၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်မှာ မွေးဖွားခဲ့တဲ့ Evan Thomas Spiegel ဟာ အမေရိကန် စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံက နိုင်ငံစုံနည်းပညာနဲ့ လူမှုကွန်ရက်ကုမ္ပဏီကြီး Snap Inc., ကို ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်ပါတယ်။ သူဟာ Bobby Murphy ၊ Reggie Brown တို့နဲ့အတူ Stanford တက္ကသိုလ်မှာ ကျောင်းတက်ရင်း Snap Inc., ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Spiegel ဟာ၂၀၁၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်းကြီးရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လေးရာ (Forbes 400) စာရင်းမှာ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၂ . ၁ ဘီလီယံနဲ့ အဆင့် ၃၃၅ ရခဲ့ပါတယ်။
Evan Spiegel ရဲ့ကျောင်းသားဘဝမှ Snapchat ပူးတွဲတည်ထောင်သူဘဝသို့ . . .
Snapchat ဟာ Evan Spiegel ရဲ့ ကမ္ဘာဖြစ်ပါတယ်။ ကျန်တဲ့ လူတွေအားလုံးက ဒီအထဲမှာ ခဏဝင်ပြီး နေရုံသက်သက်သာ ဖြစ်ပါတယ်။
Evan Spiegel တစ်ယောက် Evan Spiegel ရယ်လို့ ဖြစ်မလာခင်က လူတွေထဲကို ဝင်ဆန့်အောင် လုပ်ချင်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဥပမာပြောရရင် ၂၀၁၂ ခုနှစ်၊ ဇွန်လတုန်းက သူတကယ်မရခဲ့တဲ့ ဒီပလိုမာလက်မှတ်ကို ယူဖို့ Stanford တက္ကသိုလ်ရဲ့ ဘောလုံးကွင်းကြီးက ယာယီဆောက်ထားတဲ့ စင်မြင့်ကလေးပေါ်ကို သူဖြတ်လျှောက်သွားတဲ့အချိန်မျိုး ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ Spiegel ဟာ Product Design ဘာသာရပ်နဲ့ ဘွဲ့ရဖို့အတွက် ရစရာရှိတဲ့ အမှတ်ကို ပြည့်အောင်မရသေးပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ သူဟာလုပ်စရာရှိတဲ့ ကျောင်းအလုပ်တွေကို ပြီးသွားမှာပဲဆိုတဲ့ ယူဆချက်နဲ့ Stanford တက္ကသိုလ်က သူ့ကို ဘွဲ့နှင်းသဘင်မှာ တက်ပြီး လျှောက်ခွင့်ပြုခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေအားလုံးက ဘွဲ့ယူကြမှာဖြစ်ပြီး သူ့ရဲ့မိသားစုကလည်း အခမ်းအနားအတွက် မြို့ထဲမှာ ရောက်နေခဲ့ပါတယ်။ အဲဒီအချိန်ကို လွတ်သွားရင် တော်တော်စိတ်ကသိကအောက် ဖြစ်ရမှာဖြစ်ပါတယ်။
နောက်ဆုံးတော့ Spiegel ဟာ ဘွဲ့ရမသွားခဲ့ပါဘူး။ အဲဒီတုန်းက ဘွဲ့ရတယ်လို့ သူဟန်မဆောင်ခဲ့မိရင် ကောင်းမှာပဲလို့ အခုချိန်မှာ သူကပြောပါတယ်။
''သူများတွေနဲ့ မတူဘူးလို့ အထင်မခံရအောင် လုပ်ဖို့အတွက် ကလေးကလား အလုပ်တွေ အများကြီးကို ကျွန်တော်တို့ မကြာခဏလုပ်ခဲ့တယ်ဆိုတာ အဲဒီလုပ်ရပ်က ကျွန်တော့်ကို သတိပေးခဲ့ပါတယ်။ သူများတွေလုပ်သလို လိုက်လုပ်တာဟာ အလိုအလျောက် ဖြစ်သွားတတ်လွန်းတဲ့အတွက် အဲဒါဟာ ဘယ်လောက်အင်အားကြီးတယ်ဆိုတာကို ကျွန်တော်တို့မေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝိညာဉ်တွေရဲ့ တိုးတိုးပြောသံကို ကျွန်တော်တို့ ပြန်နားထောင်ပြီး နောက်ထပ်ရည်မှန်းချက်တွေထားဖို့ လုပ်လိုက်တဲ့အချိန်တွေဟာ ကျွန်တော်တို့ကို လူသားဖြစ်အောင် လုပ်ပေးတဲ့အရာပဲ ဖြစ်ပါတယ်'' လို့ USC ရဲ့ စီးပွားရေးကျောင်းဆင်းတွေကို Spiegel က ပြောခဲ့ပါတယ်။
အခုတော့ Evan Spiegel ဟာ သူများတွေလုပ်သလို လိုက်မလုပ်တော့ပါဘူး။ လုပ်စရာလည်း မလိုတော့ပါဘူး။ သူဟာ Snapchat ကုမ္ပဏီကြီးကို စီမံကွပ်ကဲနေပါပြီ။ ချုပ်ကိုင်နေပါပြီ။
