SCG အမြတ်ရာခိုင်နှုန်းကျဆင်း

၂၀၂၂ ခုနှစ်ပထမနှစ်ဝက်ကာလအတွင်း ဆီရော ကုန်ကြမ်းဈေးနှုန်းတွေရော မြင့်တက်လာတဲ့ဲဒဏ်ကြောင့် ဘိလိပ်မြေထုတ်လုပ်သူ SCG ဟာ အမြတ်ကျဆင်းခဲ့ပါတယ်။ SET (Stock Exchange of Thailand) စာရင်းဝင် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဘိလိပ်မြေထုတ်လုပ်သူနဲ့ စက်မှုလက်မှုလုပ်ငန်းစုကြီးဖြစ်တဲ့ Siam Cement Group (SCG) ဟာ ပမာဏအားဖြင့်ဆိုရင်တော့ နှစ်အလိုက်တိုင်းတာချက်တွေနှိုင်းယှဉ်မှုအရ ၄၁ ရာခိုင်နှုန်းလျော့ကျသွားတာဖြစ်ပြီး ၁၈.၇ ဘီလီယံ ဘတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းမြင့်တက်တာ၊ ကုန်ကြမ်းတွေဈေးမြင့်တက်လာတာတွေက SCG ရဲ့ ဓာတုဆိုင်ရာလုပ်ငန်းတွေကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပြီး SCG ရဲ့ President နဲ့ CEO ဖြစ်သူ Roongrote Rangsiyopash က စတော့ရှယ်ယာကနေရတဲ့အမြတ်ဝေစုနှုန်းတွေလည်း ကျဆင်းဖို့ရှိနေတယ်လို့ မှတ်ချက်ပြုထားကြောင်းသိရပါတယ်။ သူက ကမ္ဘာ့စီးပွားရေးအနေနဲ့ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဆက်ပြီး မသေချာမရေရာဖြစ်နေဖို့ပဲရှိတယ်။ ဒီအချိန်ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အရေးကြီးတဲ့အချိန်ပါပဲလို့ ဆိုပါတယ်။


ထိုင်းနိုင်ငံအနေနဲ့လည်း ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုရဲ့အကျိုးသက်ရောက်မှုတွေထဲကတစ်ခုဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖို့ကြိုးစားနေရတာဖြစ်ပါတယ်။


SCG အနေနဲ့ အမြတ်ရာခိုင်နှုန်းလျော့ကျသွားပေမယ့် တခြားနှစ်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း ဝင်ငွေက ၁၉ ရာခိုင်နှုန်းတိုးတက်ကာ ဘတ်ငွေ ၃၀၅ ဘီလီယံဝန်းကျင်ရရှိခဲ့တယ်လို့ဆိုပါတယ်။ လုပ်ငန်းခွဲအားလုံးမှာ အရောင်းပမာဏတက်လာတာနဲ့ ဈေးကွက်နှုန်းထားနဲ့ကိုက်ညီအောင် ထုတ်ကုန်တွေရဲ့ဈေးနှုန်းတွေမြှင့်တင်နိုင်ခဲ့မှုတို့ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။


ဒီနှစ်ရဲ့ စီးပွားရေးအနေအထားတွေအရ ယခင်က ၂၀၂၂ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ကို ဘတ်ငွေ ၈၀ ဘီလီယံအဖြစ်လျာထားခဲ့ရာကနေ အခုတော့ ၇၀ ဘီလီယံကို လျှော့ချလိုက်တယ်လို့လည်းသိရပါတယ်။ ကုမ္ပဏီအနေနဲ့ အရင်းပေါ်မြန်တဲ့ လုပ်ငန်းမျိုးမှာပဲ ရင်းနှီးမြှုပ်နှံဖို့ ဒါမှမဟုတ် အကျိုးတူပူးပေါင်းဖို့/ဝယ်ယူဖို့စဉ်းစားသွားမှာဖြစ်တယ်လို့ Mr Roongrote က ပြောပါတယ်။
၂၀၂၂ ခုနှစ် ပထမ ခြောက်လတာကာလအတွင်းမှာတော့ ရင်းနှီးမြှုပ်နံမှုဘတ်ဂျက်ထဲကနေ ၂၂.၄ ဘီလီယံဘတ်ကိုအသုံးပြုထားခဲ့ အဲဒီပမာဏရဲ့ ၅၈ ရာခိုင်နှုန်းက ဓာတုလုပ်ငန်း၊ ၂၃ ရာခိုင်နှုန်းက ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ ၁၄ ရာခိုင်နှုန်းကတော့ ထုတ်ပိုးမှုလုပ်ငန်းနဲ့ ကျန် ၅ ရာခိုင်နှုန်းကိုတော့ အခြားနေရာတွေမှာအသုံးပြုခဲ့တာဖြစ်ပါတယ်။


ဘတ်ဂျက်ရဲ့ ငွေအများစုကိုတော့ ဗီယက်နမ်နိုင်ငံက Long Son Petrochemicals (LSP) complex project ဖော်ဆောင်ရေးနေရာမှာအသုံးပြုခဲ့တာဖြစ်ပါတယ်။ LSP စီမံကိန်းဟာ အခုဆိုရင် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ ၂၀၂၃ ခုနှစ်ပထမနှစ်ဝက်မှာ စီးပွားဖြစ်လုပ်ငန်းစတင်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားတဲ့ project တစ်ခုလည်းဖြစ်ပါတယ်။ LSP စီမံကိန်းဟာ SCG လုပ်ငန်းစုကြီးရဲ့ petrochemical ဆိုင်ရာလုပ်ငန်းခွဲဖြစ်တဲ့ SCG Chemicals အတွက် ဝင်ငွေတိုးတက်စေဖို့ အဓိကနေရာကနေ လုပ်ဆောင်ပေးနိုင်မယ်လို့ ကုမ္ပဏီက ယုံကြည်ထားပါတယ်။ ဒီစီမံကိန်းဟာ SCG ရဲ့ အာဆီယံနိုင်ငံတွေအတွင်းနဲ့ ဗီယက်နမ်နိုင်ငံအတွင်းက အကြီးဆုံးသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလည်းဖြစ်ပါတယ်။


လက်ရှိမှာတော့ SCG အနေနဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေတွေကို အနီးကပ်လေ့လာစောင့်ကြည့်ကာ ကုန်ကျစရိတ်လျှော့ချခြင်းနဲ့ Value-added ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုဖော်ဆောင်နေခြင်းနဲ့ ကုန်ဆုံးမသွားနိုင်မယ့် သဘာဝစွမ်းအင်တွေကိုပိုမိုအသုံးချလုပ်ကိုင်ခြင်းတို့အပါအဝင် ကုမ္ပဏီပိုမိုခိုင်မာအားကောင်းလာစေမယ့် အဓိကလုပ်ငန်းအစီအစဉ်တွေကို လိုက်လျောညီထွေအောင်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

Ref : BKK Post