အကောင်းဆုံးဖြစ်တယ်။
ဒါကြောင့် စစ်ဆင်ရာမှာ အကောင်းဆုံးမူဝါဒကတော့ ရန်သူရဲ့မဟာဗျူဟာကို တိုက်ခိုက်ခြင်းပဲ ဖြစ်တယ်။ ဒုတိယအကောင်းဆုံးနည်းကတော့ သံတမန်နည်းတွေကိုသုံးကာ ရန်သူ့ရဲ့မဟာမိတ်အဆက်အသွယ်တွေကို ပြတ်တောက်သွားအောင် လုပ်ခြင်းဖြစ်တယ်။ နောက်အကောင်းဆုံးနည်းကတော့ ရန်သူရဲ့တပ်ကို စစ်မြေပြင်မှာ တိုက်ခိုက်တဲ့နည်းပါပဲ။
အညံ့ဆုံးမူဝါဒကတော့ အကာအရံတွေရှိတဲ့ မြို့တွေကို သွားရောက်တိုက်ခိုက်ခြင်း ဖြစ်တယ်။ မြို့တွေကို တိုက်ခိုက်တယ်ဆိုတာ တခြားနည်းမရှိတဲ့အခါ နောက်ဆုံးချသုံးရတဲ့နည်း ဖြစ်တယ်။
ကျဉ်ကာတွေလုပ်ဖို့၊ ကျဉ်ကာတွေ တပ်ဆင်ထားတဲ့ယာဉ်တွေ အသင့်အနေအထားမှာရှိနေဖို့ လိုအပ်တဲ့ လက်နက်တွေ၊ ကိရိယာတန်ဆာပလာတွေကို အသင့်ပြင်ထားဖို့ အနည်းဆုံးသုံးလ ကြာတယ်။ မြို့ရဲ့နံရံတွေနားကပ်ပြီး တောင်ပို့တွေဖြစ်အောင် မြေဖို့ဖို့က နောက်ထပ်အနည်းဆုံးသုံးလ ကြာမယ်။
ဒီလောက်ကြာတော့ စစ်ဗိုလ်ချုပ်ဟာ စိတ်မရှည်တော့ဘဲ သူ့တပ်သားတွေ မြို့နံရံတွေပေါ်ကို ပုရွက်ဆိတ်တွေ အုံသလို စုပြုံတက်ကြဖို့ အမိန့်ထုတ်တယ်။ ဒီတော့ တပ်သားဦးရေ သုံးပုံတစ်ပုံ အသတ်ခံကြရသွားတယ်။ မြို့ကိုတော့ မသိမ်းယူနိုင်ဘူး။ ဒါမျိုးဟာ မြို့ရိုးအကာအရံရှိတဲ့ မြို့တွေကို တိုက်ခိုက်ရာမှာ ကြုံရတဲ့ဘေးဒုက္ခပဲ ဖြစ်တယ်။
ဒါကြောင့် မတိုက်ခိုက်ရဘဲ ရန်သူကို ချေမှုန်းနိုင်အောင် လုပ်ပါ။ အဲဒီလိုလုပ်ရင် စစ်ပွဲတွေကို ရေရှည်ဆွဲတိုက်မနေရဘဲ အုပ်စိုးသူကို ဖြုတ်ချသွားနိုင်ပါတယ်။
ဒီစစ်တပ်တွေရဲ့ အဓိကရည်ရွယ်ချက်က ရှိရှိသမျှ အားလုံးကို မဟာဗျူဟာအရ အသာစီးရအောင် ဆောင်ရွက်ပြီးရယူရေး ဖြစ်တယ်။ ဒါကြောင့် တပ်သားတွေဟာ ပင်ပန်းနွမ်းနယ် မသွားကြဘူး။ ပိုင်ပိုင်နိုင်နိုင်ကြီး အောင်ပွဲခံသွားကြရတယ်။ ဒါဟာ မဟာဗျူဟာသုံးပြီး တိုက်ခိုက်တဲ့နည်း ဖြစ်တယ်။
ဆွန်ဇူးရဲ့ မဟာဗျူဟာကို စီးပွားရေးလုပ်ငန်းတွေမှာ အသုံးချပုံ . . .
ရန်သူရဲ့တပ်ကို မတိုက်ရဘဲ နိုင်အောင်လုပ်ပါ။ ထိပ်တိုက်ရင်ဆိုင်မှုတွေမရှိတဲ့ မဟာဗျူဟာကို ရှာပါ။ ရန်သူရဲ့ မြို့တွေကို သဲကြီးမဲကြီးမတိုက်ဘဲ သိမ်းပိုက်နိုင်အောင် လုပ်ပါ။ သွယ်ဝိုက်တဲ့နည်းတွေ သုံးပါ။ စစ်ကို ရေရှည်ဆွဲတိုက်နေတာတွေမလုပ်ပဲ အုပ်စိုးသူတွေကို ဖြုတ်ချနိုင်အောင် ကြိုးစားပါ။ စီးပွားရေးလုပ်ရာမှာ သုံးစွဲရတာတွေနဲ့ အချိန်တွေကို အလွန်အကျွံ မသုံးစွဲရဘဲ အောင်မြင်မှုရအောင် လုပ်ပါ။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
ပဋိပက္ခမရှိဘဲ အောင်မြင်သွားတာဟာ အပြီးသတ်အောင်ပွဲပါပဲ . . .