Snapchat ဟာ ရင်းနှီးမြှုပ်နှံသူတွေ၊ မီဒီယာကုမ္ပဏီတွေ၊ ကြော်ငြာသမားတွေနဲ့ အရေးအကြီးဆုံးအနေနဲ့ သူ့ရဲ့နေ့စဉ် သုံးစွဲသူပေါင်း သန်း ၁၃၀ လောက်ပါဝင်တဲ့ လူတွေအများကြီးအတွက် အစီအစဉ်တွေ ချမှတ်ပါတယ်။ အဲဒီလူတွေဟာ Spiegel ရဲ့ ဦးဆောင်မှုကို လိုက်နာပြီး သူ့ရဲ့စည်းမျဉ်းတွေအတိုင်း လုပ်ကိုင်နေကြတဲ့ လူတွေဖြစ်ကြပါတယ်။
ဒါတွေအားလုံးဟာ Snapchat ရဲ့ကုန်ပစ္စည်းက အခြေခံလာတာဖြစ်ပြီး အဲဒီကုန်ပစ္စည်းဟာ သူ့အရင်က ပေါ်လာခဲ့တဲ့ အရာတွေအားလုံးနဲ့ မတူတဲ့နည်းနဲ့ အလုပ်လုပ်ပါတယ်။ ပုဂ္ဂိုလ်ရေး Message တွေဟာ သူတို့ကိုဖတ်ပြီးသွားတဲ့အခါ သူ့အလိုလို ပြန်ပျက်သွားပါတယ်။ သုံးစွဲသူတွေဟာ ဗီဒီယိုတွေကို ဒေါင်လိုက်ရိုက်ကြ ၊ ကြည့်ကြပါတယ်။ အလျားလိုက် မရိုက်ကြ၊ မကြည့်ကြပါဘူး။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဖုန်းကို သူတို့အမှန်တကယ် ကိုင်နေကျကိုင်နည်းက ဒေါင်လိုက်ဖြစ်နေလို့ပါပဲ။ ထုတ်ဝေသူတွေနဲ့ Brand တွေဟာ Snapchat ကို သူတို့ရဲ့ Content (အချက်အလက်) တွေကိုပေးဖို့ Block ရဲ့ ပတ်လည်မှာ တန်းစီနေပါတယ်။
Snapchat ဟာ သင့်အကြောင်းကို သင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတချို့သိသလောက် အများကြီးသိထားတဲ့ Facebook နဲ့ မတူပါဘူး။ Snapchat က သင့်ရဲ့အကြောင်းအားလုံးကို သူ့ကိုမပြောခိုင်းပါဘူး။ သင့်ရဲ့ အချက်အလက်တွေကို စုစည်းဖို့ အင်တာနက်တစ်ဝိုက်မှာ သင့်နောက်က ကပ်ပြီးလိုက်မနေပါဘူး။ ရလဒ်ကတော့ Snapchat ဟာ ပုဂ္ဂိုလ်ရေးတော်တော်ဆန်တဲ့ ကြော်ငြာတွေနဲ့ သင့်ကို ပစ်မှတ်ထားမှာ မဟုတ်တော့တာပါပဲ။ Facebook ဟာ အဲဒီကြော်ငြာတွေအတွက် နာမည်ကြီးနေသလို အဲဒီ ကြော်ငြာတွေဟာ စိုးရိမ်ထိတ်လန့်စရာကောင်းတယ်လို့ Spiegel ကလည်း ယူဆထားပါတယ်။
Snapchat က လူတိုင်းရောက်ချင်တဲ့ နေရာမှာရှိနေတဲ့အတွက် လူတိုင်းက သူနဲ့ရေလိုက်ငါးလိုက် နေပါတယ်။ အဲဒီနေရာဟာ သမ္မတဖြစ်ဖို့ မျှော်လင့်ချက်ကြီးတဲ့လူတွေ မခံချိမခံသာစကားတွေကို အပြန်အလှန် ဖလှယ်ကြတဲ့နေရာဖြစ်ပါတယ်။ အမျိုးသားဘောလုံးအဖွဲ့ချုပ် (NFL) နဲ့ အကယ်ဒမီဆုတွေရဲ့ ကန့်လန့်ကာနောက်ကွယ် ဗီဒီယိုတွေကို သင်ကြည့်လို့ရတဲ့နေရာဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကို ထပ်ကာထပ်ကာ ကြော်ငြာပေးဖို့အတွက် Barack Obama လည်း Snapchat ကို အသုံးပြုခဲ့ပါတယ်။
ဒီယဉ်ကျေးမှုဆိုင်ရာ ဖမ်းစားထားမှုဟာ သင်တွေ့ကောင်းတွေ့ခဲ့မယ့် ဘယ် ၂၅ နှစ်သားနဲ့မှမတူတဲ့ ၂၅ နှစ်သားတစ်ယောက်ဖြစ်တဲ့ Spiegel ဆီက တိုက်ရိုက်ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ အဲဒီရလဒ်ထဲက တချို့ဟာ ထူးထူးခြားခြား ထင်ရှားပေါ်လွင်နေပါတယ်။ သူဟာ Ferrari ပြိုင်ကားတစ်စီးကို ပိုင်ဆိုင်ပါတယ်။ သူဟာ ရဟတ်ယာဉ်မောင်းလိုင်စင်ကိုရထားသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူဟာ အရင်တုန်းက Victoria’s Secret Model တွေထဲက မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။
သူအလုပ်လုပ်နေတာကို သင်စောင့်မကြည့်ရင် အဲဒီထဲက တချို့ကို သင်မမြင်နိုင်ပါဘူး။ Spiegel ဟာ Mark Zuckerberg နဲ့ Steve Jobs တို့လို ကုန်ပစ္စည်းတွေ တည်ဆောက်တဲ့နေရာမှာတော်တယ်လို့ သူ့ကိုသဘောကျတဲ့ လူတွေက ပြောကြပါတယ်။ သူဟာ တစ်ဇွတ်ထိုးလုပ်ပြီး ချုပ်ကိုင်တတ်ပါတယ်။ စီလီကွန်တောင်ကြားက နည်းပညာအခင်းအကျင်းနဲ့ စိမ်းနေတဲ့ ဝန်ထမ်းတွေကို အလုပ်က မြန်မြန်ဖြုတ်ပစ်တဲ့ပုံစံကို သူက အကောင်အထည်ဖော်နေပါတယ်။
တစ်စုံတစ်ရာကို ခံစားချက်တွေနဲ့ တည်ဆောက်ခြင်း . . .
