အခန်း ၂
စစ်ဆင်ခြင်း
မဟာဗျူဟာဆိုင်ရာ လိုက်နာရမယ့် အချက်များ အောင်မြင်ရေးအတွက် လိုအပ်တဲ့ လူ၊ ပစ္စည်း၊ အကြံဉာဏ်၊ ငွေကြေးစတဲ့ Resources တွေကို စနစ်တကျ အလုံအလောက် စုစည်းထားပါ။
စံအဖြစ် လိုလားအပ်တဲ့ မဟာဗျူဟာဆိုတာ အကောင်းဆုံး အကောင်အထည်ဖော်ပေးနိုင်တဲ့ မဟာဗျူဟာပဲဖြစ်တယ်။ ဒါကြောင့် မဟာဗျူဟာတစ်ရပ်ချမှတ်လိုက်ပြီဆိုရင် အကောင်အထည်ဖော်နိုင်ရေးဟာ အဲဒီမဟာဗျူဟာရဲ့ အင်အားတစ်ရပ်ဖြစ်တယ်။ မဟာဗျူဟာက အရေးကြီးသလို အကောင်အထည်ဖော် ပုံဖော်နည်းဟာလည်း အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အကောင်အထည်ဖော်နည်း (နည်းဗျူဟာ) ဖြစ်ချင်တာနဲ့မဟာဗျူဟာကို တစ်ထပ်တည်း ကျသွားစေနိုင်လို့ပဲ ဖြစ်တယ်။
ဥရောပက မဟာဗျူဟာကျွမ်းကျင်သူဗိုလ်ကြီး Johnstone က ၁၉၁၆ ခုနှစ်တုန်းက အောက်ပါအတိုင်း ရေးသားထားတယ်။
''ရန်သူက ဘယ်လိုစိတ်ထားမျိုး၊ ရည်ရွယ်ချက်မျိုး ရှိနေသလဲဆိုတာ မသိဘူးဖြစ်နေသလား။ ဒါဆိုရင်သိအောင် တိုက်ကြည့်ပါ။ ဒီလိုနည်းနည်းပါးပါး စမ်းတိုက်ကြည့်မှသာ နောက်ဆုံးပွဲသိမ်းတိုက်ပွဲကို ယုံယုံကြည်ကြည်နဲ့ ဆင်နွှဲနိုင်မှာဖြစ်တယ်။ အစမ်းတိုက်ကြည့်တာဟာ ဘာမှမဆိုင်တဲ့ သီးခြားတိုက်ပွဲ မဟုတ်ဘူး။ စစ်ပွဲကြီးရဲ့ အစပဲဖြစ်တယ်။ မိမိရဲ့တပ်ကို အကွက်ချနေရာယူကာ ရန်သူရဲ့ရှေ့တန်းတစ်ခုလုံးကို စတင်တိုက်ခိုက်ပါ။ ရန်သူရဲ့ အနေအထားကို သိလာမှာဖြစ်တယ်''
မဟာဗျူဟာမှန်ရင် တိုက်ပွဲကို ထက်ဝက်ပဲ အောင်မြင်တယ်။ နည်းဗျူဟာကို စစ်ပညာသားပါပါ ဆောင်ရွက်မှသာ မဟာဗျူဟာတစ်ခုလုံး အောင်မြင်သွားမှာဖြစ်တယ်။ စီမံထားတာနဲ့ လက်တွေ့လုပ်ရပ်ဟာ တခြားစီဖြစ်နေရင်တော့ ပြဿနာတွေ တက်လာတတ်တယ်။ အတွေးနဲ့အလုပ်ခွဲထားသလိုဖြစ်သွားပြီး တာဝန်တွေလည်း ရောထွေးေ၀ဝါးသွားတတ်တယ်။
အရေးကြီးတာကတော့ စလုပ်ဖို့ပါပဲ။ စီမံချက်ရေးဆွဲရာမှာ သိပ်အချိန်ယူလွန်းရင် ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်သွားတယ်။ အမှားတွေလည်း ဖြစ်လာတယ်။ စီမံချက်ရေးဆွဲတာနဲ့ လက်တွေ့လုပ်ကိုင်မှုကို တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်တာ ပိုကောင်းတတ်တယ်။ ဒါက ကားသွားနေတုန်း၊ ရွေ့နေတုန်း ဘီးတာယာ လဲရတဲ့အလုပ်လို ခက်ခဲတတ်တယ်။ အဆက်အသွယ်တွေက တစ်ဆင့်ရရှိထားတဲ့ သတင်းအချက်လက်အရ သိထားရတဲ့အခြေအနေမှန်နဲ့ယှဉ်ပြီး နည်းဗျူဟာရေးဆွဲသင့်ပါတယ်။
