CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီး ဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (Myanmar Rice Miller's Association( MRMA)) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်နဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
အသင်းဖြစ်ပေါ်လာပုံ . . .
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဟာ လက်ရှိမှာ တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ မြို့နယ်အသင်းပေါင်း ၁၂၅ သင်းနဲ့ ဆန်စက်အသင်းဝင်ပေါင်း ၁၅,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အသင်းအနေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေကို အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍကြားမှာရှိတဲ့ လုပ်ငန်းကဏ္ဍဆိုင်ရာ အခက်အခဲတွေကို ညှိနှိုင်းဆောင်ရွက်တာတွေ၊ ပေါင်းကူးဆောင်ရွက်တာတွေကို လုပ်ဆောင်ပေးနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်လုပ်ငန်းကဏ္ဍဟာ ၁၉၃၀ ပြည့်နှစ်လောက်ကတည်းက ဖွံ့ဖြိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကမ္ဘာ့ဆန်လိုအပ်ချက် ခြောက်သန်းမှာ သုံးသန်းလောက်ကို မြန်မာနိုင်ငံက တင်ပို့ပေးနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးကာလမှာ ဆန်စက်အသင်းကို စတင်တည်ထောင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာတော့ ဆန်စက်အသင်းတွေ ရပ်တည်လို့မရတဲ့ အခက်အခဲတွေရှိခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်ကျမှ ဆန်စက်အသင်းကို ပြန်လည်မှတ်ပုံတင်နိုင်ခဲ့ပါတယ်။
လက်ရှိဆောင်ရွက်နေတာတွေ . . .
ကျွန်တော်တို့အသင်းမှာ လစဉ်ပုံမှန် CEC ၊ EC အစည်းအဝေးတွေပြုလုပ်ပြီး ဆန်စပါးထွက်ရှိမှုတွေ၊ ကြိတ်ခွဲမှုတွေ၊ ဆန်စပါးဈေးကွက် အခြေအနေတွေကို ညှိနှိုင်းသုံးသပ်တယ်။ တိုင်းနဲ့ပြည်နယ်ထဲမှာရှိနေတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေကြားမှာရှိနေတဲ့ ဆောင်ရွက်ရန်ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်တယ်။ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့ ကိစ္စတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဥပမာ- ပြည်တွင်းဆန် လွတ်လပ်စွာသယ်ယူခွင့်ဆိုင်ရာကိစ္စ၊ ဆန်ကြိတ်ခွဲတဲ့ကိစ္စ၊ ဆန်ဈေးနှုန်း၊ စပါးဈေးနှုန်းတွေ ကြီးမြင့်တဲ့အခါ၊ ဈေးကျသွားတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ဈေးကွက်ပြန်လည်မြှင့်တင်မလဲ၊ နိုင်ငံတကာနဲ့ ဈေးကွက်ကို ဘယ်လိုပေါင်းစပ်ညှိနှိုင်းပြီး ဈေးကွက်ကို ပြန်မြှင့်တင်နိုင်မလဲဆိုတဲ့ ကိစ္စတွေ၊ ဆန်စက်လုပ်ငန်းရှင်တွေကို အသိပညာဖြန့်ဖြူးပေးတဲ့ ကိစ္စတွေ၊ ဈေးကွက်ပိုင်းဆိုင်ရာချိတ်ဆက်တဲ့ကိစ္စတွေကို အသင်းအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။
ပြည်တွင်း၊ ပြည်ပနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာတွေက . . .
ပြည်တွင်းမှာဆိုရင်တော့ ကျွန်တော်တို့အသင်းဟာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့အောက်မှာ ညီနောင်အသင်းအနေနဲ့သော်လည်းကောင်း၊ UMFCCI အောက်မှာ ညီနောင်အသင်းအနေနဲ့သော်လည်းကောင်း ရပ်တည်ပြီးတော့ ဗဟိုအသင်းအနေနဲ့ ရှိပါတယ်။ နောက်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ တိုင်းနဲ့ပြည်နယ်အသင်းခွဲတွေ ဖွဲ့ထားသလို မြို့နယ်တွေမှာလည်း အသင်းခွဲတွေ ဖွဲ့ထားပြီး အသင်းရဲ့လုပ်ငန်းစဉ်တွေကို ချိတ်ဆက်ဆောင်ရွက်နေပါတယ်။
ဒီအသင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ World Bank ၊ IFC ၊ KoTRa ၊ Jica ၊ KOICA ၊ Jetro ၊ JerI စတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတဲ့အပိုင်းတွေ၊ နည်းပညာဖလှယ်တဲ့အပိုင်းတွေ၊ နိုင်ငံတကာအကူအညီနဲ့ နိုင်ငံတကာဈေးကွက်ကို ချိတ်ဆက်တဲ့အပိုင်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဒါအပြင် နိုင်ငံတကာကလာတဲ့ ဆန်စက်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ ဆန်စက်ထုတ်လုပ်တဲ့ကုမ္ပဏီ၊ ဆန်စက်ပစ္စည်း ရောင်းချတဲ့ကုမ္ပဏီတွေနဲ့ နိုင်ငံတကာဆန်လုပ်ငန်းဆိုင်ရာ နည်းပညာကုမ္ပဏီတွေနဲ့လည်းတွေ့ဆုံပြီး ဈေးကွက်ဖြန့်ဖြူးတာတွေ၊ ချဲ့ထွင်ပေးတာတွေ ပြုလုပ်ပေးနေပါတယ်။
ဆန်စက်လုပ်ငန်းရှင်တွေဟာ ဆန်တင်ပို့ရောင်းချတာတွေကိုကော လုပ်ကိုင်ပါသလား။ ဘယ်နိုင်ငံတွေကို အဓိကတင်ပို့ရောင်းချနေပါသလဲ . . .
မြန်မာနိုင်ငံမှာ Export လုပ်ငန်းနဲ့ ဆန်စက်လုပ်ငန်းကို တွဲလုပ်နေတဲ့ လုပ်ငန်းရှင်တွေ ရှိပါတယ်။
လက်ရှိမှာ ကျွန်တော်တို့က တရုတ်နိုင်ငံဈေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို နယ်စပ်ကနေတစ်ဆင့် တင်ပို့ပါတယ်။ ဒီနှစ်မှာတော့ အာဖရိက၊ ဥရောပ၊ ရုရှား၊ စင်ကာပူ၊ မကာအို၊ မလေးရှားနဲ့ ဟောင်ကောင်ဈေးကွက်တွေကိုလည်း တင်ပို့နေပါတယ်။ ဆန်စက်လုပ်ငန်းရှင်တွေဟာ ဆန်စက်ကထွက်တဲ့ ဆန်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ပြည်တွင်းမှာရောင်းချပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ ပြည်ပကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်လုပ်မှုတန်ချိန် ၁၅ သန်းလောက်မှာ ဆယ်သန်းကျော်လောက်က ပြည်တွင်းစားသုံးမှုနဲ့ ပြည်တွင်းကုန်ကြမ်းအတွက်ကိုသုံးပြီး ပိုလျှံတဲ့ တစ်သန်းခွဲ၊ နှစ်သန်းလောက်ကိုပဲ နိုင်ငံတကာကို တင်ပို့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းဆန်စားသုံးမှုနှုန်းက ၈၅ ရာခိုင်နှုန်းလောက်ရှိပြီး ပြည်ပကို ဆန်တင်ပို့တာကတော့ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံက ဆန်စက်လုပ်ငန်းရှင် တော်တော်များများက ပြည်တွင်းစားသုံးဖို့အတွက်ကိုပါ ကြိတ်ခွဲရောင်းချနေတာဖြစ်ပါတယ်။ ပြည်ပကို သီးသန့်တင်ပို့နေတဲ့သူတွေလည်း ရှိပါတယ်။
၂၀၁၆ ခုနှစ်မှာ ကြိတ်ခွဲခဲ့ရတဲ့ ဆန်တန်ချိန်ပေါင်း . . .
အတိအကျတော့ ပြောလို့မရပါဘူး။ ကျွန်တော်တို့ ဆန်စက်တွေက ထွက်သမျှစပါးတွေအကုန်လုံးကို ကြိတ်ခွဲတာပါပဲ။ ဒီလိုကြိတ်ခွဲမှလည်း ဆန်ဖြစ်တာဖြစ်ပါတယ်။ စပါးကို ဒီအတိုင်းချည်းပဲ သုံး၊ လေး၊ ငါးနှစ် သိမ်းထားလို့မရပါဘူး။ သိမ်းထားမယ်ဆိုရင်တောင် အလွန်ဆုံး တစ်နှစ်ပဲ သိမ်းထားလို့ရပါတယ်။ ဒါကြောင့် ဆန်တန်ချိန် ၁၅ သန်းထွက်ရင် ၁၅ သန်း ကြိတ်ရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာက ဒေသ၊ လုပ်ငန်းနဲ့ ဈေးကွက်အခြေအနေပေါ်မူတည်ပြီး ဆန်ကြိတ်ရတဲ့ ပမာဏနှုန်းတွေ ကွဲပြားတာတွေလည်း ရှိပါတယ်။ အဓိကအနေနဲ့ စပါးအသစ်ပေါ်တဲ့အချိန်တွေမှာ ကြိတ်ရတာများပြီး သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာတော့ ကြိတ်ရတာ နည်းပါတယ်။ အဲဒီအချိန်ဟာ စပါးနည်းသွားတဲ့အချိန်ဖြစ်ပြီး စပါးဈေးတွေလည်း ကောင်းလာတဲ့အချိန် ဖြစ်ပါတယ်။ တချို့ကျတော့လည်း အဲဒီအချိန်ကို စောင့်ပြီးတော့ ကြိတ်ပြီးတော့ တင်ပို့ရောင်းချတာရှိပါတယ်။
စပါးကို မကြိတ်သေးဘဲ ထိန်းသိမ်းထားမယ်ဆိုရင် ဘယ်အချက်တွေကို လိုက်နာဖို့လိုသလဲ . . .
စပါးဟာ တခြားကုန်ပစ္စည်းတွေနဲ့ မတူတဲ့အနေအထား ရှိပါတယ်။ စပါးကို မကြိတ်သေးဘဲ ရေရှည်ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ စပါးရဲ့အစိုဓာတ်ဟာ ဒီဂရီ ၁၄ အောက်မှာရှိမှ မပျက်မစီးဘဲ ထိန်းသိမ်းထားသိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကိုလည်း စနစ်တကျနဲ့ စပါးကိုခြောက်သွေ့အောင်လုပ်ပြီး ထိန်းသိမ်းမှသာ ကြိတ်တဲ့အခါမှာ အကောင်းအတိုင်းရတာ ဖြစ်ပါတယ်။ အစိုဓာတ်ရှိနေတဲ့ စပါးဟာ အထားမခံပါဘူး။ ကြိတ်လိုက်တဲ့အခါမှာလည်း တစ်ပတ်လောက်အကြာမှာ ဆန်တွေက ဝါသွားတာတွေ၊ ကြေသွားတာတွေ၊ ဆန်ကွဲဖြစ်သွားတာတွေ၊ ပျက်စီးသွားတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုမဖြစ်စေဖို့အတွက် စပါးကို အခြောက်ခံစက်တွေနဲ့ ထိန်းသိမ်းရပါတယ်။ စနစ်တကျနဲ့ သိမ်းထားနိုင်မှလည်း အရည်အသွေးကောင်းပြီး အကြိတ်ခံနိုင်တဲ့ စပါးကိုရမှာ ဖြစ်ပါတယ်။
အသင်းကနေ အသင်းဝင်တွေကို ပံ့ပိုးပေးနေတာတွေ . . .
အသင်းဝင်တွေကို ဆန်စက်လုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို အစည်းအဝေးပြုလုပ်တဲ့အခါတွေမှာအပြင် Social Media ကနေတစ်ဆင့်လည်း မျှဝေပေးနေတာတွေ ရှိပါတယ်။
ဒါအပြင် နိုင်ငံတကာမှာပြောင်းလဲနေတဲ့ အနေအထားတွေ၊ ထုတ်လုပ်မှုပုံစံတွေ၊ အသိပညာတွေ၊ နည်းစနစ်တွေ၊ ဈေးကွက်တွေကိုသိနိုင်ဖို့နဲ့ နိုင်ငံတကာဖြစ်စဉ်တွေကို အတုယူလေ့လာနိုင်ဖို့ အသင်းဝင်တွေကို နိုင်ငံတကာခရီးစဉ်တွေ ခေါ်သွားတာတွေ၊ နိုင်ငံတကာနဲ့ မိတ်ဆက်ပေးတာတွေကို အသင်းအနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်ပကိုဆန်တင်ပို့မှုက နိုင်ငံတကာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် . . .