Spiegel ဟာ နောက်ထပ် Facebook ၊ ဒါမှမဟုတ် Twitter တစ်ခုကို တည်ဆောက်နေတာ မဟုတ်ပါဘူး။ လူတချို့အတွက်တော့ အဲဒါဟာ သိသာထင်ရှားပေမယ့် အဲဒါကိုနားလည်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ ရွေးချယ်သိမ်းဆည်းထားတဲ့ Facebook နဲ့ Instagram ရဲ့ ပုံစံမျိုးတွေအတွက် တခြားရွေးချယ်စရာတွေကို ရှာနေကြတယ်ဆိုတဲ့ စိတ်ကူးက Spiegel ကို မောင်းနှင်နေလို့ပဲ ဖြစ်ပါတယ်။ သူတို့ရှာနေတာဟာ လူမှုရေးဝက်ဘ်ဆိုက် တစ်ခုမဟုတ်ပါဘူး။ ဘေးပန်းအနေနဲ့ ဖျော်ဖြေရေးတွေအများကြီးပါတဲ့ ဆက်သွယ်ရေး Application တစ်ခုသာဖြစ်ပါတယ်။
''ကျွန်တော်တို့အနေနဲ့ 'စစ်မှန်တဲ့ကမ္ဘာကြီး' ကို အမိဖမ်းပြီး အဲဒီကမ္ဘာကြီးကို အွန်လိုင်းပေါ်မှာ ဖန်တီးတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ရိုးရိုးရှင်းရှင်းနေထိုင်ပြီး အဲဒီအချိန်မှာပဲ ဆက်သွယ်တဲ့အလုပ်ကို လုပ်ပါတယ်'' လို့ ၂၀၁၄ ခုနှစ် စောစောပိုင်းက နှီးနှောဖလှယ်ပွဲတစ်ခုမှာပြောတဲ့ သူ့ရဲ့ဟောပြောချက်ထဲမှာ Spiegel က ရှင်းပြခဲ့ပါတယ်။ Spiegel ဆီမှာ ဒီလိုဆန်းသစ်တဲ့ စိတ်ကူးတွေ ရှိရုံသာရှိနေတာ မဟုတ်ပါဘူး။ အဲဒီစိတ်ကူးတွေကို ဖြစ်မြောက်အောင်လည်း သူက လုပ်နိုင်ပါတယ်။
Facebook ဟာ Snapchat ရဲ့ ကြည့်ပြီးရင် အလိုလိုပျောက်သွားတဲ့ ဓာတ်ပုံကို ပုံတူပွားယူဖို့ နှစ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ (၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတုန်းက Facebook ဟာ Spiegel ရဲ့ တည်ထောင်စလုပ်ငန်းကို ဒေါ်လာသုံးဘီလီယံနဲ့ ဝယ်ဖို့လည်း ကြိုးစားခဲ့ပါတယ်) Twitter နဲ့ Instagram နှစ်ခုစလုံးဟာ Snapchat ရဲ့ ဓာတ်ပုံ၊ ဗီဒီယိုဇာတ်လမ်းပုံစံကို ပုံတူပွားယူခဲ့ပေမယ့် အကျိုးမရှိခဲ့ပါဘူး။
ဒါပေမဲ့ Spiegel ဟာ Zuckerberg နဲ့ မတူတာကတော့ Code ကို မသိတာပါပဲ။ သူက သူ့ရဲ့သက်ရောက်မှုကို မြင်ကွင်းနဲ့၊ ပုံစံဒီဇိုင်းနဲ့ ထားခဲ့ပါတယ်။ အဲဒါဟာလည်း Spiegel ကို သူများနဲ့မတူအောင် လုပ်ပေးနေတဲ့ အရာတစ်ခုပါပဲ။ သူ့ရဲ့စိတ်ကူးအများစုဟာ အကြမ်းထည်သက်သက်ဖြစ်ပြီး အစဉ်အလာကို ဆန့်ကျင်နေပါတယ်။ အဲဒီ စိတ်ကူးတော်တော်များများဟာ Facebook နဲ့ Google တို့လို ပိုပြီးကြီးမားတဲ့ ကုမ္ပဏီကြီးတွေရဲ့ အပေါ်ယံ စမ်းသပ်စစ်ဆေးမှုကိုခံရရင် အောင်မြင်ချင်မှ အောင်မြင်ခဲ့မှာပါ။
ဥပမာအားဖြင့် Snapchat App ကို သင်ဖွင့်လိုက်တဲ့အခါ ဘာကိုမှ ဖတ်စရာကြည့်စရာမလိုဘဲ App ရဲ့ ကင်မရာပေါ်ကို တိုက်ရိုက်ရောက်သွားပါတယ်။ အဲဒါဟာ အဲဒီ App ကို သုံးစွဲဖို့ သက်သက်မဟုတ်ဘဲ Content ကို ဖန်တီးဖို့ တွန်းအားပေးမှု တစ်ခုဖြစ်ပါတယ်။ ဒေါင်လိုက်ဗီဒီယိုဟာ သဘာဝအတိုင်း လူတွေက သူတို့ရဲ့ ဖုန်းတွေကိုကိုင်တဲ့နည်းဖြစ်တဲ့အတွက် ဒေါင်လိုက်ဗီဒီယိုနဲ့ပတ်သက်ပြီး အရည်အသွေးမြှင့်တာဟာ Snapchat က ပထမဆုံး ဖြစ်ပါတယ်။ အဲဒါဟာ ဗီဒီယိုကို ရိုက်သင့်တယ်လို့ ယူဆနေကြ တဲ့ အလျားလိုက်နည်းလမ်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
အောင်မြင်မှုနေ့ရက်တွေဆက်နေတဲ့ Snapchat . . .
