အောင်မြင်မှုရဖို့ လိုအပ်တဲ့ စီးပွားရေးအသုံးလက်နက် ၁၀၀

The Grow Model for Coaching လုပ်ငန်းအမှုဆောင်များ အရည်အချင်းတိုးတက်မှုအတွက် အကောင်းဆုံးနည်းပြ လမ်းညွှန်မှုပုံစံ . . .

ဤပုံစံတွင် အောင်မြင်တိုးတက်မှုအတွက် အရေးကြီးဆုံး လိုအပ်ချက်များကို အဆင့်လေးဆင့်ဖြင့် ဖော်ပြထားသည်။

Goals -          ရည်မှန်းချက်ပန်းတိုင်များ

Reality - စစ်မှန်သောလက်တွေ့အခြေအနေ (လက်တွေ့အမှန်တရားများ)

Options - ဖြစ်နိုင်ခြေအခွင့်အလမ်းများ

Way Forward - ရှေ့သို့လျှောက်လှမ်းရမည့်လမ်း

Goals - ရည်မှန်းချက်ပန်းတိုင်များ

ဦးတည်ရည်မှန်းချက်များချမှတ်ရန်မှာ အောင်မြင်တိုးတက်ရန်လိုလားသူ၏တာဝန်ဖြစ်သည်။ ဖြည့်ဆည်းပံ့ပိုးမည့်သူ (Coach) က ချမှတ်ပေးသော ရည်မှန်းချက်များ မဖြစ်ရဘဲ ၎င်း (Coach) က အားပေးကူညီရန်သာ ဖြစ်ရမည်။ ပိုမိုပြည့်စုံစွာ ရှင်းလင်းနားလည်မှုအတွက် မေးခွန်းများမေး၍ ထောက်ပံ့ပေးနိုင်သည်။

မေးနိုင်သောမေးခွန်းများ . . .

- မိမိလိုချင်သော ရည်မှန်းချက်ပန်းတိုင်က ဘာလဲ။

- ဘာကို အလေးထားဦးစားပေးမှာလဲ။

- ဘာကို ရရှိဖို့ ကြိုးစားနေတာလဲ။

- ရရှိကြောင်းကို ဘယ်လိုသိနိုင်မှာလဲ။

- ရည်မှန်းချက်က တိကျပြီး တိုင်းတာလို့ရနိုင်ပါသလား။

- အောင်မြင်မှုကို ဘယ်လိုမြင်သာမှာလဲ။

Reality - စစ်မှန်သော လက်တွေ့အခြေအနေ (လက်တွေ့အမှန်တရားများ)

လေ့လာနေသူသည် အခြေအနေအမှန်နှင့် ထားရှိသော ဦးတည်ချက်များအပေါ် မည်မျှအလေးအနက်ထားသည်ကို သိရှိရန်လိုသည်။ နည်းပြလုပ်သူက သင်ယူလိုသူ၏ ရည်မှန်းထားချက်၊ စိတ်သဘောထား အစစ်အမှန်ကို သိရှိနိုင်ရန် ပညာပါပါ မေးခွန်းများ မေးရန်လိုသည်။ အခြေအနေအမှန်နှင့် အနှစ်ချုပ်ကို နည်းပြက ရှင်းလင်းပေးနိုင်ရမည်။

မေးနိုင်သောမေးခွန်းများ . . .

- ရလဒ်ကို ထိန်းချုပ်နိုင်မည်လား (မထိန်းချုပ်နိုင်လျှင် မည်သည့်အကြောင်းကြောင့် ဖြစ်သည်)