ထိုင်းဆိုရင် တစ်နှစ်ကို တန်ချိန်ဆယ်သန်းလောက်ကို ထုတ်ရောင်းနေပါတယ်။ ဗီယက်နမ်ဆိုရင်လည်း တန်ချိန်ခုနစ်သန်းခွဲလောက် ရောင်းတယ်။ မနှစ်ကတော့ ထိုင်းက ၆ ဒသမ ၉ သန်းလောက်ရောင်းတယ်။ အိန္ဒိယတို့၊ ပါကစ္စတန်တို့ကလည်း ရောင်းတယ်။ တရုတ်ကျတော့ ဝယ်လည်းဝယ်တယ်၊ ရောင်းလဲရောင်းတယ်။ သူက သူ့နိုင်ငံရဲ့ လိုအပ်ချက်အရ တစ်နှစ်ကို ဆန်ငါးသန်းလောက် လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကျတော့ ပြည်တွင်းမှာ စားသုံးပြီး ပိုလျှံတာကိုမှ ပြည်ပကို ပို့တာဖြစ်တဲ့အတွက် ပြည်ပကိုရောင်းတာ တစ်သန်းခွဲလောက်ပဲရှိပါတယ်။ ၃ ဒသမ ၈ သန်းဆိုတာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြည်ပကို အများဆုံးတင်ပို့နိုင်ခဲ့တဲ့ ပမာဏဖြစ်ပါတယ်။ နှစ်သန်းကနေ သုံးသန်း၊ သုံးသန်းကနေ ငါးသန်းပို့နိုင်ဖို့ဆိုတာ ကျွန်တော်တို့ တော်တော်လုပ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းက ပြည်ပကို ဆန်တင်ပို့ရောင်းချနေတာတော့ မဟုတ်ပါဘူး။ ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားနိုင်ငံတို့ကျတော့ နိုင်ငံရဲ့အနေအထားအရ ဆန်အများကြီး စိုက်လို့မရတဲ့အတွက် သူတို့တွေက ဆန်ကို ပြည်ပကနေ ဝယ်သုံးနေကြပါတယ်။ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေကတော့ ဆန်များများစိုက်ကြပါတယ်။ ကမ္ဘာ့ဆန်လိုအပ်ချက်ကို အရှေ့တောင်အာရှနိုင်ငံတွေက ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆန်တင်ပို့မှုနှုန်းများလာအောင် ဘာတွေပြုလုပ်ဖို့လိုနေပါသလဲ . . .
ကျွန်တော်တို့နိုင်ငံက စပါးစိုက်ပေမယ့် တစ်ဧကကို တင်းငါးဆယ်လောက်ထွက်ဖို့ကိုပဲ အနိုင်နိုင်စိုက်နေရတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာက တစ်ဧကကို တင်းနှစ်ရာ၊ ၂၂၀ လောက်ထွက်အောင် စိုက်နိုင်နေကြပါတယ်။ နိုင်ငံတကာက တစ်ဟက်တာကို ခုနစ်တန်လောက် အနည်းဆုံးထွက်အောင် စိုက်နိုင်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံကတော့ တစ်ဟက်တာကို ငါးတန်လောက်ပဲ အများဆုံးထွက်အောင် စိုက်နိုင်ပါသေးတယ်။
နောက်ပြီး ဗီယက်နမ်နိုင်ငံကိုကြည့်ရင် တစ်နှစ်ကို စပါးနှစ်သီးအနည်းဆုံးထွက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကျတော့ တစ်နှစ်ကိုမှ စပါးနှစ်သီးစိုက်နိုင်တဲ့ ဒေသနည်းနည်းပဲ ရှိပါသေးတယ်။ နောက်ပြီး ကျွန်တော်တို့တွေက အထွက်နှုန်းကလည်း နည်းနေသေးတဲ့အတွက် ဈေးကွက်ပြိုင်ဆိုင်မှုမှာတော့ အားနည်းနေပါသေးတယ်။
ဆန်ကြိတ်တဲ့အခါမှာ ထွက်လာတဲ့ အလေအလွင့် ပစ္စည်းတွေကို ဘယ်လိုအသုံးချနေပါသလဲ . . .