Spiegel ဟာ အထူးတလည် ဆက်တိုက်အောင်မြင်မှု ရနေပါတယ်။ ကိန်းဂဏန်းနဲ့ဆိုရင်တော့ သတင်းအထောက်အထား တော်တော်များအရ Snapchat မှာ နေ့စဉ်တက်တက်ကြွကြွ သုံးစွဲနေတဲ့ သုံးစွဲသူ သန်းပေါင်း ၁၃၀ လောက် ရှိပါတယ်။ အဲဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက သန်းတစ်ရာ မပြည့်ခဲ့ပါဘူး။ အဲဒါဟာ Twitter ရဲ့ တက်ကြွတဲ့ သုံးစွဲသူပေါင်း သန်း ၃၁၀ ကို တဖြည်းဖြည်း မီအောင်လိုက်လာနေတာ ဖြစ်တယ်လို့ အဲဒီသတင်းပေးသူတွေက ပြောနေကြပါတယ်။ comScore ဆိုတဲ့ သတင်းအချက်အလက် ကုမ္ပဏီရဲ့ အဆိုအရ အမေရိကန်နိုင်ငံက အသက် ၁၈ နှစ်က ၂၄ နှစ် အထိအရွယ်တွေရဲ့ ၆၅ ရာခိုင်နှုန်းနီးပါးဟာ App ကို သုံးနေကြပါပြီ။ လွန်ခဲ့တဲ့သုံးနှစ်တုန်းကဆိုရင် သူတို့ရဲ့ ၂၄ ရာခိုင်နှုန်းကပဲ သုံးခဲ့တာ ဖြစ်ပါတယ်။ စားပွဲတင်ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ တီဗီ၊ ဒါမှမဟုတ် ဓာတ်ပုံ၊ ဘာအတွက်ပဲဖြစ်ဖြစ် အဲဒီအသက်အရွယ်အုပ်စုဟာ ကြော်ငြာသမားတွေအတွက် အရေးအကြီးဆုံးအုပ်စု ဖြစ်ပါတယ်။
ကုမ္ပဏီဟာ အခုအချိန်အထိ ကြီးထွားနေတုန်းပါပဲ။ အဖိုးတန် သတင်းအချက်အလက်လုပ်ငန်းကိုလုပ်တဲ့ App Annie ကုမ္ပဏီရဲ့အဆိုအရ Snapchat ဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလတစ်လလုံးမှာ U.S. iOS App Store ရဲ့ App အားလုံးထက် ပိုမြင့်တဲ့အဆင့်မှာ ရှိနေပါတယ်။ ဧပြီလ ၂၄ ရက်နေ့မှာ Download ဟာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ Download အလုပ်ခံရတဲ့နေရာမှာ ထိပ်ဆုံးက ရှိခဲ့တဲ့အတွက် Facebook ၊ Messenger ၊ Twitter နဲ့ Instagram တို့ကပြောကြတဲ့ ထိပ်ဆုံးကိန်းဂဏန်းတွေ စုစုပေါင်းရဲ့ နှစ်ဆနီးပါး ရှိပါတယ်။
ထက်မြက်သော Evan ဖြစ်လာခြင်း . . .
