မိမိရဲ့ကုန်ပစ္စည်းကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ လူတွေ စိတ်ဝင်စားလာအောင် တစ်နေရာရာမှာစုပြီး ရှင်းလင်းတင်ပြတာကို (Sales Presentation) လို့ ခေါ်ကြတာဖြစ်ပါတယ်။ အဲဒီလို Sales Presentation ပွဲကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ နည်းလမ်း ၆ သွယ်ကို တင်ပြလိုက်ပါတယ်။
Whiteboard တစ်ခုပေါ်မှာ အမည်းစက်ကလေးတစ်စက်ရေးထားပြီး ကြွရောက်လာတဲ့ပရိသတ်ကို ဘာမြင်ကြသလဲလို့ မေးကြည့်စမ်းပါ။ ''အမည်းစက်ကလေး'' လို့ အများစုက ဖြေကြမှာပဲ။ ဒါဟာ စိတ်ဝင်စားစရာကောင်းတယ်။ သူတို့ကြည့်နေကြတာက အဲဒီ Whiteboard ရဲ့ ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်းကို ကြည့်နေကြတာပါ။ ဒီအမည်းစက်သေးသေးလေးကို ကြည့်နေကြတာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့မြင်တော့ အမည်းစက်လေးပဲဖြစ်နေပါတယ်။
ဒီဥပမာထဲမှာပါတဲ့ Whiteboard ဟာ ကျွန်တော်တို့ရဲ့ ပရိသတ်ဖြစ်တယ်။ အဲဒီ Whiteboard ကိုပဲ ကျွန်တော်တို့က အာရုံစိုက်ရမှာဖြစ်တယ်။ အမည်းစက်ကလေးကို အာရုံစိုက်ရမှာမဟုတ်ဘူး။ ဒါကြောင့် ဒီလိုပွဲမျိုးမှာ ရည်ရွယ်ချက်ကို ထိရောက်စွာ တင်ပြနိုင်ဖို့အတွက် အောက်ပါအချက် ၆ ချက်ကို လေ့လာနိုင်ပါတယ်။
၁။ လာရောက်နားထောင်ကြသူတွေကို တစ်ဦးချင်းသိဖို့လိုတယ်။ သူတို့နာမည်၊ ရာထူး၊ ဘာတာဝန်လဲ၊ လုပ်သက် ဘယ်လောက်ရှိသလဲဆိုတာတွေပေါ့။
၂။ တက်ရောက်နားထောင်သူတွေဟာ သင်တင်ပြတဲ့အချက်အလက် အများကြီးထဲကမှ အလွန်ဆုံးနှစ်ချက်လောက်ပဲ မှတ်မိသွားကြမှာဖြစ်တယ်။ တစ်ဦးချင်းကို အာရုံမစိုက်ဘဲ တင်ပြသွားတဲ့အခါ ဒီလူတွေ ငါပြောတာသိသွားကြပြီလို့ ထင်မှာပဲ။ ဒါကြောင့် တစ်ဦးချင်းအတွက် အချက်တစ်ချက်ကိုပဲ အာရုံစိုက်တင်ပြပါ။
၃။ အရင်တုန်းက ဖုန်းနဲ့ဖြစ်ဖြစ်၊ အီးမေးလ်နဲ့ဖြစ်ဖြစ် အစည်းအဝေးမှာဖြစ်ဖြစ် ကြားသိခဲ့ရသမျှတွေထဲက မိမိနဲ့အဆက်အသွယ်လုပ်နိုင်ဖို့ အလားအလာ ရှိတဲ့သူတွေရဲ့ ပြောစကားတွေ၊ အချက်အလက်တွေကို အကွက်စေ့အောင် ချိတ်ဆက်သုံးသပ်ပါ။ ဆိုကြပါစို့ ပြီးခဲ့တဲ့ အစည်းအဝေးတုန်းက John ဆိုတဲ့သူကို အခုပွဲမှာ ပြောကြားသင့်တာက ''John အဲဒီတုန်းက ခင်ဗျားအတွက် အဓိကကျတဲ့ကိစ္စက ဝန်ထမ်းဦးရေ လျော့ချရတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အခုဒီပွဲမှာ အဲဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုထူးထူးခြားခြား ချဉ်းကပ်ဆောင်ရွက်သွားမလဲဆိုတာ အလေးထားတင်ပြသွားမှာ ဖြစ်ပါတယ်'' စသဖြင့် ပြောပြသင့်တယ်။ အဲဒီလို အချက်အလက်တွေကို အချိတ်အဆက်မိမိ ဆွဲယူပြီးပွဲမှာ ဂဃနဏ တင်ပြသွားသင့်တယ်။
၄။ ကုမ္ပဏီဆိုတာက သက်မဲ့တွေပါ။ တကယ်တမ်းက လူအချင်းချင်းအရောင်းအဝယ် လုပ်နေကြတာပဲ ဖြစ်ပါတယ်။ အထက်က ဥပမာထဲမှာပါသလို လူနာမည်ကို အတတ်နိုင်ဆုံးခေါ်ဆိုပြီး တင်ပြရင်း တင်ပြတဲ့ပွဲမှာ တင်ပြတဲ့အချက်အလက်တွေက ပရိသတ်ထဲက တစ်ဦးချင်းရဲ့လိုအပ်ချက်နဲ့ အံကိုက်ဖြစ်သင့်တယ်။ သူတို့ရဲ့ စကားသံတွေကိုလည်း နားထောင်ပါတယ်ဆိုတာကို သိအောင်ပြုလုပ်ပါ။
၅။ ပရိသတ်နဲ့ အပြန်အလှန်စကားပြောတာမရှိဘဲ Shide ပုံ ဆက်တိုက်ထိုးပြတာကို နှစ်ခါထက်ပို မလုပ်သင့်ဘူး။ တင်ပြပွဲမှာ Powerpoint ပဲသုံးသုံး၊ ဘာပဲသုံးသုံးအရေးကြီးတာက ပရိသတ်နဲ့ မကြာခဏ အပြန်အလှန်စကားပြောဖို့လိုတယ်။ ဒါမှလည်း ပရိသတ်နဲ့ ချိတ်ဆက်မိမှာဖြစ်တယ်။ ဒါပြင် နောက်ဆက်တွဲ ပေါ်ထွက်လာတဲ့ကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်တယ်။
[caption id="attachment_24951" align="alignnone" width="296"]Murder Board နည်းကို သုံးပါ[/caption]
၆။ မိတ်ဆက်တင်ပြတဲ့ပွဲမှာ Murder Board နည်းကို သုံးသင့်တယ်။ ဒီနည်းကတော့ ပရိသတ်တွေက သိချင်လို့ စေ့စေ့စပ်စပ်မေးတတ်တဲ့မေးခွန်းတွေကို ကြိုတင်မှန်းဆထားပြီး ဘယ်လိုအေးအေးဆေးဆေး ပြောရမလဲဆိုတာ ကြိုတင်စဉ်းစားထားတာပါ။ ဒီနည်းကို မဖြစ်မနေသုံးရမှာဖြစ်ပါတယ်။
အဓိကအချက်ကတော့ ပရိသတ်တွေရဲ့ ခေါင်းထဲဝင်ကြည့်ဖို့ ဖြစ်တယ်။ သူတို့ရဲ့ အတွေးအမြင်တွေကို သိဖို့လိုတယ်။ ကိုယ့်ဘက်ကချည်း မတွေးသင့်ဘူး။ အတွေးအမြင်ပြောင်းလိုက်ရင် အောင်မြင်မှုလည်း လိုက်လာမှာဖြစ်တယ်။
ညွန့်သောင်း