ဆန်ကြိတ်တဲ့အခါမှာ ထွက်တဲ့ ဖွဲနု၊ စပါးခွံ၊ ဆန်ကွဲစတာတွေ ထွက်ပါတယ်။ စပါးခွံကို လောင်စာအနေနဲ့သုံးဖို့အတွက် လာဝယ်ကြသလို ဖွဲနုဆိုရင်လည်း ကြက်စာ၊ ငါးစာတွေ ကျွေးဖို့အတွက် လာဝယ်ကြတာရှိပါတယ်။ ဒီလိုမျိုးသုံးသလို ဖွဲနုကနေ ဖွဲနုဆီထုတ်တာလည်း ရှိပါတယ်။ ဆန်ကွဲကိုဆိုလည်း အရက်ချက်တဲ့နေရာမှာ သုံးသလို ကြက်စာ၊ ငါးစာတွေအတွက်လည်း သုံးတာတွေ ရှိပါတယ်။ ဆန်ကွဲကိုဆို နိုင်ငံခြားကနေလည်း အရက်ချက်ဖို့၊ မုန့်လုပ်ဖို့တွေအတွက် ဝယ်ယူကြတာတွေ ရှိပါတယ်။
ဆန်စက်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ . . .
အခုအခါမှာတော့ အခက်အခဲ ထွေထွေထူးထူးမရှိတော့ပါဘူး။ အရင်ကတော့ ဆန်စက်လုပ်ငန်းတွေက Gasifier တွေသုံးပြီး လည်တဲ့အတွက် အာဆင်းနစ်ဓာတ်များတဲ့ ရေဆိုးတွေထွက်ပြီး ပတ်ဝန်းကျင်က ရေညစ်ညမ်းတာတွေ၊ ငါးတွေ သေကုန်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပတ်ဝန်းကျင်က ဆန်စက်လုပ်ငန်းတွေကို တိုင်တာတွေရှိတာကြောင့် ဌာနဆိုင်ရာတွေက လာစစ်ဆေးတဲ့အခါမှာ အပိတ်ခံရတာတွေ ရှိခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့အသင်းက ဆန်စက်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ပတ်ဝန်းကျင်မထိခိုက်စေဖို့၊ အစိုးရက သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီဆောင်ရွက်ဖို့ အသိပညာပေးတာတွေ ပြုလုပ်ပေးတဲ့အပြင် အစိုးရနဲ့ ဆန်စက်လုပ်ငန်းရှင်တွေအကြား ညှိနှိုင်းဆောင်ရွက်တာတွေ၊ ပေါင်းကူးဆောင်ရွက်တာတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဆက်လက်ဆောင်ရွက်သွားမှာတွေ . . .
လက်ရှိမှာတော့ ကျွန်တော်တို့က တစ်နိုင်ငံလုံးမှာရှိတဲ့ ဆန်စက်စာရင်းကို ကောက်ယူပြီး ဆန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို နိုင်ငံတကာရဲ့ သတ်မှတ်စံနှုန်းတွေနဲ့အညီ ကျန်းမာရေးနဲ့ညီတဲ့ စံနှုန်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့၊ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါအပြင် ဆန်စပါးထုတ်လုပ်မှုကဏ္ဍ၊ မျိုးစေ့ကဏ္ဍတွေကို စိုက်ချင်ရာစိုက်ပြီး ကြိတ်ချင်တဲ့နေရာမှာ ကြိတ်နေမယ့်အစား နိုင်ငံတကာဈေးကွက်မှာ လိုအပ်ချက်ရှိနေတဲ့ ဆန်တွေကို ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍကို နောက်တစ်ဆင့်တက်လှမ်းနိုင်အောင် အသင်းအနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။
အယ်ဒီတာအဖွဲ့