- ရည်မှန်းချက်ပန်းတိုင်ရောက်ရန် အဓိကကျသော မှတ်တိုင်များက ဘာဖြစ်မလဲ။

- မည်သူ ပါဝင်ပတ်သက်နေပြီး သူ့အကျိုးသက်ရောက်မှုက ဘာလဲ။

- ကိုယ့်လုပ်ဆောင်ပြီးမြောက်မှုက ဘယ်ရောက်နေပြီလဲ။ အကျိုးသက်ရောက်မှုကကော ဘယ်လိုလဲ။

- ရင်ဆိုင်နေရသည့် အဓိကအကြောင်းအရာတွေက ဘာတွေလဲ။

Option - ဖြစ်နိုင်ခြေအခွင့်အလမ်းများ

နည်းပြ၏ အကူအညီဖြင့် သင်ယူသူက ရည်မှန်းချက် ပန်းတိုင်ရောက်ရန် အခွင့်အလမ်းများ၊ ဗျူဟာများ၊ စီမံချက်များကို ဖော်ထုတ်ရမည်။ ဖော်ထုတ်ဆွေးနွေးခြင်းအားဖြင့် သင်ယူသူ၏ လက်ရှိနှင့် ပေါ်ပေါက်လာနိုင်သော အခြေအနေအမှန်များကို သိနိုင်မည်။ သို့မှသာ လက်ရှိအတိုင်း ဆက်လက်လုပ်ကိုင်ရန်၊ သို့မဟုတ် ပြောင်းလဲရန် လို မလိုကို သိမည်။

မေးနိုင်သောမေးခွန်းများ . . .

- မည်သည့်အခွင့်အလမ်းများ ရှိသည်။ မည်သည့်အခွင့်အလမ်းကို ရွေးချယ်မည်၊ မည်သည့်အကြောင်းကြောင့် ဖြစ်သည်။

- သွင်းအားစုများ ကန့်သတ်ချက်မရှိပါက မိမိ၏ အခွင့်အလမ်းများက ဘာတွေဖြစ်နိုင်သည်။

- မိမိ၏ရည်မှန်းချက်ပန်းတိုင်များကို အဖွဲ့အစည်း၏ အခြားအရေးအရာများဖြင့် ချိတ်ဆက်၍ ရနိုင်မည့်အခြေအနေ ရှိ မရှိ။

- အကောင်းဆုံးအဖြေမှာ ဘာဖြစ်နိုင်သည်။

Way Forward - ရှေ့သို့တက်ရမည့်လမ်း

နောက်ဆုံးအဆင့်တွင် အမြန်အဆန်လုပ်ရန် မလိုအပ်ပါ။ အပြီးသတ်ဘာလုပ်ရန်လိုသည်ကိုသာ ညှိနှိုင်းသဘောတူရန် ဖြစ်သည်။ သင်ယူသူအတွက် လက်တွေ့ကျ သည့်စီမံချက်ရရှိသွားရန် ကူညီဖို့သာ ဖြစ်သည်။ နည်းပြဖြစ်သူမှာ သင်ယူသူအတွက် အားသာချက်၊ အားနည်းချက်၊ အမှားအမှန် စမ်းသပ်ခွင့်ရရန်နှင့် အမြင်ရှုထောင့်အသစ်များ ရရှိရန် ထောက်ပြနိုင်သည်။

မေးနိုင်သောမေးခွန်းများ . . .

- ဘာတွေစ,လုပ်ဖို့ လိုသလဲ။ ဘယ်တော့လုပ်မှာလဲ။ ဘယ်သူသိဖို့လိုသလဲ။ မည်သူတို့၏ ကူညီမှုနှင့် မည်သည့်သွင်းအားစုတွေ လိုသလဲ။

- အခက်အခဲများကို မည်သို့ကျော်လွှားပြီး အောင်မြင်မှုကိုရအောင် သေချာစေမည်လဲ။

နောက်ဆုံးအဓိကကျသည်မှာ ထိထိရောက်ရောက် အကျိုးသက်ရောက်မည့်စီမံချက်များ ဖြစ်လာရန်မှာ ပြန်လှန်သုံးသပ်မှုဖြင့် ရရှိသောနားလည်မှုတို့ကြောင့် တက်တက်ကြွကြွ လုပ်ငန်းလုပ်ဆောင်နိုင်မှုပင် ဖြစ်ပါသည်။

အမှာ . . .

The Grow Model for Coaching မှာ ပို့ချသင်ကြားမှုအစား Sir John Whitmore အဆိုပြုသော Coach  နှင့် Coachee တို့ တိုက်ရိုက်မဟုတ်သည့် အမေးအဖြေအပြန်အလှန် စောဒကတက် ဆွေးနွေးသည့်နည်းပုံစံ ဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း- ရန်ကုန်စီးပွားရေးတက္ကသိုလ်)