Facebook ၊ Twitter နဲ့ Google တို့လို ဧရာမနည်းပညာကုမ္ပဏီကြီးတွေဟာ ဝန်ထမ်းအားလုံးပါဝင်တဲ့ ပုံမှန်အစည်းအဝေးတွေကို လက်ခံကျင်းပပေးပြီး အရေးကြီးတဲ့ လုပ်ငန်းစီမံချက်အသစ်တွေ၊ ကုန်ပစ္စည်းဆိုင်ရာ လမ်းပြမြေပုံတွေအကြောင်းကို မကြာခဏပြောပါတယ်။ ဝန်ထမ်းတွေဟာ App အသစ်တွေကို စပြီးမလုပ်ခင် ဝင်ကြည့်ခွင့်ရပါတယ်။ ကုမ္ပဏီအမှုဆောင်တွေဟာ စင်မြင့်ပေါ်ကိုတက်ပြီး ဝန်ထမ်းတွေမေးတဲ့ မေးခွန်းတွေကို ဖြေကြပါတယ်။ Snapchat မှာတော့ ဝန်ထမ်းအားလုံးပါတဲ့ အစည်းအဝေးတွေ ရှားပါးပြီး အဲဒီအစည်းအဝေးတွေကို မွေးနေ့တွေနဲ့ လုပ်ငန်းရဲ့ နှစ်ပတ်လည်ပွဲတွေကို ကြေညာဖို့ပဲ အများဆုံး အသုံးပြုပါတယ်။ အမှုဆောင်တွေဟာ မေးခွန်းတွေကို ပိုင်ပိုင်နိုင်နိုင် ဖြေကြားလေ့မရှိဘဲ အနာဂတ်ကုန်ပစ္စည်းတွေ အကြောင်းကိုလည်း မဆွေးနွေးကြပါဘူး။ Snapchat ရဲ့ ကုန်ပစ္စည်းအသစ်တစ်ခုနဲ့ပတ်သက်ပြီး ဝန်ထမ်းတော်တော်များ ပထမဆုံးသိရတဲ့ အချိန်ကတော့ သတင်းစာထဲမှာ အဲဒီအကြောင်းပါလာတဲ့ အချိန်ပဲဖြစ်ပါတယ်။
ပုဂ္ဂလိက လွတ်လပ်မှုနဲ့ပတ်သက်တဲ့ Spiegel ရဲ့ စွဲလမ်းမှုကို ကုမ္ပဏီရဲ့ဖွဲ့စည်းပုံက မီးမောင်းထိုးပြနေပါတယ်။ ရုံးအဆောက်အအုံတွေကို Venice ကမ်းခြေလမ်းပေါ်မှာ တသီးတခြားစီ တန်းစီပြီး ဆောက်ပေးထားတာဟာ အဖွဲ့တွေကို တသီးတခြားစီခွဲထားပြီး စီမံကိန်းတွေကို ဖုံးကွယ်ထားတာပဲ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် 'သိဖို့လိုအပ်တယ်ဆိုတဲ့ အခြေခံမူ' အပေါ်မှာမူတည်ပြီး သတင်းအချက်အလက် အမျိုးအစားအားလုံးကို မျှဝေပေးပါတယ်လို့ Snapchat ရဲ့ လက်ရှိဝန်ထမ်းတွေရော ဝန်ထမ်းဟောင်းတွေကပါ ပြောကြပါတယ်။ ကမ်းခြေလမ်းတစ်လျှောက် လမ်းလျှောက်ရင်းလုပ်တဲ့ အစည်းအဝေးတွေကို Spiegel ကြိုက်တဲ့ အကြောင်းပြချက်တစ်ခုကတော့ အဲဒီအစည်းအဝေးတွေဟာ လူကြားထဲမှာလုပ်ရင်တောင် ပုဂ္ဂလိက ပိုပြီးဆန်သလို လူအုပ်တွေကြားထဲမှာ သူတို့လမ်းလျှောက်နေတဲ့အချိန်မှာ တစ်ယောက်ယောက် ပြောနေတဲ့စကားကို ချောင်းပြီးနားထောင်ဖို့ ခက်ခဲတယ်ဆိုတာပါပဲ။
အဲဒီပတ်ဝန်းကျင်ဟာ လူတော်တော်များအတွက် အလုပ်မဖြစ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကာလအတွင်းမှာ Spiegel ရဲ့ ထိပ်တန်းအမှုဆောင် တော်တော်များ ထွက်သွားခဲ့ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း ထုတ်ပစ်တာကို ခံခဲ့ရပါတယ်။ သူတို့ထဲက တော်တော်များဟာ သက်တမ်း ၁၈ လ မပြည့်ခဲ့ကြပါဘူး။ အထင်ရှားဆုံးကတော့ COO Emily White ပဲ ဖြစ်ပါတယ်။ သူဟာ Instagram က ဝင်လာခဲ့ပြီး တစ်နှစ်ကျော်တယ်ဆိုရုံကလေးမှာပဲ ပြန်ထွက်သွားခဲ့ပါတယ်။ အရောင်းဌာနအကြီးအကဲ Mike Randall ဟာ ခုနစ်လအကြာမှာ ပြန်ထွက်သွားခဲ့ပါတယ်။ HR ဌာနရဲ့ ဒါရိုက်တာ Sara Sperling ကတော့ ခြောက်လအကြာမှာပဲ ထွက်သွားခဲ့ပါတယ်။ အရောင်းဌာနအကြီးအကဲနဲ့ ဆက်သွယ်ရေးဌာန အကြီးအကဲလို အရေးကြီးတဲ့ ရာထူးတချို့ လစ်လပ်နေခဲ့တာဟာ ခြောက်လကျော်ကျော် ကြာသွားခဲ့ပါတယ်။