ဘယ်အလုပ်ကိုပဲလုပ်လုပ် ပုံမှန်မဟုတ်ဘူးလို့ထင်ရတာတွေဟာ ပုံမှန်ဖြစ်နေတတ်တယ်။ မရေရာ မသေချာပါဘူးလို့ ထင်ရတာတွေဟာ ရေရာနေတတ်တယ်။ သေချာနေတတ်တယ်။ ဒါကြောင့် မျှော်လင့်မထားတဲ့ အခြေအနေတစ်ရပ် ပေါ်လာတဲ့အခါ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတဲ့ အစီအစဉ်တစ်ရပ် ရေးဆွဲချမှတ်ထားသင့်တယ်။ အဲဒီလို ရေးဆွဲထားတဲ့အခါ ခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ မိမိတို့အတွက် အကျိုးရှိမယ့် အခွင့်အလမ်းတွေကို ထိုထွင်းသိမြင်လာနိုင်တယ်။
ရေရှည်စီမံကိန်းရေးဆွဲရာမှာ အလွန်နာမည်ရတဲ့ စီးပွားရေးကုမ္ပဏီတွေကို သေသေချာချာ လေ့လာကြည့်တဲ့အခါ လောလောလတ်လတ် ရေတိုအကျိုးအမြတ်ရရှိရေးကိုလည်း အာရုံစိုက်ကြတာကို တွေ့ရပါတယ်။ သူတို့ဟာ ရေရှည်ကို မျက်ခြည်ပြတ်မခံဘဲ တစ်နေ့ချင်းစီမှာ အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်နေကြတာပဲဖြစ်တယ်။
အထက်ပါခေါင်းစဉ်ပါ အချက်နဲ့ပတ်သက်ပြီး ဆွန်ဇူးက (သူ့ခေတ်ကာလကဖြစ်ရပ်တွေကို ထောက်ပြကာ) အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။
''ယေဘုယျအားဖြင့် စစ်ဆင်ရေးတွေလုပ်ကြရတဲ့အခါ အမြန်စစ်ရထားစီးရေတစ်ထောင်၊ ဝန်လေးတင်တဲ့ စစ်ရထားတစ်ထောင်၊ ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ တပ်ဖွဲ့ဝင်တစ်သိန်း၊ ရိက္ခာတွေကို မိုင်ပေါင်းများစွာ သယ်ယူပို့ဆောင်ပေးကြရတယ်။ မူးယစ်ဆေးအဖြစ်ရှူဖို့ကော်တွေ၊ အရက်တွေအတွက် ကုန်ကျငွေတွေ၊ ပြည်ထဲရေးအတွက်ရော စစ်မြေပြင်အတွက်ပါ သုံးရတဲ့ငွေတွေ၊ နိုင်ငံတော်ဧည့်သည်တွေနဲ့ သံတမန်တွေကို ဧည့်ခံစရိတ်တွေ၊ စစ်ရထားတွေနဲ့ ချပ်ဝတ်တန်ဆာတွေ မပျက်စီးရအောင် ထိန်းသိမ်းထားရတဲ့ စရိတ်တွေ၊ အဲဒီဟာတွေအတွက် သုံးရတဲ့ ငွေစုစုပေါင်းဟာ (တစ်နေ့တစ်နေ့ပိုက်ဆံအဖြစ်သုံးရတဲ့ ရွှေစတွေဟာ တစ်ထောင်လောက် ရှိတယ်။
တပ်သားတစ်သိန်းရှိတဲ့ စစ်တပ်ကို အဲဒီလောက်သုံးဖို့ ငွေလက်ထဲမှာမရှိရင် ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး။
အထက်ပါဆွန်ဇူးရဲ့ အဆိုအမိန့်ကို မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .
