လူတွေဟာ သူတို့လိုချင်တာကလေးတွေ ကုန်တော့မယ်လို့ တွေးထင်လာမိရင် သူတို့ဟာ အဲ့ဒီပစ္စည်း ၊ ဒါမှမဟုတ် ဝန်ဆောင်မှု ၊ ဒါမှမဟုတ် အခွင့်အရေးအပေါ်မှာ ပိုပြီးတန်ဖိုးထားတတ်ကြပါတယ်။ အရောင်းအဝယ်လုပ်ငန်းတွေမှာ ကြည့်ပါလား။ ‘အကန့်အသတ်နှင့် ထုတ်လုပ်သည်၊ ကုန်တော့မည်၊ နောက်သုံးရက်အတွင်းသာရနိုင်မည်’ အစရှိတဲ့ သတိပေးချက်တွေဟာ ကျွန်တော်တို့ လိုချင်တာကလေးတွေဟာ ရှားရှားပါးပါးသာရနိုင်ကြောင်း ဖော်ပြတဲ့ သဘောထားတွေပါပဲ။ ဒါတွေဟာ အရောင်းအဝယ်သမားတွေက လူတွေရဲ့စိတ်ခံစားမှုအပေါ်မှာ လွှမ်းမိုးနိုင်ဖို့အတွက် လုပ်နေကျအတိုင်း အလိုအလျောက် တုံ့ပြန်မှုပြုစေတဲ့ သဘောဖြစ်ပါတယ်။ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းသူတွေကလည်း စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ အရောင်းအဝယ်လုပ်နေကြတာပဲ မဟုတ်ဘူးလား။
စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ဒီလိုနည်းနဲ့ ဖိအားပေးတာဟာ ကျင့်ဝတ်နဲ့ ညီရဲ့လား။ ဒါကတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမယ့်ကိစ္စပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ ဖိအားတွေ အများအပြားရှိနေကြတယ်ဆိုတာ ကျွန်တော်တို့အားလုံး လက်ခံထားကြတာပဲ မဟုတ်လား။ ကျွန်တော့်အမြင်အရတော့ စစ်မှန်သောအကြောင်းတရားပေါ်မှာ အခြေခံတဲ့ ဖိအားပေးခြင်းကတော့ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမြဲပါဝင်နေတာပဲလို့ မြင်ပါတယ်။ အငိုက်ဖမ်းတာမဟုတ်တဲ့၊ လိမ်ညာတာမဟုတ်တဲ့၊ ပုံဖျက်ထားတာမဟုတ်တဲ့ အကြောင်းတရားဖြစ်ဖို့တော့ လိုအပ်ပါတယ်။
စေ့စပ်ညှိနှိုင်းရေးရဲ့ အစအဦးပိုင်းဖြစ်တဲ့ ပြင်ဆင်ချိန်ကာလမှာကိုက ကျွန်တော်တို့ဟာ အချိန်အကန့်အသတ်မရှိ၊ အကြောင်းအရာအကန့်အသတ်မရှိ၊ နေရာအကန့်အသတ်မရှိတဲ့ လူတွေ မဟုတ်ဘူးဆိုတာကိုတော့ အသိပေးဖို့ လိုပါတယ်။ တိကျတဲ့အစီအစဉ် အကန့်အသတ်အတွင်းကနေ အလုပ်လုပ်မယ့်လူတွေဖြစ်ကြောင်း ဖော်ပြရပါမယ်။ ဒါဟာ စစ်မှန်တဲ့ ရှားပါးခြင်းသဘောတရားတစ်ခုပါပဲ။ ဒီထက်ပိုသေချာအောင် ဖော်ပြနိုင်တာကတော့ သီးသန့်အစည်းအဝေး၊ အထူးအစည်းအဝေး၊ အရေးပေါ်အစည်းအဝေး စသဖြင့် သုံးစွဲခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စေ့စပ်ညှိနှိုင်းဖက်က လိုချင်နေတာ ကျွန်တော်တို့ဆီမှာ ဘာရှိသလဲ။ တခြားလူတွေဆီမှာ မရှိဘဲ ကျွန်တော်တို့ဆီမှာပဲ ရှိနေတာ၊ ဒါမှမဟုတ် ကျွန်တော်တို့ကပဲ လုပ်ပေးနိုင်တာ ဘာရှိသလဲ။ ကျွန်တော်တို့ဦးနှောက်တွေရဲ့ အလုပ်လုပ်ပုံကို ပြန်စဉ်းစားရပါမယ်။ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ပုံသေအကြောင်းအရာတွေ (အရင်းအမြစ်တွေ၊ စနစ်တွေ၊ ကျွမ်းကျင်မှုတွေ အစရှိသဖြင့် အမြဲတမ်းလုပ်နေကျ အလုပ်တွေ)နဲ့ပဲ ထိတွေ့ကိုင်တွယ် အလုပ်လုပ်ရမယ်ဆိုရင် မသိစိတ်နဲ့ မေ့မေ့လျော့လျော့ လုပ်တတ်ပါတယ်။ သွားနေကျခရီး၊ မြင်နေကျမြင်ကွင်းတွေမှာ ထူးထူးခြားခြား မဖြစ်မခြင်း စိတ်မှတ်ထဲ ထည့်မထားမိသလို ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ အစီအစဉ်ကလည်း ဒီလိုပါပဲ။ ပြင်ဆင်ချိန်မှာကိုက ကျွန်တော်တို့ဟာ ဆန်းသစ်တီထွင်သော အကြောင်းအရာကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဘက်က ဘယ်လိုအထူးအခွင့်အရေးတစ်ရပ်ကို လိုက်လျောပေးဖို့ ကမ်းလှမ်းနိုင်မလဲ (ကိုယ့်ဘက်က တန်ဖိုးနည်းပေမဲ့ သူ့အတွက် တန်ဖိုးကြီးတာ ဖြစ်သင့်ပါတယ်)ဆိုတာ စဉ်းစားရပါမယ်။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုဟာ အထူးသီးသန့်၊ ဒါမှမဟုတ် သီးသန့်၊ ဒါမှမဟုတ် ရှားရှားပါးပါး ပေးအပ်တဲ့ အခွင့်အရေးဖြစ်တယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ကြေညာရမယ့်အချိန်လည်း ဖြစ်ပါတယ်။ အခြားတစ်ဖက်က ဒီအခွင့်အရေး ရယူလိုသောဆန္ဒကို မီးထိုးပေးနိုင်ဖို့အတွက် လူတွေရဲ့ သဘာဝတရားအတိုင်းရှိနေကြတဲ့ ရှားပါးခြင်းသဘောတရားကို အသုံးပြုပြီး အထူးရှင်းလင်းတင်ပြမှုနဲ့ ဒီလိုအစီအစဉ်မျိုးကို ပြုလုပ်ပေးရပါတယ်။ ကျွန်တော်တို့ဘက်က အစီအစဉ်မူဘောင်တွေကောင်းရင် ကောင်းသလောက် အထူးတလည် ကွဲပြားခြားနားတဲ့ရလဒ်ကို ပြန်လည်ရရှိနိုင်ပါတယ်။
စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ၊ အချိန်တွေ၊ ထုတ်လုပ်မှု အစရှိတာတွေကို ရှားပါးခြင်းသဘောတရားနဲ့အညီ သဘာဝကျစွာနဲ့ ပြောင်မြောက်စွာ ဖော်ထုတ်ပြသနိုင်မှုဟာ ကျွန်တော်တို့ရဲ့ စွမ်းအားကြီးမားမှုကို ဖြစ်စေနိုင်ပါတယ်။ ရှားပါးခြင်းကြောင့် စွမ်းအားကြီးမားနိုင်ပုံကို ဥပမာတစ်ခုအနေနဲ့ ဖော်ပြရမယ်ဆိုရင် နည်းပညာမြင့်မားတဲ့ ကုမ္ပဏီတစ်ခုဟာ လေယာဉ်တောင်ပံအစွန်းဆိုင်ရာ နည်းပညာတစ်ခုကို တီထွင်ရရှိထားပါတယ်။ ဒီနည်းပညာဟာ ပင်ကိုယ်သဘာဝအရကို တန်ဖိုးရှိတဲ့နည်းပညာဖြစ်တဲ့အပြင် တခြားမှာရှာလို့မရနိုင်တဲ့ ရှားပါးခြင်းအဆင့်အတန်း ရှိပါတယ်။ ကုမ္ပဏီရဲ့ အကျိုးစီးပွားကို အဆများစွာ မြှင့်တင်ပေးနိုင်တဲ့ နည်းပညာပါပဲ။ ဒီနည်းပညာကို ဝယ်ချင်တဲ့ ကုမ္ပဏီကြီးနှစ်ခု ရှိပါတယ်။ ကုမ္ပဏီတစ်ခုချင်းက သီးသန့်ထုတ်လုပ်ခွင့် သုံးနှစ်စီ လိုချင်ကြပါတယ်။ တခြားပြိုင်ဘက်ကို ဈေးကွက်မျှဝေမပေးချင်ဘူး ဖြစ်နေပါတယ်။ ရှားပါးလွန်းတဲ့ နည်းပညာဖြစ်လို့ ကုမ္ပဏီတစ်ခုကို ရောင်းလိုက်ရင် နောက်ကုမ္ပဏီက လုံးဝကျေနပ်မှာ မဟုတ်ပါဘူး။ နည်းပညာရောင်းချတဲ့ကုမ္ပဏီအနေနဲ့ တစ်ဖက်နိုင် တစ်ဖက်ရှုံး အရောင်းပုံစံမဖြစ်စေလိုတဲ့အတွက် နည်းပညာဝယ်ယူတဲ့ကုမ္ပဏီတွေနဲ့ ပြန်လည်ဆွေးနွေးပြီး သူတို့မှာ မရှိသေးတဲ့ ရှားပါးသော နောက်ထပ်နည်းပညာတစ်ရပ်နဲ့ တွဲဖက်ပြီး ကုမ္ပဏီနှစ်ခုလုံးကို မျှဝေပေးခဲ့ပါတယ်။ အားလုံးနိုင်တဲ့ အရောင်းအဝယ်ပုံစံဖြစ်အောင် တီထွင်ဖန်တီးမှု ဖြစ်ပါတယ်။ နည်းပညာရောင်းချတဲ့ ကုမ္ပဏီအနေနဲ့ ဝယ်ချင်တဲ့ကုမ္ပဏီနှစ်ခုလုံးကို ရောင်းချပေးနိုင်တာဖြစ်တဲ့အတွက် ပိုပြီး စွမ်းအားကြီးမားသွားစေပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာလည်း ကျွန်တော်တို့ဟာ ရှားပါးခြင်းသဘောတရားကို တစ်ဖက်နိုင်တစ်ဘက်ရှုံး အယူအဆဖြစ်ဖို့ မရည်ရွယ်ရပါဘူး။ ရှားပါးတာဟာ တန်းတူညီမျှတဲ့ အကျိုးကျေးဇူးအတွက်သာ ဖြစ်စေသင့်ပါတယ်။
ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က အပြန်အလှန်အပေးအယူ သဘောတရား၊ ခင်မင်နှစ်သက်ခြင်း သဘောတရား၊ သြဇာညောင်းခြင်း သဘောတရား၊ အများသက်သေ သဘောတရား၊ တစ်သမတ်တည်းရှိခြင်း သဘောတရားနဲ့ ရှားပါးခြင်းသဘောတရားတို့ကို ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီသဘောတရားတစ်ခုချင်းစီဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ သီးသန့်ထူးခြားတဲ့ စွမ်းရည်တွေ ကိုယ်စီရှိနေကြပါတယ်။ အခြေအနေတစ်ခုမှာ သဘောတရားတစ်ခုထက်မက ပိုမိုသုံးစွဲနိုင်သော အခွင့်အရေးတွေလည်း ရှိနေပါတယ်။ နေ့စဉ်လူ့ဘဝအတွေ့အကြုံတွေမှာ သဘောတရားတစ်ခုချင်းကို စတင်အသုံးပြုပြီး နောက်ပိုင်းမှာ ပေါင်းစပ်သုံးစွဲသွားရင်း လေ့ကျင့်သွားနိုင်ပါတယ်။ ဒီသဘောတရားတွေကို သုံးစွဲရာမှာ များများအလေ့အကျင့်ရှိလေ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ပိုမိုကောင်းမွန်စွာနဲ့ အကျိုးရှိစွာ ဆွေးနွေးနိုင်လေဖြစ်မှာ အသေအချာပါပဲ။
မင်းဗထူး