အရာအားလုံးဟာ Spiegel ကို ဖြတ်သွားရပြီး သူ့ရဲ့သဘောထားဟာ နောက်ဆုံးအတည် ဖြစ်ပါတယ်။ အားလုံးအပြီးသတ်လုပ်ပြီးသား ကြော်ငြာအရောင်းအဝယ်တွေကို နောက်ဆုံးမိနစ်အချိန်ကိုရောက်မှ Spiegel က ပယ်ဖျက်ပစ်လိုက်တဲ့ ဖြစ်ရပ်တွေကို ဝန်ထမ်းဟောင်းတွေက ပြန်ပြောကြပါတယ်။ Spiegel နဲ့ငြင်းခုံခြင်းဟာ အလုပ်ကတကယ်ထုတ်ခံရမယ်ဆိုတဲ့ စိုးရိမ်မှုကိုပဲ ဖြစ်စေပါတယ်။ သူ့ရဲ့မကောင်းတဲ့ဘက်ခြမ်းနဲ့ အဆင်ပြေဖို့ အမြန်ဆုံးနည်းလမ်းကတော့ အယူအဆ၊ ဒါမှမဟုတ် စီမံကိန်းအသစ်တစ်ခုကို ထောက်ခံလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနည်းဟာ တခြားတစ်နေနေရာမှာ အလုပ်ဖြစ်ခဲ့လို့ပါပဲ။ Spiegel ဟာ အရာရာကို သူများနဲ့မတူအောင်လုပ်ချင်ပါတယ်။
''Snapchat မှာ ခင်ဗျားအလုပ်သွားလုပ်တာဟာ Spiegel အတွက် အလုပ်လုပ်ဖို့သွားတာပါပဲ။ Spiegel ကို ခင်ဗျားက သွားပြီး မသင်ပါနဲ့။ ဘာလုပ်ရမယ်လို့ သူ့ကို သွားမပြောပါနဲ့'' လို့ Spiegel ကို နှစ်တော်တော်ကြာ သိခဲ့တဲ့ လူတစ်ယောက်က ပြောပါတယ်။ သူ့ရဲ့အလုပ်ဟာ တိုးတက်နေတဲ့ အလုပ်တစ်ခုဖြစ်တယ်ဆိုတာကို Spiegel သိပါတယ်။ Jobs အတွက် အလုပ်ဖြစ်တဲ့အရာဟာ Spiegel အတွက်ဘာကြောင့် အလုပ်မဖြစ်ရမှာလဲ။
''ကျွန်တော်ဟာ ထက်မြက်တဲ့ မန်နေဂျာတစ်ယောက် မဟုတ်ပါဘူး။ ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် ကျွန်တော်ကြိုးစားပါတယ်။ ပြီးတော့ ကျွန်တော့်အတွက် အဲဒါဟာ ထက်မြက်တဲ့ CEO တစ်ယောက် ဘယ်လိုဖြစ်မလဲ ဆိုတဲ့ နည်းစနစ်နဲ့ သွားခဲ့တာမဟုတ်ဘဲ ထက်မြက်တဲ့ Evan တစ်ယောက် ဘယ်လိုဖြစ်မလဲဆိုတဲ့ နည်းစနစ်နဲ့သွားခဲ့တာ ဖြစ်ပါတယ်'' လို့ မနှစ်တုန်းက နှစ်ပတ်လည် သင်္ကေတဝှက် နှီးနှောဖလှယ်ပွဲမှာ Spiegel က ပြောခဲ့ပါတယ်။
'ထူးချွန်ထက်မြက်တဲ့ Evan' တစ်ယောက်ဖြစ်လာရေးမှာ အမြဲလိုလိုနီးပါး 'သိချင်စိတ်' ပါဝင်တယ်လို့ အထောက်အထားတွေက ပြောပါတယ်။ Spiegel ဟာ တခြားလူတွေရဲ့ ဦးနှောက်ကိုရဖို့ အချိန်တို အထူးသင်တန်းတွေ တက်ရတာကို ကြိုက်ပါတယ်။ တခြားတစ်ယောက်ယောက်ထက်ပိုပြီး အရေးကြီးတဲ့အရာ၊ ခက်ခဲတဲ့အရာကို စပြီးမလုပ်ခင် သူစိတ်ဝင်စားတဲ့ ခေါင်းစဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တူးဖော်ဖို့အတွက် အဲဒီပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပါတယ်။ သူ့ရဲ့ဆရာသမားဟောင်းတွေထဲမှာ SoftBankkရဲ့ Nikesh Arora ၊ Twitter ရဲ့ Jack နဲ့ Dorsey ရဲ့ Eric Schmidt တို့ ပါဝင်ပါတယ်။
Snapchat မှာ အောင်မြင်ခဲ့တဲ့လူတွေဟာ သူတို့ရဲ့ သြဇာအာဏာကို အဓိကအားဖြင့် Spiegel ဆီကိုဝင်ပြီး ရခဲ့ပုံပေါ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိတဲ့ အမှုဆောင် ဒါဇင်ဝက်လောက် ရှိပါတယ်။ အဲဒါဟာလည်း ပြန်ပြောပြတဲ့လူပေါ်မှာ မူတည်ပါတယ်။ မဟာဗျူဟာဌာန အကြီးအကဲ Imran Khan ကလွဲရင် သူတို့ထဲက ဘယ်သူမှ ကုမ္ပဏီရဲ့ပြင်ပမှာ ဘယ်လိုပုံစံနဲ့မှ ထင်ထင်ပေါ်ပေါ် မရှိကြပါဘူး။ ဒါဟာ တော်တော်ကလေး ပုံစံချထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။
Spiegel ရဲ့ ချုပ်ကိုင်မှုအကြောင်းကို မေးတဲ့အခါ သူ့ကိုထောက်ခံတဲ့ လူတွေဟာ Apple ကုမ္ပဏီကို ဒီမိုကရေစီနည်းနဲ့ စီမံကွပ်ကဲမသွားခဲ့ဘူးလို့ လူသိများတဲ့ Steve Jobs ကို ထောက်ပြချင်ကြပါတယ်။ Jobs အတွက် အလုပ်ဖြစ်တဲ့အရာဟာ Spiegel အတွက် ဘာကြောင့်အလုပ်မဖြစ်ရမှာလဲ။ ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ Spiegel ရဲ့ရုံးခန်းထဲမှာ Jobs ရဲ့ ပုံတူပန်းချီကားကြီးကို ချိတ်ဆွဲထားပါတယ်။
Snapchat ရဲ့ဗီဒီယိုအောင်မြင်မှု . . .