စီးပွားရေးလုပ်ငန်းတွေ ရှေရည်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့ Resources တွေမှာ ရင်းနှီးမြှုပ်နှံပါ။
Home Depot ၊ Best Buy စတဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေဟာ ဈေးကွက်တွေကို လွှမ်းမိုးနိုင်ရေးအတွက် အထက်ပါအချက်ကို နားလည်ကြပါတယ်။ ဈေးကွက်မှာ ကုန်ပစ္စည်းအမယ်ပေါင်းများစွာကို သူများတွေထက် ပိုထုတ်ပြီးရောင်းချကာပေါက်တဲ့ ဈေးထက်နည်းတဲ့ ဈေးနဲ့ရောင်းတယ်ဆိုတဲ့ စည်းရုံးမှုတွေနဲ့ ဆောင်ရွက်တဲ့အတွက် ဒီကုမ္ပဏီတွေဟာ ဈေးကွက်ဝေစု အများကြီးရသွားခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတိုင်းဟာ ''ကျုပ်တို့ငွေပြတ်သွားပြီ'' လို့ ညည်းညူလေ့ရှိကြတယ်။ ဒါပေမဲ့ တကယ့်ပြဿနာက စီမံခန့်ခွဲမှု အကြံဉာဏ်အစွမ်းအစ လုံလုံလောက်လောက်မရှိခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း၊ မထုတ်ရတဲ့ ကုန်ပစ္စည်းတွေ ထုတ်မိခြင်း၊ အလုပ်မဖြစ်တဲ့ ဝန်ဆောင်မှုတွေ စတာတွေထဲက တစ်ခုခုဖြစ်ဖို့ များပါတယ်။ လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်တဲ့ Resources တွေ မလုံလောက်လို့လည်း ဖြစ်တတ်တယ်။
ဆွန်ဇူးပြောသလို Resources လုံလုံလောက်လောက်မထားလို့ စီးပွားရေးကျဆုံးသွားရတဲ့ လုပ်ငန်းတွေထဲမှာ စတင်ထူထောင်လုပ်ကိုင်ကာစ လေကြောင်းလုပ်ငန်းအများအပြားကိုကြည့်ရင် အထင်အရှားတွေ့ရတယ်။ ဒီကုမ္ပဏီတွေဟာ လုပ်ငန်းအမြတ်အစွန်းမထွက်ခင်မှာပဲ အရင်းအနှီးတွေ ပြတ်သွားတယ်လို့ ကြေညာလေ့ရှိကြတယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းပြဿနာမှန်သမျှဟာ အချိန်တန်တော့ ဘဏ္ဍာငွေကြေးပြဿနာတွေ ဖြစ်လာတော့တာပဲ။ စစ်ပွဲမှာဆိုရင်လည်း Resources အများဆုံးရှိတဲ့ဘက်က အားသာပါတယ်။
Resources လုံလုံလောက်လောက်ရှိရေးဟာ အထူးသဖြင့် စတင်လုပ်ကိုင်စ စီးပွားရေးတွေအတွက် အင်မတန်အရေးကြီးတယ်။ စီးပွားရေးအခြေအနေတွေ ကျဆင်းသွားတဲ့အခါမျိုးမှာဆိုရင် အရှိန်ရပြီးသားဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဆက်လက်ဝယ်ယူသုံးစွဲကြမယ့် ဖောက်သည်တွေ အခိုင်အမာရှိကြပေမယ့် ခုမှစတင်ရတဲ့ လုပ်ငန်းရှင်တွေမှာတော့ အဲဒီလိုဖောက်သည်မျိုးတွေ မရှိဘူး။ ဒါပေမဲ့ ကုမ္ပဏီတွေဟာ ရွေးချယ်စရာတွေနဲ့ ရင်ဆိုင်ကြရတယ်။ Intel ကုမ္ပဏီရဲ့ လက်ရှိ CEO က Intel ရဲ့ CEO တိုင်းဟာ အများကြီးစွန့်စားလုပ်ရတဲ့ အလုပ်မျိုး အနည်းဆုံးတစ်ခုတော့ လုပ်ကြတာပါပဲ'' လို့ ဆိုတယ်။
အောင်မြင်ချင်ရင် သူများထက်သာဖို့ လိုပါတယ်။ တကယ်အောင်မြင်ရမယ်လို့ သန္ဒိဌာန်ချထားရင် ဘယ်လောက်ထိ သာရမလဲဆိုတာတော့ အများဆုံးသတ်မှတ်ချက်မရှိပါဘူး။ ဒါပေမဲ့ Resources တွေကို တအားကြီးမဆင်မခြင် မသုံးသင့်ဘူး။ Resources တွေ ကုန်ခမ်းပြီး နောက်ထပ်လည်း မဖြည့်နိုင်တော့ရင် ဒေဝါလီ ခံရကိန်းဆိုက်သွားမှာ ဖြစ်ပါတယ်။
ညွန့်သောင်း