Enterprise Rent-A-Car ဆိုတဲ့ ကုမ္ပဏီဟာ အစတုန်းက အိမ်၊ မြေစတာတွေကို ငှားတဲ့လုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီ ဖြစ်တယ်။ နောက်ပိုင်းမှာ ငှားတဲ့သူတွေကို လိုက်ပို့ရင်း အငှားကားလုပ်ငန်းကို စတင်လုပ်ကိုင်တာ ဖြစ်တယ်။
ရုပ်မြင်သံကြား စီးပွားရေးလုပ်ငန်းတွေကိုကြည့်ရင် ပြိုင်ဘက်နည်းနည်းသာ ရှိသေးတဲ့နေရာတွေမှာ စတင်လုပ်ကိုင်ကြတာ တွေ့ရတယ်။ သတင်းထုတ်လွှင့်တဲ့အပိုင်းမှာ CNN လူနေအိမ်နဲ့ ပန်းခြံပြုစုစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ ထုတ်လွှင့်ရာမှာ HGTV ၊ မျိုးဆက်သစ်လူငယ်တွေအတွက် တေးဂီတပိုင်းမှာ MTV ၊ မှတ်တမ်းတင်ရုပ်ရှင်ပိုင်းမှာ History Channel စသဖြင့် အများကြီးပါပဲ။ ကုန်ပစ္စည်းအသစ်ကို ထုတ်ဖို့ပဲဖြစ်ဖြစ်၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အယူအဆ အကြံသစ်ဉာဏ်သစ် ရဖို့ပဲဖြစ်ဖြစ် လုပ်ကိုင်သူတိုင်းဟာ မြန်မြန်ဆန်ဆန်ပဲ လုပ်ငန်းတွေ တိုးချဲ့လာနိုင်တယ်။ အပြိုင်အဆိုင်မရှိခင်မှာပဲ ဈေးကွက်ဝေစုတွေကို ပြိုင်ဆိုင်လာနိုင်တယ်။
အထက်ဖော်ပြပါ ဆွန်ဇူးရဲ့ မဟာဗျူဟာဆိုင်ရာ အတွေးအမြင်တွေကိုကြည့်ရင် ပဋိပက္ခမဖြစ်ဘဲ အောင်မြင်မှု ရနိုင်တယ်ဆိုတဲ့ အချက်ဟာ အခြေခံပဲဆိုတာ တွေ့ရတယ်။ သူ့အယူအဆကို အသုံးချဖို့ဆိုရင် ယှဉ်ပြိုင်မှု ခွင်ထဲမဝင်ခင် အောင်မြင်မှုရနေအောင် ကြိုးစားဖို့လိုတယ်။ အဲဒီလိုမဟုတ်ရင်တော့ အောင်မြင်မယ်လို့ မျှော်လင့်ကာ ကြိုးပမ်းတိုက်ခိုက်ရတော့မှာ ဖြစ်တယ်။ စစ်ပွဲမဆင်နွှဲခင် အောင်မြင်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆဟာ စစ်နဲ့သာဆိုင်တာ မဟုတ်ဘူး။ အခြေအနေအားလုံးနဲ့ ဆိုင်ပါတယ်။ တိုက်ပွဲမဝင်မီမှာပဲ ဘယ်လိုအကျိုးရလဒ်တွေ ထွက်ပေါ်လာမယ်ဆိုတာ တွက်လို့ရနေတာကို တွေ့ရလေ့ရှိတယ်။ 'အောင်နိုင်တဲ့ဘက်ဟာ အောင်နိုင်ပြီးသားဘက်မှာရှိမှာပဲ' ဆိုတဲ့ ဆိုရိုးစကားဟာ ဒီအဓိပ္ပာယ်ပါပဲ။
မဟာဗျူဟာဆိုတာ စီမံချက်ရေးဆွဲချမှတ်ရတာပဲ ဖြစ်တယ်။ စာရွက်ပေါ်မှာ စစ်တိုက်ရတာဖြစ်တယ်။ စစ်ကို ဘယ်လိုတိုက်မလဲဆိုတာနဲ့ ဆိုင်တယ်။ ဘာလိုလုပ်မှ မှန်မယ်ဆိုတာနဲ့ဆိုင်တယ်။ စစ်ပွဲမတိုင်မီ အောင်ပွဲရအောင် ကြိုးစားရတာ ဖြစ်တယ်။
နည်းဗျူဟာဆိုတာကတော့ လက်တွေ့တိုက်ခိုက်ရတာ ဖြစ်တယ်။ ဘယ်လိုလုပ်မှ မှန်တယ်ဆိုတာနဲ့ ပတ်သက်တယ်။ ဒါဟာ စစ်ပွဲပါပဲ။
အကောင်းဆုံး အဖွဲ့အစည်းတွေဟာ သူမသာ ကိုယ်မနာတဲ့ မဟာဗျူဟာကိုရအောင် လုပ်ကြလေ့ရှိတယ်။ သူတို့ဟာ သူတို့ရဲ့စီမံချက် (မဟာဗျူဟာ) ကို ကောင်းကောင်းချမှတ်ရေးဆွဲကြတဲ့အတွက် အောင်မြင်ဖို့ သေချာတယ်။ အပြိုင်အဆိုင် အင်အားစုတွေနဲ့ ရင်ဆိုင်တွေ့ကြုံကြရတဲ့အခါ သူတို့ရဲ့အကောင်အထည်ဖော်တဲ့ (နည်းဗျူဟာ) ဟာ ကောင်းနေတဲ့အတွက် ဘာပဲဖြစ်ဖြစ် အောင်မြင်မှု ရတော့မှာပါပဲ။
ညွှန့်သောင်း