Snapchat အတွက် သတင်းကောင်းကတော့ သူအကောင်းဆုံး လုပ်ထားတဲ့အရာဖြစ်တဲ့ ဗီဒီယိုပိုင်း အောင်မြင်မှုပဲ ဖြစ်ပါတယ်။ Snapchat ကို သုံးစွဲသူတွေဟာ ဇန်နဝါရီလတုန်းက နေ့စဉ် ဗီဒီယိုပေါင်း ခုနစ်ဘီလီယံ သုံးစွဲခဲ့ရာက အခုအခါ ၁၀ ဘီလီယံအထိ တိုးပြီးသုံးနေကြပါတယ်။ သူ့ရဲ့အဓိကဝင်ငွေရှာပေးတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ အဖြစ်အပျက်တွေအနီးမှာရှိတဲ့ Live Stories တွေနဲ့ သူ့ရဲ့ Discover ကဏ္ဍဆီက ထုတ်ဝေသူ Content နှစ်မျိုးစလုံးဟာ ဗီဒီယို Content အပေါ်မှာ အကြီးအကျယ် မှီခိုအားထားနေပါတယ်။ အဲဒီ အချက်အချာကျမှုဟာ Snapchat နဲ့နှိုင်းယှဉ်မှုတွေရေးဆွဲနေတဲ့ အကြောင်းရင်းတွေ အများကြီးထဲက တစ်ခုဖြစ်ပါတယ်။ Facebook ဟာလည်း ဗီဒီယိုအပေါ်မှာ အာရုံစူးစိုက်နေပြီး အထူးသဖြင့် ထုတ်ဝေသူတွေနဲ့ Brand တွေဆီက အရည်အသွေးမြင့် ဗီဒီယိုအပေါ်မှာ အထူးအာရုံစူးစိုက်နေပါတယ်။
ဗြောင်ကျတဲ့ စွန့်စားမတည် ရင်းနှီးသူတစ်ယောက် ဖြစ်သလို Facebook ရဲ့ စောစောပိုင်း အမှုဆောင် တစ်ယောက်လည်းဖြစ်တဲ့ Chamath Palihapitiya က Snapchat အပေါ် နောက်ထပ်နှိုင်းယှဉ်မှုတစ်ခုကို ပေးခဲ့ပါတယ်။ ''အဆိုးဆုံးကတော့ သူတို့ဟာ နောက်မျိုးဆက်ရဲ့ MTV ရုပ်သံလိုင်း ဖြစ်နေတာပါ။ အကောင်းဆုံးကတော့ သူတို့ဟာ နောက်မျိုးဆက်ရဲ့ Viacom မီဒီယာကုမ္ပဏီကြီး ဖြစ်နေတာပါပဲ'' လို့ ပြီးခဲ့တဲ့လတုန်းက Bloomberg ကိုပြောခဲ့ပါတယ်။ Snapchat ဟာ အဲဒီဗီဒီယိုရဲ့ အချက်အချာကျမှုကို ရှေ့၊ နောက် ညီညွတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်အောင် ဘယ်လို ၊ ဒါမှမဟုတ် ဘယ်လောက်မြန်မြန် ပြောင်းလဲနိုင်သလဲ ဆိုတာကို မသိသေးပါဘူး။ ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်မှာ ဝင်ငွေဒေါ်လာ သန်းသုံးရာ လျာထားနေပါတယ်။ အဲဒါဟာ မနှစ်တုန်းက ဒေါ်လာသန်းငါးဆယ် လျာထားချက်ထက် ကြီးမားတဲ့ခုန်ပျံကျော်လွှားမှု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ပုံမှန်အခြေခံတစ်ခုအရ အရေးကြီးတဲ့ ကြော်ငြာဒေါ်လာတွေကို ဘေးဖယ်မထားခင် ကြော်ငြာသမားတွေက သူတို့ရဲ့ လက်ထဲမှာရှိချင်ကြတဲ့ လိုအပ်တဲ့ဆောင်ရွက်ချက် တိုင်းတာမှုနည်းလမ်းတွေ အများကြီးမရှိဘဲ ဖြစ်နေတုန်းပါပဲ။
ဒါဆိုရင် အခက်အခဲအဟန့်အတားကလေး တစ်ခုရှိပါတယ်။ လုပ်ရိုးလုပ်စဉ် ဒစ်ဂျစ်တယ် ကြော်ငြာမှုအားလုံးဟာ သင့်ရဲ့ Browse လုပ်တဲ့ သမိုင်းကြောင်းထဲက သင်နဲ့ပတ်သက်ပြီး စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို သုံးပြီးလျာထားခြင်းနဲ့ ပတ်သက်ပါတယ်။ ပြန်လည်လျာထားခြင်းနဲ့လည်း မကြာခဏ ပတ်သက်ပါတယ်။ ပြီးတော့ အဲဒါဟာ Facebook နဲ့ Google တို့က သင့်အတွက် အထူးတလည် ရည်ရွယ်ထားတဲ့ ကြော်ငြာတွေကိုရောင်းပြီး ပွပေါက်တိုးခဲ့ပုံတိုးခဲ့နည်းလည်း ဖြစ်ပါတယ်။ Spiegel က အဲဒီနည်းလမ်းကို ငြင်းပယ်ခဲ့တာဟာ အံ့သြစရာ မဟုတ်ပါဘူး။
''လူတွေနဲ့ပတ်သက်ပြီး အမှန်တကယ်ကျယ်ပြန့်တဲ့ သတင်းဆောင်းပါးတွေ တည်ဆောက်တာတွေနဲ့ ကျွန်တော်တို့ ဝေးဝေးနေတော့မှာပါ။ ဒီမှာ ကျွန်တော်တို့အတွက် အမှန်တကယ်ကြီးမားတဲ့ လုပ်ငန်းတစ်ခု ရှိပါတယ်။ အဲဒီလုပ်ငန်းကလည်း Snapchat ကို သုံးတဲ့လူတွေရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို လေးစားပါတယ်'' လို့ ပြီးခဲ့တဲ့နွေရာသီတုန်းက AdWeek မဂ္ဂဇင်းကြီးကို Spiegel က ပြောခဲ့ပါတယ်။ ဒါပေမဲ့ Snapchat ဟာ Madison Avenue လမ်းမကြီးပေါ်က အတောက်ပြောင်ဆုံး ကစားစရာတစ်ခုအဖြစ် ထာဝရတည်ရှိနေမှာတော့ မဟုတ်ပါဘူး။ မကြာခင်လည်း ဖြစ်ချင်ဖြစ်လာမယ့် နောက်ဆုံးတစ်နေ့မှာ၊ သူ့ရဲ့ကုမ္ပဏီဟာ ဘယ်လို အံ့သြတုန်လှုပ်စရာကောင်းမှာလဲ ဆိုတာနဲ့ပတ်သက်ပြီး Spiegel အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ လိုအပ်လာလိမ့်မယ်ဆိုတာကို လူပြိန်းသိနဲ့ ကျွန်တော်တို့ သိနေပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်ချရမှာက Spiegel ပဲဖြစ်တာ အမှန်ပါပဲ။ အဲဒါကို သင်ယုံကြည်စိတ်ချနိုင်ပါတယ်။
ဒါတွေအားလုံးဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့နေ့မှာ Snapchat ကို အများပိုင်လုပ်ဖို့ Spiegel က ပြတ်ပြတ်သားသား သတ်မှတ်ပြီးသား ဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်မှာ အစုရှယ်ယာတွေကို စပြီး ထုတ်ရောင်းချင်နေတယ်လို့ လူတချို့က ပြောကြပါတယ်။ တချို့ကလည်း အဲဒါဟာ ၂၀၁၈ ခုနှစ်၊ ဒါမှမဟုတ် အဲဒီထက်နောက်ကျတဲ့ အထိရောက်သွားလိမ့်မယ်လို့ ထင်နေကြပါတယ်။ ဘယ်အချိန်မှာ အဲဒီလိုဖြစ်မလဲဆိုတာကို ထည့်မစဉ်းစားရင် ဖျော်ဖြေရေးနဲ့ ထုတ်ဝေရေးလုပ်ငန်းတွေနဲ့ Snapchat ရဲ့ ဆက်ဆံရေးတွေဟာ အဓိကကျမှာ သေချာပါတယ်။ ပြီးတော့ ဖျော်ဖြေရေးက ကြီးစိုးနေတဲ့နေရာဟာ စီလီကွန်တောင်ကြား မဟုတ်ပါဘူး။ LA (Los Angeles) သာ ဖြစ်ပါတယ်။
''နည်းပညာကုမ္ပဏီတွေနဲ့ Content ကုမ္ပဏီတွေ ကြားမှာရှိတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လူတွေနဲ့ မကြာခဏ စကားပြောပါတယ်။ အကြီးမားဆုံး ပြဿနာတစ်ခုကတော့ နည်းပညာကုမ္ပဏီတွေဟာ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ရုပ်မြင်သံကြားတွေကို သတင်းအချက်အလက်အနေနဲ့ ယူဆကြတာပါပဲ။ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ၊ ဂီတသမားတွေနဲ့ သရုပ်ဆောင်တွေက အဲဒါတွေကို ခံစားချက်တွေအနေနဲ့၊ ဖော်ထုတ်ပြသမှုအနေနဲ့ ယူဆကြပါတယ်။ ရှာဖွေဖို့၊ ရွေးချယ်ဖို့၊ ထင်မြင်ယူဆဖို့ မဟုတ်ပါဘူး။ တွေ့ကြုံခံစားဖို့ ဖြစ်ပါတယ်'' လို့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နှီးနှောဖလှယ်ပွဲတစ်ခုမှာ Spiegel က ပြောခဲ့ပါတယ်။
Spiegel ဟာ Snapchat ကို ဆက်သွယ်ရေး အတွေ့အကြုံသစ်တစ်ခုဖြစ်အောင် တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကမ္ဘာကြီးဟာ သူများလုပ်သလို လိုက်လုပ်ရတာကိုပဲ ပျော်ရွှင်နေပုံရပါတယ်။
ဇော်ဝင်းကြူ (ပျဉ်းမနား)